ပန်းကလေးများ ဖူးဝင့်ချီဖို့

0
644

အပိုင်း(က)
ကောင်မလေးက တကယ့် ပီဘိ ကလေးအရွယ်။ ရှိလှ တစ်ဆယ့်သုံး လေးနှစ်။ လစဉ်ရာသီသွေးပေါ်နေကျ ကနေ ရာသီ ရုတ်တရက် ထိန်သွားတာ သုံးလရှိပြီတဲ့။ အမေဖြစ်သူက ပြော သည်။ ကျွန်တော်တို့တွေ စမ်းသပ်တော့ ဗိုက်က ဆီးစပ်အနား မို့မောက်နေသည်။ အပျိုဖော်ဝင်ကာစမို့ ဗိုက်က သိပ်မသိ သာ။ ကလေးမလေး ရာသီမလာတာ ဘယ်နှလရှိပြီလဲလို့သာ မေးရသေးသည်။ ရည်းစားရှိလား ဘာညာမေးဖို့ ကျွန်တော် တို့ အားနာသည်။ ကိုယ်ဝန် ရှိ/မရှိ ဆီး စစ်ကြည့်ဖို့ တစ်ခါတလေ ကျွန်တော်တို့ မပြောရက်ပါ။ စမ်းစမ်းတင့် (Sensative – အထိအရှမခံ) ဖြစ်လွန်းသော မိဘများ ရဲ့ ရန်တွေ့တာ မကြာခဏ ခံနေရတာမို့ လည်း များသောအားဖြင့် ကျွန်တော်တို့ ဆေးပညာရပ်ဆိုင်ရာ မှန်းဆချက်များ ခိုင်မာဖို့အတွက် ဓာတ်မှန်အထူးကု ဆရာဝန်ကြီးများ၏ အကူအညီကို ရယူရလေ့ရှိသည်။

မှန်းတာမလွဲပါ။ ကလေးမမှာ ကိုယ်ဝန်လေးလရှိနေခဲ့ပြီ။ အာထရာ ဆောင်းအဖြေ စာရွက်လေးနှင့် သူတို့ သားအမိပြန်ရောက်လာတော့ ပြင်ပလူနာ တွေ ရှင်းထုတ်ပြီး သူနာပြုဆရာမကြီးကို အနားမှာထားလို့ ရှင်းပြရသည်။ မေးမြန်း ရသည်။
“အမေရေ ကောင်မလေးမှာ ရည်းစား ရှိလားဗျ”
ကောင်မလေးအမေ မျက်နှာထား တင်းသွားသည်။ တစ်ခါတလေ လူသူမ ရှင်းထားလျှင် ကလေးရဲ့ မိဘမောင်ဖား တွေ ပါလာလျှင် ကျွန်တော်တို့သည် အမေးအတွက် လည်မြိုကို ထအညှစ်ခံရ တတ်သည်။
တစ်ခါက ဆိုလျှင်

“ရာရာစစ ငါ့သမီးအပျို နုနု ထွတ်ထွတ်လေးကို အဲသည်အမေး မေးရကောင်းလားလို့ ရန်ပြုတာ ခံရဖူး သည်။ တခါတလေ အငေါ်တူး ခံရသည်။ တခါတလေ သည်အမေလို ရိုးရိုးလေး မကျေမနပ်ကြောင်း ပြန်ပြောတာ ခံရ သည်။
“ကျွန်မသမီးက ကျောင်းသူ အရွယ် လေးကိုရှင်”
“ဟုတ်ပါ့အမေရေ ကျောင်းသူပေ မင့် ရည်းစားသညာ ဘာညာရှိလားလို့ မေးတာရယ်”
“မရှိပါဘူး”
“ချော့မော့ မေးပါအုံးအမေရယ”လို့ ပြောပါမှ မလိမ္မာ တစ်ခါမိုက် ဇာတ်လမ်း တွေ ကြားရသည်။
ယုံကြည်စွာ အပ်နှံထားသူနဲ့ မလိမ္မာ တစ်ခါမိုက်လေခြင်းအကြောင်း တွေ။

