မလေးရှားဆေးမှုတွင် မပါဟု ဦးအောင်လွင်(ခ) ထားဝယ်ကြီး ငြင်းဆို

0
483

ဦးအောင်လွင်(ခ) ထားဝယ်ကြီးကို စစ်ဆေးရာတွင် မလေးရှားနိုင်ငံတွင် ဖမ်းမိသည့် မူးယစ်ဆေးဝါးအမှုတွင် ပါ ဝင်ခြင်းမရှိဟု ထွက်ဆိုကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေမျိုးက ဇွန်လ ၂၈ ရက်က ပြောသည်။
လက်ရှိဖမ်းမိသည့် မလေးရှားမူး ယစ်ဆေးအမှုတွင် ပါဝင်ခြင်းမရှိဟု ထွက်ဆိုပြီး ယခင်က မူးယစ်ဆေး တင် ပို့ရာတွင် ပွဲစားအနေဖြင့် ပါဝင်ခဲ့သည်ဟု ဦးအောင်လွင်က ထွက်ဆိုကြောင်း ရဲမှူး ကြီးက ဆိုသည်။

မလေးရှားသို့ မူးယစ်ဆေးတင်ပို့မှု တွင် အဓိက တရားခံဖြစ်သည့် မောင်မောင် နှင့် ဇေယျာဟိန်းတို့၏ ထွက်ဆိုချက်များ အရ ထားဝယ်မြို့တွင် နေထိုင်သူ ဦးအောင်လွင်နှင့် မလေးရှားနိုင်ငံတွင် တွေ့ဆုံသိကျွမ်းခဲ့ပြီး ၎င်းတို့သည် ချင်ကျားမူ(ခ)မကျားဝေ (ခ) နှင်းဦးလွင် နှင့် ဆက်သွယ်ကာ မူးယစ်ဆေးဝါးများ ကို မလေးရှားနိုင်ငံသို့ ပို့ဆောင်ခဲ့သည် ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဇွန်လ ၁၉ ရက်တွင် ထုတ်ပြန်ထားသည်။

မလေးရှားမူးယစ်ဆေးအမှု ကွင်း ဆက်တရားခံအဖြစ် ထားဝယ်မြို့မှ ဦးအောင်လွင်(ခ) ထားဝယ်ကြီးကို မလွှဲ တောင် စစ်ဆေးရေးဂိတ်တွင် ဇွန်လ ၁၂ ရက်က ဖမ်းဆီးခဲ့သည်။
ထားဝယ်မြို့ ကျောက်မော်ရပ် ကွက်ရှိ အောင်လွင်နေထိုင်သည့် အိမ်ကို ရှာဖွေရာတွင် ICE မူးယစ်ဆေး ၁၀ ဂရမ် ဖမ်းမိခဲ့သည်။
“ဒါက သူပြောတာ၊ အရင်တုန်း လုပ်ခဲ့ဖူးတယ်ဆိုရင် အခုလည်း မလုပ် ဘူးလို့ မပြောနိုင်ဘူး၊ သူဝန်မခံတာ တစ်ခု ပဲရှိတယ်”ဟု ရဲမှူးကြီးနေမျိုးက ပြောသည်။

မလေးရှားသို့ပို့သည့် မူးယစ်ဆေး ဝါးအမှုတွင် မောင်မောင် (ခ)HJ Yassin၊ ဇေယျာဟိန်း၊ ချင်းကျားမူ (ခ) မကျားဝေ (ခ) နှင်းဦးလွင်နှင့် ၎င်း၏ခင်ပွန်း အကိုကြီး (ခ) ကတုံးတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါး များကို မင်းနိုင်၏အကူအညီဖြင့် မလေးရှား နိုင်ငံသို့ ပေးပို့ခဲ့သည်ဟု အောင်လွင်(ခ)ထားဝယ်ကြီးက ထွက်ဆိုကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
လက်ရှိတွင် အောင်လွင်ကို ထားဝယ် မြို့၌ပင် ဖမ်းဆီးထားပြီး ရန်ကုန်လွှဲ။ မလွှဲ ကိုမူ ညွှန်ကြားချက်အတိုင်း လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ရဲမှူးကြီးနေမျိုးက ဆိုသည်။
မလေးရှားနိုင်ငံသို့ တင်ပို့သည့် ၁ ဒသမ ၂ တန်နီးပါးရှိ မက်အဖက်တမင်း မူးယစ်ဆေးဝါးများကို မေလ ၂၂ ရက်က ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

အခြားတရားခံတစ်ဦးဖြစ်သူ မင်းနိုင်မှာ စာရွက်စာတမ်းကိစ္စရပ်များ အကျိုးဆောင်ပေးသောNice Guy Clearance Service Agency ပိုင်ရှင် ဖြစ်ပြီး မောင်မောင်၏လုပ်ငန်းများကို ဝန်ဆောင်မှုပေးခဲ့သည်မှာ ၁၀ နှစ်ခန့် ရှိပြီဖြစ်ကြောင်းMyanmar Nowသတင်းဌာနတွင် ဖော်ပြထားသည်။

လက်ရှိတွင် လှည်းကူးမြို့နယ်ရှိNice Guy ရေသန့်စက်ရုံမှ အောက်ပုစွန် တောင်လမ်းရှိ ဂိုဒေါင်သို့ ပို့ဆောင်ပေးသူ ဟူစိန်(ခ) မိုဟာမက်ဟူစိန်၊ ချင်ကျားမူ (ခ)မကျားဝေ (ခ) နှင်းဦးလွင်နှင့် ၎င်း၏ခင်ပွန်း အကိုကြီး(ခ) ကတုံး (စိစစ်ဆဲ၊ မလေးရှားနိုင်ငံတွင် နေထိုင်သူ)တို့ လွတ်မြောက်နေဆဲဖြစ်ကြောင်း ပြည်ထဲ ရေးက ထုတ်ပြန်ထားသည်။