တနင်္သာရီတိုင်းမှ တောဆင်ရိုင်း အန္တရာယ်

0
420

အထက်မြန်မာပြည်တွင် ဆင်မုဆိုး တို့၏ သတ်ဖြတ်ခံရမည့်အရေး တောဆင် ရိုင်းများက ကြောက်နေရချိန် တနင်္သာရီ တိုင်းသားတို့က တောဆင်ရိုင်းတို့ အန္တ ရာယ် ကျလာမည်ကို တစ်နေ့ထက် တစ်နေ့ ပိုပို စိုးရိမ်လာနေကြသည်။
အထူးသဖြင့် တောဆင်ရိုင်းများက ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် အတွင်း ဥယျာဉ်ခြံများထဲသို့ ဝင်ရောက် လာခြင်း၊ ကားလမ်းမများပေါ် ဖြတ် သန်းခြင်းများက အခေါက်ရေတစစပိုများ လာပြီး တစ်ခေါက်ထက်တစ်ခေါက် အကောင်ရေ ပိုပိုများလာကြောင်း ဒေသ ခံတောင်သူများနှင့် ကားသမားများက ပြောကြသည်။

ယခင်က တောဆင်ရိုင်းများ ကား လမ်းပေါ်ဖြတ်သည်ကိုတစ်လတွင် ၂ ကြိမ်ခန့်သာတွေ့ရသော်လည်း ယခု အခါတစ်ပတ်တွင်ပင် ၂ ကြိမ်၊ ၃ ကြိမ် ခန့်တွေ့လာရပြီး ရန်ပြုမည်စိုးသဖြင့် ကားပြန်လှည့် ပြေးရသည်အခါများ လည်းရှိကြောင်း မြိတ်နှင့် ထားဝယ် မြို့များမှ ကော့သောင်းကိုပြေးဆွဲနေ သည့်ခရီးသည်တင် ယာဉ်မောင်းသူ အချို့က ဆိုသည်။

“အခုမိုးမကျခင်ကစပြီး တွေ့ရတာ ပိုများလာတယ်။ ကားတစ်စီးထဲဆို ကြက်သီး တောင်ထတယ်။ ဘုရားတပြီး မောင်းနေရတယ်”ဟု ကော့သောင်း ထားဝယ်ပြေးဆွဲသည့် တနင်္သာရီရိုးမ ယာဉ်လိုင်းမှ ယာဉ်မောင်းကိုကျော်သူလင်း က ပြောသည်။
ယာဉ်မောင်းတို့က အကြောင်းမဲ့ ကြောက်နေကြခြင်းမျိုး မဟုတ်ပေ။
ကော့သောင်းမြို့နယ် ကရသူရိမြို့ တွင်ဇွန်လ ၁၁ ရက်ကအသက် ၄၄ နှစ် အရွယ် ဥယျာဉ်စောင့်အမျိုးသားတစ်ဦး ဆင်ရိုင်းနင်းသဖြင့် သေဆုံးခဲ့သည်။

ကရသူရိမြို့အနီး ဥယျာဉ်စောင့် ဝါးတဲကို တောဆင်ရိုင်းက ညဘက် တွင်လာဖျက်ဆီးခဲ့ပြီး ဥယျာဉ်စောင့် အမျိုးသားက တဲနှင့် ၁၅ ပေခန့်အကွာ တွင် ဆီးခုံကိုဆင်နင်းခံရသော ဒဏ်ရာ ဖြင့်သေဆုံးခဲ့ကြောင်း ရဲမှတ်တမ်းများက ဖော်ပြခဲ့သည်။
ထိုသတင်းက ဒေသခံတို့၏ တော ဆင်ရိုင်း အန္တရာယ်ကို စိုးရိမ်မှုရေချိန် ပိုမို မြင့်တက်စေခဲ့သည်။
ယခင်က အမှုမဲ့အမှတ်မဲ့နေခဲ့သော ထိုဒေသတစ်ဝိုက်မှ ဒေသခံတောင်သူများ ညဘက် ဥယျာဉ်တဲ စောင့်လျှင် မီးမ ပြတ်ဖိုခြင်း၊ မီးရှုး၊ မီးပန်း၊ ဗြောက်အိုး များဆောင်ထားခြင်းဖြင့် တောဆင် ရိုင်းများ စိုက်ခင်းနှင့်တဲသို့ လာမ ဖျက်ဆီးရေး ကာကွယ်လုပ်ဆောင် နေကြကြောင်း ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြည်ကြီးမဏ္ဍိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးညီညီထွန်းက ပြောသည်။