ဖြစ်ရပ် (၁)
ကောင်မလေးကအသက် ၁၈နှစ် ရှိလုပြီ။ ၉တန်း ကျောင်းသူဟုတော့ ဆိုသည်။ အဲသလိုပဲ ကိုယ်ဝန်ရှိနေလေ တော့ မေးသည့်အခါ သူ ၈ တန်းဖြေပြီး တာနဲ့ မိဘကို တစ်ဖက်တစ်လမ်းမှ ကူညီ နိုင်ရေး အလုပ်လုပ်ဖို့အတွက် ယိုးဒယား ထွက်သွားသည်။ အဲသည် အချိန်မှာ ယိုးဒယားမှာ အစ်ကိုကြီးတစ်ယောက်ရဲ့ စောင်မ ကြည့်ရှုခံရသည်။ သည်အစ်ကိုကြီး က သူ့အတွက် နေရာထိုင်ခင်းနဲ့ အလုပ် စတာတွေကို ဖန်တီးပေးဖို့ ကတိစကား ဆိုခဲ့သည်။ သို့သော် ကံမကောင်း။ ခိုးဝင်အလုပ်သမားတွေ ဖမ်းဆီးတော့ သည်အစ်ကိုကြီးရော သူပါ အဖမ်းခံရ သည်။ သူကတော့ မောတောင်ဖက်က တစ်ဆင့် ဘိတ်ကို နယ်ပြန်အနှင်ခံရပြီး မိဘထံပြန်ရောက်ကာ ကျောင်းဆက် တက်သည်။ လအတန်အကြာမှာ ခါး လေးတုတ်လာ ပျို့အန်လာသဖြင့် အမေ က ဆေးရုံသို့ ခေါ်လာခြင်း ဖြစ်ပါ၏။
မတတ်နိုင်ပါ။ အမေကို သည်ကိုယ် ဝန်အတွက် စောင့်ရှောက်မှုခံယူဖို့ မဖျက် ချဖို့၊ ကောင်းကောင်းမွန်မွန် မွေးဖွားဖို့ ဖြောင်းဖျကာ ပြန်လွှတ်လိုက်ရသည်။

ဖြစ်ရပ်(၂)
သည်ကောင်မလေးက အသက် ၁၁နှစ်ကတည်းက ကျွန်းတစ်ကျွန်းမှသည် မြို့သို့ အလုပ်လာလုပ်ရင်း အလုပ်ရှင်မှ ခူးခြွေခြင်း ခံနေခဲ့ရသူ။ မိခင်က ရိပ်မိ တော့ ပြန်ခေါ်လာတာ ခြောက်လအကြာ ခါးလေးတုတ်လာလို့ ဆေးရုံခေါ်လာပြ သူ။ သူသည်လည်း အသေ အချာမေးပါမှ အကြိမ်ကြိမ်အခါခါ ပြုကျင့်ခံရသည့် အကြောင်း ကြားရသည်။
သေချာ ပြောပြဆိုပြကာ မိခင် အနေဖြင့် ဥပဒေဘောင်အတွင်းက လုပ်နိုင်တာကို ပြောပြသလို ကလေးနဲ့ မိခင်အတွက် ကိုယ်ဝန်စောင့်ရှောက်မှု ခံယူဖို့၊ မဖျက်ချဖို့ ဆုံးမရသည်။

ဖြစ်ရပ်(၃)
သာသနာဝတ်ရုံနဲ့ ရာသီသိပ်မမှန် လို့ လာပြပြီး အဲသလိုပဲ ကိုယ်ဝန်ရှိနေလို့ ရှင်းပြယူရတာလည်း မရှား။ အသေ အချာ မေးလည်း မုသားကို တွင်တွင် ဆိုသည်။ ကိုယ်တွေဘက်ကလည်း အတင်းအကြပ် မမေးခဲ့။ ရေအိမ်ထဲ ခဏရယ်လို့ဝင်ကာ သူ့ Boss (သူဋ္ဌေး)ဆီ ဖုန်းဆက်တာတော့ ပြန်ကြားရသည်။ ကိုယ်တွေဘက်ကတော့ ဆောင်ရန်၊ ရှောင်ရန် မဖျက်ချရန် ပြောပြရုံ။

