အမိုးနီးယားဓာတ်ငွေ့ ရှုမိပြီး အအေးခန်းအလုပ်သမား ခြောက်ဦး ဆေးရုံရောက်

အမိုးနီးယားဓာတ်ငွေ့ ရူမိပြီး အအေးခန်းအတွင်း အလုပ်လုပ်ကိုင်နေသူ အလုပ်သမား ခြောက်ဦး ဆေးရုံတင်လိုက် ရကြောင်း မြိတ်ခရိုင် ပြည်သူ့ဆေးရုံကြီး နှင့် အလုပ်သမားများထံမှ သိရသည်။

မြိတ်မြို့၊ အင်းလေးမြိုင် စက်မှုဇုန် အတွင်းရှိ အဆောင်ကောင်းအက်ဒမန် ကုမ္ပဏီ၌ ဩဂုတ်လ ၃ ရက် ည ၁၁ နာရီအချိန်က အမိုးနီးယားဓာတ်ငွေ့ ပိုက်လိုင်း ယိုစိမ့်မှုကြောင့် အအေးခန်း အတွင်း အလုပ်လုပ်နေသည့် အမျိုးသမီး ၅ ဦးနှင့် အမျိုးသားတစ်ဦး သတိလစ် မူးဝေအော့အန်ကာ ဆေးရုံသို့ တက် ရောက်ကုသခဲ့ရသည်ဟု အလုပ်သမား များနှင့် ယင်းဆေးရုံကြီးမှ သိရသည်။
ဆေးရုံသို့ အရေးပေါ်တက်ရောက် ကုသသည့် လူနာ ၆ ဦးအနက် ၄ ဦးမှာ ကျန်းမာရေးကောင်းမွန်သဖြင့် ပြန်ဆင်း သွားပြီ ဖြစ်ကာ လက်ရှိ အမျိုးသမီး ၂ ဦးမှာ ဆေးရုံတွင် ကုသခံနေရဆဲဖြစ်သည် ဟု တာဝန်ကျ ဆရာဝန်က ပြောသည်။

“စိုးရိမ်ရတဲ့ အနေအထားတော့ မရှိ တော့ဘူး” ဟု ၎င်းက ပြောသည်။
ယင်းကုမ္ပဏီ၌ အလုပ်သမား ၁၈၀၀ ခန့် ရှိပြီး ဓာတ်ငွေ့ယိုစိမ့်ခဲ့သည့် ကဏန်းပျော့အအေးခန်း၌ အလုပ်သမား ၁၀၀ ခန့် နေ့ဆိုင်း ညဆိုင်းဖြင့် လုပ်ကိုင် နေကြောင်း အလုပ်သမားများက ပြော သည်။
“သက်သာလာပေမဲ့ မူးဝေပြီး အား နည်းသလို ခံစားနေရသေးတယ်”ဟု ဆေးရုံ၌ တက်ရောက်ကုသခံနေရသူ အသက် ၂၂ နှစ်အရွယ်ရှိ မရှုဝါက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး အဆောင်ကောင်းကုမ္ပဏီသို့ သွားရောက် ခဲ့ရာ ကုမ္ပဏီ၏ တာဝန်ရှိသူများနှင့် တွေ့ဆုံခွင့် မရရှိခဲ့သဖြင့် တယ်လီဖုန်း ဖြင့် ဆက်သွယ်ခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပေ။
အဆောင်ကောင်း အက်ဒမန် ငါး မုန့်ကြိတ်စက်ရုံနှင့် အအေးခန်း၌ လွန်ခဲ့ သည့် ၆ နှစ်ခန့်ကလည်း ယင်းကဲ့သို့ အမိုးနီးယား ပိုက်ပေါက်ကာ အမျိုးသမီး ဝန်ထမ်း ၅၀ နီးပါး ဆေးရုံသို့တက်ရောက် ကုသခဲ့ရကြောင်း ယင်းကုမ္ပဏီ အလုပ် သမားများနှင့် လုံခြုံရေး ဝန်ထမ်းဟောင်း များက ပြောပြသည်။

Related Posts