ဆင်ရိုင်းများက ယခင်ကတစ် ကောင်စ နှစ်ကောင်စသာ တွေ့သော် လည်း ယခုတွင် ၁၀ ကောင်နှင့်အထက် အုပ်စုဖွဲ့ သွားလာနေတတ်ကြောင်း ဒေသခံအချို့က ဆိုသည်။
တောဆင်ရိုင်းများက ဆီအုန်းတော များကို ဝင်ရောက်စားသောက်ရင်း ကားလမ်းမပေါ် အုပ်စုချီဖြတ်သန်းလာ ကြသည်မှာ ယခင်ထက်ပိုများလာသည် နှင့်အမျှ ကားနှင့်တွေ့လျှင် ကြောက်လန့် ကာ ရန်ပြုသည့် အသွင်ဆောင်လာ တတ်ကြောင်း ကားသမားတို့က ပြော ကြသည်။

“မျက်ကွယ်လမ်းကွေ့တွေကျရင်ဆင်ဖြတ်တဲ့အချိန်နဲ့ဆုံရင်တော့ လန့် ပြီးတော့ နှာမောင်းနဲ့ရိုက်တာတွေတော့ ရှိတယ်၊ မီးရောင်နဲ့အရှိန်နဲ့ဆိုတော့ လန့်ပြီး (ကားဘက်)ပြန်လာတာမျိုး တော့ရှိတယ်၊ ရှေ့တစ်လ(ဇွန်လ)တုန်းကဆိုရင် အခေါက်တိုင်းလိုလို မကြာ မကြာတွေ့တယ်”ဟု မြိတ်-ကော့သောင်း ယာဉ်မောင်း ကိုကျော်မင်းက ပြောသည်။
တောဆင်ရိုင်းများနှင့် တွေ့ချိန် ကားဟွန်းတီးခြင်း၊ ကားမီးထွန်းခြင်း တို့ပြုက ဆင်လိုက်ခြင်းခံရတတ်ကြောင်း တနင်္သာရီရိုးမ ယာဉ်လိုင်းက ယာဉ်မောင်း တစ်ဦးဖြစ်သူ ကိုမိုးမင်းသူက ပြော သည်။

“ဆင်တွေ လမ်းဖြတ်နေချိန်ဆိုကား စက်သတ်ပြီး ရပ်စောင့်နေရတာပေါ့”ဟု ကိုမိုးမင်းသူက ဆိုသည်။
ကားသမားများနှင့် ဒေသခံတို့က ဆင်ရိုင်းအန္တရာယ်ကို တာဝန်ရှိသူများမှ တစ်စုံတစ်ရာကာကွယ်ပေးရန်လိုလားကြောင်း ဖွင့်ဟကြသည်။
ယင်းသို့ တောဆင်ရိုင်းများ စိုက်ခင်း နှင့်ကားလမ်းမပေါ် တက်လာခြင်းတို့ ပိုများလာမှုနှင့်ပတ်သက်၍ လက်ရှိတွင် သတင်းမရသေးကြောင်း သစ်တောဦးစီး ဌာန တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ဇေယျက ပြောသည်။
“သိပ်ပြီးတော့ ဆိုးဆိုးဝါးဝါး ပဋိပက္ခများလာတယ်ဆိုရင်တော့လည်း သက်ဆိုင်ရာ အဆင့်ဆင့်ကို တင်ပြပြီး တော့ ဆင်မောင်းတဲ့အဖွဲ့တွေ၊ ဆင် ဆရာဝန်တွေနဲ့ လိုက်ပြီးတော့မောင်းထုတ်ခြောက်ထုတ်ပေးတာတို့ လုပ်ရမှာ ပေါ့”ဟု တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ဇေယျက ပြောသည်။