ဖြစ်ရပ်(၄)
ကောင်မလေးက သက်ငယ်မုဒိမ်း ကျူးလွန်ခံရလို့ သည်ဆေးရုံကို လွန် လေသည့် လေးလက ဆေးလာ အစစ်ခံ သူ။ ခု သက်ဆိုင်ရာက ဂေဟာမှာ ခဏ ထားရာမှ ခါးလေးတုတ်လာတော့ ကိုယ်ဝန်က ရှိနေနှင့်ပြီ။ အဲသည်တော့မှ ဆေးပညာအရ ဆောင်ရန်ကို လည်း ကောင်း၊ ရှောင်ရန်ကိုလည်းကောင်း ပြောပြဆိုပြရပြန်သည်။

အပိုင်း(ခ)
ဇီဝကမ္မသဘောအရ ဖိုနှင့်မ ဆိုတာ ရှိကြတာ အမှန်။ အဲသည် ဖိုနဲ့မတို့ ဒွိယံ ဒွိယံ ကြသည်မှာလည်း မဆန်းပါ။ သို့သော် လူနေမှု ဘ၀အတွင်း လူ့စည်း၊ ဘီလူးစည်း ဆိုတာရှိကြပြီး လူမှုကျင့် ဝတ်ကို ဖောက်ဖျက် ဖောက်ပြန်ကြလေ သောအခါ ယင်းပြဿနာတို့ ဖြစ်ကြ ရသည်။

တိုးတက်လာသော သည်ဖက်ခေတ် မှာ အခြေခံ ကျန်းမာရေးအသိနှင့် ပညာ ကို လူတန်းစားမရွေး ကျွန်တော်တို့တွေ မမြှင့်တင်ပေးနိုင်သေးချိန်မှာ တဖက်က လူနေမှုအနေအထားအရ နည်းပညာ ပေါက်ကွဲမှုက လူတန်းစားမရွေးသို့ ရိုက် ခတ်လာသည်။ သန္ဓေတား ဆေးဆိုတာ တွေ၊ အကာအကွယ်သုံးလို့ ပဋိသန္ဓေ တားမြစ်လို့ရတာတွေ မသိနားမလည် သေးချိန်မှာ လူတိုင်းလက်မှာ မိုဘိုင်းဖုန်း ရှိလာပြီး ဆက်သွယ်နိုင်လာသည်။ Porn site (အပြာ ဝက်ဘ်ဆိုဒ်)တွေကတစ်ဆင့် ပညာမရ လိင်စိတ်နိုးဆွသောအရာများက လက်လှမ်းတမီ ရလာသော်လည်း လိင်မှု ဆိုင်ရာ ပညာပေးဖို့ ကျွန်တော်တို့တွေ များစွာ နောက်ကျကျန်ခဲ့ကြသည်။

ဖိုမ သဘာဝဖြစ်စဉ်များကို ကျွန်တော် တို့တတွေ ငယ်စဉ်ကတည်းက ပညာပေး ဖို့ရာ ရှေးရိုးစွဲဝါဒီတွေက ကန့်ကွက်နေ ချိန်မှာ သက်ငယ်မုဒိမ်းတွေက မကြားချင် အဆုံး ကြားလာကြ၊ ကြုံလာကြရသည်။
တစ်ဖက်က မြန်မာယဉ်ကျေးမှု လူ့ အဖွဲ့အစည်းမှာ လေးစားအပ်၊ ယုံကြည် အပ်သော အသက်အရွယ်နဲ့ ဘာသာ အနွယ်ဝင်တွေကစလို့ သက်ကြီးရွယ်အို ဘိုးဘွားအရွယ်အလယ်၊ အနန္တော အနန္တ ငါးပါး ဂိုဏ်းဝင် မိဘ၊ ဆရာတွေကိုပါ အဲသည်အမှုတွေထဲ မကြားဝံ့မနာသာ ကြားလာ မြင်လာကြရသည်။ “လူမှု စည်းဆိုတာ ပြိုလုပြီလား”ဟု တွေးဆ ချိန်စရာ ကောင်းလောက်အောင် ဆိုးရွား သော ဖြစ်စဉ်တွေသည် နည်းပညာနှင့် ယဉ်ကျေးမှုပေါက်ကွဲလာမှု အကျိုးဆက် ၏ ရောင်နီဦးမျှဟု မြင်ပါသည်။ ကျွန်တော်တို့တတွေ သည်လိုပုံနှင့်သာ မိုးချုပ်ပါမူ လူက လူလိုမကျင့် တိရစ္ဆာန် လိုကျင့်သော အုပ်စုဖွဲ့ လူမဆန်မှုတွေကို မကြားလာ မကြုံလာဟု မည်သူပြောနိုင် ပါမည်နည်း။

