ကန်ဖျားကုန်စိမ်းဈေး နှစ်ကုန်မှ ပြောင်းတော့မည်

0
416

မြိတ်မြို့၊ ကန်ဖျားရပ်ကွက်ရှိ အသီး အရွက် ကုန်စိမ်းဈေး ယခုနှစ်ကုန်မှ ပြောင်းရွှေ့ဖြစ်တော့မည်ဟု မြိတ်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောသည်။

မြိတ်မြို့၊ ရှမ်းချောင်းရပ်ကွက်တွင် အသစ်ဆောက်လုပ်နေသည့် ကုန်စိမ်း ဈေးသို့ ဇူလိုင်လကုန်အတွင်း ပြောင်း ရွှေ့နိုင်ရန် မျှော်မှန်းထားသော်လည်း ဆောက်လုပ်မှု မပြီးသေးသည့်အတွက် ယခုနှစ်ကုန်မှ ပြောင်းဖြစ်တော့မည်ဟု ကော်မတီဥက္ကဋ္ဌက ပြောသည်။
ဈေးဆောက်လုပ်မှု ၈၀ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သော်လည်း လျှပ်စစ် မီးတပ်ဆင်ခြင်း၊ ရေသွယ် တန်းခြင်း၊ ခြံ စည်းရိုး ကာရံခြင်းနှင့် ဈေးပတ်လမ်း ကွန်ကရက်ခင်းခြင်း စသည့် လုပ်ဆောင် မှု မပြီးသေးဟု ၎င်းက ဆိုသည်။

“တိုင်းအစိုးရရဲ့ လမ်းညွန်မှုကို ခံ ယူပြီးမှ ပြောင်းရွှေ့မယ်”ဟု ဦးမြတ်ကိုကို က ပြောသည်။
ဆောက်လုပ်ဆဲ ကုန်စိမ်းဈေးမှာ တစ်ထပ်ဈေးဖြစ်ပြီး ဆိုင်ခန်းပေါင်း နှစ် ရာကျော် ပါဝင်မည်ဖြစ်ကြောင်း ၎င်းထံ မှ သိရသည်။
လက်ရှိရောင်းချနေသည့် ကန်ဖျား ကုန်စိမ်းဈေးသည် လူနေရပ်ကွက်နှင့် စာသင်ကျောင်း အနီးရှိရာ အနံ့အသက် နှင့် ဆူညံမှုများကြောင့် အနီးပတ်ဝန်း ကျင်တွင် နေထိုင်သူများက မလိုလား သဖြင့် သင့်တော်သည့်နေရာသို့ ပြောင်း ရွှေ့ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု ဦးမြတ်ကိုကို ဆိုသည်။

ဈေးသူဈေးသားအချို့ကမူ ဝယ်ယူ မည့်သူများအတွက် ဝေးလွန်းသည်ဟု ဆိုကြသည်။
“မြို့ပြင်ရောက်သလို ဖြစ်နေတော့ ရောင်းသူရော ဝယ်တဲ့သူတွေပါ အခက် အခဲရှိတယ်”ဟု ဈေးရောင်းသက် ၁၅ နှစ်ရှိ မဖြူက ပြောသည်။
လက်ရှိ ကုန်စိမ်းဈေးသည် မြို့ လည်ခေါင်ဖြစ်ကာ သွားလာရလွယ်ကူ သော်လည်း မြို့အင်္ဂါရပ်နှင့်ကြည့်လျှင်မူ သင့်တော်ခြင်းမရှိဟု ကန်ဖျားရပ်နေ အသက် ၆၂ နှစ် ရှိ ဦးကျော်စိန်က ဆို သည်။