ဆင်များကို အတွေ့များလာခြင်းမှာ ဆင်တို့၏ စားကျက်များ ပျက်လာခြင်း ကြောင့် ဖြစ်နိုင်ကြောင်း ဦးကျော်ဇေယျ ကဆိုသည်
ယင်းကြောင့်ဆင်တို့၏ နေရင်း ဒေသများ မပျက်စီးရေး ထိန်းသိမ်း ကာကွယ်ရန် အဓိက ဦးစားပေး လုပ် ဆောင်နေရပြီး သစ်တောပြန်လည်တည် ထောင်ရေး စီးမံကိန်းများအရသစ်တော စိုက်ခင်းများ ပြန်တည်ထောင်နေကြောင်း ဦးကျော်ဇေယျက ပြောသည်။

လက်ရှိတွင် တောဆင်ရိုင်းများ လူများအနီးသို့မလာရန်နှင့်လူကိုအန္တ ရာယ်မပြုနိုင်ရန်အတွက် ဗျောက်အိုး ဖောက်ခြင်း၊ ဝါးအစိမ်းများကို မီးရှို့ပြီး အသံပေးခြင်း၊ ငရုတ်သီးအညှော်နံ့ ပေး ခြင်းများ လုပ်ဆောင်နိုင်ကြောင်း ၎င်းက ဆိုသည်။
“ဆင်တွေ အပြင်ထွက်မလာအောင် တားနိုင်တဲ့ စနစ်တော့မရှိဘူး၊ ဆင်ဆို တာက လုံးဝကာကွယ်ထားတဲ့ တောရိုင်း တိရစ္ဆာန်။ သတ်ဖြတ်ဖမ်းဆီးခွင့်မရှိဘူး၊ သူတို့ရောက်မလာအောင်တားဆီးကာကွယ်နိုင်တဲ့ နည်းလမ်းကိုပဲ လိုအပ်လို့ ရှိရင် ပြောဆိုကြေညာပေးဖို့ ရှိတာပေါ့”ဟု ၎င်းက ပြောသည်။
တောဆင်ရိုင်းများကို တစ်ကျွန်း ပို့ရန် အဆိုတင်ခဲ့ဖူးသော ဘုတ်ပြင်းမဲ ဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ကမူ ဆင်ရိုင်းများအရေး အစိုးရက ကိုင်တွယ်ရခက်ခဲနေသည့် အနေအထားတွင်ရှိသည်ဟု မှတ်ချက်ပြု သည်။

ဘုတ်ပြင်းတစ်ဝိုက်မှ တောဆင် များ၊ ကျားများကို ဖမ်းယူကာအမျိုးသား အဏ္ဏဝါဥယျာဉ် (Marine National Park )ဟု သတ်မှတ်ထားသော လန် ပိကျွန်းတွင်လွှတ်ရန်အဆိုကို လွန်ခဲ့ သည့် ၂၀၁၆ ခုနှစ်နှောင်ပိုင်းကတိုင်း ဒေသကြီး လွှတ်တော်တွင် အစည်းအဝေး တွင် တင်သွင်းခဲ့ပြီး အောင်မြင်ခဲ့သော် လည်း တိုင်းအစိုးရမှတစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်မှု မပြုသေးပေ။
တနင်္သာရီတိုင်းအတွင်း လက်ရှိ တောဆင်ရိုင်း အကောင်ရေမည်မျှရှိ သည်ကို သိပ္ပံနည်းကျ စုံစမ်းထောက် လှမ်းဆဲဟု အပြည်ပြည်ဆိုင်ရာ သစ်ပင် နှင့် သားငါးတိရစ္ဆာန်ထိန်းသိမ်းရေး အဖွဲ့ (FFI- Fauna and Flora International)၏ တနင်္သာရီတိုင်း တာဝန်ခံ ဦးနေမျိုးရွှေက ပြောသည်။