ကျွန်တော်တို့ ယဉ်ကျေးသော လူ့အဖွဲ့အစည်းရဲ့ စံနှုန်းနဲ့ ပညာရေး ကျန်းမာရေး အသိပညာတွေ မြှင့်တင် လာနိုင်မှ၊ လူနေမှု အဆင့်တွေ မြှင့်တင် လာနိုင်မှ ကာကွယ်နိုင်မည်ဖြစ်သလို ဥပဒေသည်လည်း ခိုင်မာဖို့ အကာ အကွယ် အပြည့်အဝရဖို့ လိုအပ်လာတာ မြင်နိုင်ပါသည်။
နာမည်ကြီး မော်ဒယ်တစ်ဦးနှင့် အဆိုတော်တို့ မှုခင်းဖြစ်စဉ်မှာ ကျွန်တော်တို့ တွေးဆယူစရာ များလှ ပါ၏။ လူမဆန်သော အပြုအမူအတွက် နောင်တတရားကို ကျွန်တော်တို့တွေ မမြင်ကြရ။ သားကောင်ကို ထိရောက် သော ဥပဒေက ကာကွယ်ပေးနိုင်လေပြီ လား ကျွန်တော်တို့ စဉ်းစားစရာ ရှိပါ၏။

“ဘေဘီ့ကို မေးပေးပါ၊ လိမ်နေတာ ပျော်ရဲ့လား”ဆိုသည့် စကားသည် လူမှုအဖွဲ့အစည်း လူမှုကွန်ရက်မှာ ပြန့်ပွား ကျော်ကြားလာရခြင်းသည် အကောင်းဘက်ကို တိမ်းယိမ်းသည်ဟု မမြင်ပါ။ စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက် တစ်မျိုးလို့ ကျွန်တော်မြင်ပါ၏။ သည် စကားစုငယ်ကို ရယ်စရာအသွင် လူသုံး များလာကြသောအချိန်မှာ ပိုလို့ပင် ဆွံ့အမိပါသည်။ ကျူးလွန်ခံရသည့် သားကောင်တို့ဘ၀က အဲသည်အရိပ် ဆိုးကြီးကို မလွတ်နိုင်ခင်မှာ သူ့လူမှု ဘ၀ကို သူပြန်လည်လို့ ထူထောင်ခွင့် ထူထောင်ချိန်မှမရမီ တရားခွင်မှာ ရင်ဆိုင်နေရလေတုန်းမှာ ထပ်မံထိုးနှက် မှုတစ်မျိုး ဖြစ်သောကြောင့်ပင်။

ကျူးလွန်ခဲ့ကြသူများ၏ စိတ်ပိုင်း ဆိုင်ရာကို ပြန်လေ့လာလျှင် အများစုမှာ သူလိုငါလိုမှသည် ဆိတ်ကွယ်ရာကြောင့် သော်လည်းကောင်း၊ မဖြစ်လောက် ပါဘူးဟု ယုံမှားမှုကြောင့်သော်လည်း ကောင်း ဖြစ်ကြရတာများပါ၏။ အသက် ၈၀ကျော်မှ သက်ငယ် မုဒိမ်းမှုဖြင့်ထောင် ဒဏ်ကျခံနေရသူသည် လည်းကောင်း၊ သာသနာဝတ်ဖြင့် သက်ငယ်မုဒိမ်းမှု ဖြစ်ကာ ထောင်ဒဏ်ကျခံနေရသူတို့ သည်လည်းကောင်း ဖြစ်စဉ်၏အစသည် မိဘများက ယင်းတို့၏ ကိုယ်ကျင့်နှင့် သိက္ခာကိုယုံကာ ပုံအပ်ခဲ့ရာမှလျှင် ဖြစ်ခဲ့ ကြရကြောင်း ဆိုပါသည်။ မိဘတို့ မည် သည် မည်သူ့ကိုမှ ယုံမှတ်၍ ပုံမအပ်သင့် သလို မိမိရင်သွေးတို့အားလည်း ငယ်စဉ် ကပင်လျှင် အသိ၊ အလိမ္မာ ပညာတို့ကို သင်ကြားပေးသင့်ပါ၏။

