FMI လေကြောင်းလိုင်း ယာယီရပ်ဆိုင်း၊ ကြိုတင်လက်မှတ်များ ငွေပြန်အမ်းမည်

0
526

ရန်ကုန်မှ ထားဝယ်၊ မြိတ်၊ ကော့သောင်းမြို့များသို့ ပြေးဆွဲနေသည့် FMI လေကြောင်းလိုင်းကို ဇူလိုင်လ ၂၁ ရက်မှ စတင် ယာယီရပ်နားလိုက်ပြီး ကြိုတင်လတ်မှတ်ဝယ်ထားသည့် ခရီး သည်များကို ငွေပြန်အမ်းမည် ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်းက ဇူလိုင်လ ၂၀ ရက်က သတင်း ထုတ်ပြန်ထားသည်။

မြန်မာ့နိုင်ငံ၏ လေကြောင်းလိုင်း ကဏ္ဍတွင် စီးပွားရေးအရ စိန်ခေါ်မှု များစွာရှိနေပြီး FMI လေကြောင်းလိုင်း ၏ အကျိုးစီးပွားကို ရှေးရှု၍ လုပ်ငန်း လည်ပတ်မှုများကို ခေတ္တရပ်ဆိုင်း ထား ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ယင်း လေကြောင်းလိုင်း ဥက္ကဋ္ဌ ဦးသိမ်းဝေက ပြောသည်။
FMI လေကြောင်းလိုင်းသည် အလားအလာရှိသော နည်းလမ်းများကို သုံးသပ်လျက်ရှိပြီး နောက်ပိုင်းတွင် ဈေးကွက် အခြေအနေပေါ်မှုတည်ကာ လုပ်ငန်းပြန်လည်ပတ်ရန်ရှိကြောင်း ထုတ်ပြန်ထားသည်။

ယင်းလေကြောင်းလိုင်းသည် တနင်္သာရီတိုင်း ထားဝယ်၊ မြိတ်၊ ကော့သောင်းမြို့များမှ ရန်ကုန်မြို့ကို ယခုနှစ် ဖေဖော်ဝါရီလ ဒုတိယအပတ်က စတင်ပြေးဆွဲခဲ့ပြီး ငါးလခန့်အကြာတွင် ယာယီရပ်နားလိုက်ခြင်း ဖြစ်သည်။
ပြန်အမ်းငွေများကို လက်မှတ် ဝယ်ထားသည့် အရောင်းကိုယ်စားလှယ် များထံတွင် ပြန်လည်ထုတ်ယူနိုင်ကြောင်း ထားဝယ်မြို့အခြေစိုက် ခရီးသွားဝန် ဆောင်မှုလုပ်ငန်းအချို့ထံမှ သိရသည်။

FMI လေကြောင်းလိုင်း ရပ်နား လိုက်သဖြင့် တနင်္သာရီတိုင်းက ခရီးသည် များအတွက် လေယာဉ်လက်မှတ် ဝယ်ယူ ရန် အခက်အခဲ ရှိနေပြီဖြစ်ကြောင်း ဝစ်(ဇ်)ဒမ်(မ်) ရတနာခရီးသွား ဝန်ဆောင် မှုလုပ်ငန်း ထားဝယ်ရုံးခွဲတာဝန်ခံ ဦးဇေယျာထွန်းက ပြောသည်။
“FMI လေကြောင်းလိုင်း ရှိနေတုန်း ကတော့ ခရီးသည်တွေမှာ ရွေးချယ်စရာရှိ နေသေးတာပေါ့။ အခုတော့ ရွေးချယ်စရာ မရှိဘဲ ဖြစ်သွားတာပေါ့”ဟု ဦးဇေယျာထွန်း က ဆိုသည်။

လက်ရှိတွင် တနင်္သာရီတိုင်းမှ ရန်ကုန်မြို့ကို ပြေးဆွဲသည့် လေကြောင်း လိုင်းမှာ မြန်မာ့အမျိုးသား လေကြောင်း လိုင်းတစ်ခုသာ ကျန်ရှိကြောင်း ထားဝယ် မြို့အခြေစိုက် ခရီးသွားဝန်ဆောင်မှု လုပ်ငန်းများအချို့ထံမှ သိရသည်။