၂၀၀၀ ခုနှစ်ဝန်းကျင်က ထွက်ရှိ ခဲ့သည့် စာရင်းများအရ တနင်္သာရီတိုင်း အတွင်း တောရိုင်းဆင်အကောင်ရေ ၁၀၀ ခန့် ရှိနေပြီး တနင်္သာရီကြိုးဝိုင်း၊ မြင့်မိုရ် လက်ခတ်၊ မောတောင်၊ လေညာနှင့် တနင်္သာရီအမျိုးသားဥယျာဉ်၊ ဘုတ်ပြင်း ခရိုင်တစ်ဝိုက်တို့တွင် ကျက်စားကြောင်း ဦးနေမျိုးရွှေက ဆိုသည်။
၎င်းတို့အနက်အကောင်ရေအများ ဆုံး နေထိုင်ကျက်စားသည်မှာ ဘုတ်ပြင်း ခရိုင်အတွင်းဖြစ်ပြီး ယင်းခရိုင်အတွင်း အကောင် ၅၀ ခန့်ရှိနိုင်ကြောင်း ဦးနေမျိုးရွှေက ပြောသည်။

ဆင်နှင့်လူပဋိပက္ခများ လျှော့ကျ လာရန် အစိုးရ၊ ဒေသခံ၊ အရပ်ဘက် အဖွဲ့အစည်းများ ပူးပေါင်းလုပ်ဆောင်ရ မည့်အပြင် ပြည်ပအကူအညီများပါရယူ ဖြေရှင်းသင့်ကြောင်း ၎င်းကဆိုသည်။
တောရိုင်းဆင်များက အနာတရ ဖြစ်ပါက ပိုမိုရန်မူတတ်သည့်သဘော ရှိသဖြင့် လူတို့က တောရိုင်းဆင်များကို အနာတရဖြစ်အောင် မပြုလုပ်သင့်ဟု ဦးနေမျိုးရွှေက မှတ်ချက်ပြုသည်။
ဆင်များ လူအနီးရောက်လာပါက သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များ က လုံခြုံသည့်အိမ်များတွင်နေထိုင်ကြကာ လူလတ်ပိုင်းများက မီးရှူးမီးပန်းများ ဖောက်ကာ စုဖွဲ့ခြောက်လှန့်မောင်း ထုတ်ရမည်ဖြစ်ပြီး လေးခွ၊ တူးမီး သေနတ်များဖြင့် မပစ်ရန်ပညာပေးမှု များပြုလုပ်နေကြောင်း ၎င်းကပြော သည်။

“တောရိုင်းဆင်ကို သတ်ရင်ထောင် ၁၀ နှစ် အထိ ကျနိုင်တယ်၊ ဒီဥပဒေကို လူသိနည်းနေသေးတယ်”ဟု ဦးနေမျိုးရွှေ က ပြောသည်။
လက်ရှိတွင်မူ တနင်္သာရီတိုင်းသား တို့က တောဆင်ရိုင်းတို့ကို ရန်ရှာ သတ်ဖြတ်ရန်စိတ်ကူးမရှိကြဘဲ ၎င်းတို့ က အန္တရာယ်ပြန်ပြုမည်ကိုသာ စိုးရိမ်နေ ကြသည်။
“စိုးရိမ်နေကြတာပေါ့၊ ဆင်ကို လူကသတ်ရင် လူထောင်ကျမယ့်ဥပဒေ ရှိတယ်၊ ဆင်ကလူကိုသတ်ရင်ဆင် ထောင်ကျမယ့် ဥပဒေမရှိဘူးလေ”ဟု ပြည်ကြီးမဏ္ဍိုင် ရပ်ကွက်အုပ်ချုပ်ရေး မှူး ဦးညီညီထွန်းက ဆိုသည်။