ယဉ်ကျေးမှုဖြင့်ထိန်းကွပ်အပ်သော မြန်မာ့လူမှုအဖွဲ့အစည်းမှာ ဟိုးရှေး ယခင်မဆွကတည်းကိုက ကျင့်သင့် ကျင့်အပ်သော လိုက်နာသင့် လိုက်နာ အပ်သော လူမှုစည်းများ ရှိနှင့်ကြပြီး ယင်းတို့အပေါ်မှ ဥပဒေဟူသော အထိန်း အကွပ်ဖြင့် ထပ်မံ နှောင်တည်းသောအခါ မြန်မာ့လူ့ဘောင်သည် များသောအားဖြင့် တည်ငြိမ်ခဲ့ကြဖူး ပါသည်။ ယခု နည်း ပညာပေါက်ကွဲမှု တစ်ခေတ်တွင် ယင်း အတားအဆီးတို့သည် ပါးလျကာ ကွာကျ လို့လာသည်။ ဟီရိနှင့် ဩတ္တပ္ပတို့ အား နည်းလာလေသောအခါ မိမိတို့ ဆန္ဒနှင့် ဘ၀ကို မထိန်းကွပ်နိုင်ကြလေတော့။ သည်သောအခါ ဖိုမပြဿနာတို့ ဖြစ် လာကြရသည်။

အပိုင်း(ဂ)
သည်ဆောင်းပါးငယ်မှာ ကျွန်တော် ဆွေးနွေးလိုသည်က သားကောင် တဖြစ် လည်း ပြုကျင့်ခံရသူ၏ ရှေ့ဆက် ကြရ သည့် ဘ၀ရှေ့ရေးအတွက် ကျွန်တော် တို့တွေများစွာ စဉ်းစားကြဖို့ လိုအပ်လှ ပါသည် ဆိုသည့်အချက် ဖြစ်ပါသည်။
အပေါ်မှာ ဖော်ပြခဲ့တဲ့ မလိုလား အပ်သော ဖြစ်စဉ်တွေမှ ကိုယ်ဝန်တွေ အတွက် လတ်တလော ကျွန်တော်တို့မှာ တရားဝင် ဖျက်ချခွင့်ကို ဥပဒေအရလည်း မပေးသလို ဘာသာရေးကလည်း ခွင့်မပြု ခွင့်မလွှတ်ထားပါ။ ဆိုလျှင်သည် ကိုယ် ဝန်တွေ ဘယ်သို့ ဖြစ်ပျက်ကုန်လေ သနည်း။ မေးလာလျှင် ကျွန်တော်တို့ အများစုကို မတွေ့ရတော့ပါဟု ရိုးသား စွာ ဖြေရပါမည်။
သည်ကလေးမတို့ သူတို့ လူမှု ပတ်ဝန်းကျင်ကို ဘယ်သို့များ ရင်ဆိုင် နေကြပါလေသနည်းဟူသည်မှာ စိတ် ဝင်စားစရာ ကောင်းလှပါသည်။

သည်လို အဖြစ်တွေအတွက် လူမှုရေးအနေဖြင့် အားပေးကူညီနေကြသူ တစ်ဦးစ၊ နှစ်ဦးစသာ မြင်မိပါသေးသည်။ သည်လိုအဖြစ်နဲ့ ပြဿနာတွေ ကျွန်တော် တို့ လူမှုအဖွဲ့အစည်းတွေမှာ များစွာ ကြားရကြုံရသော်လည်း ရေရှည် မည်သူ ကမှ စိတ်မဝင်စားကြပါ။ ခေတ္တခဏ သာလျှင် စိတ်ဝင်စားကြသော်လည်း နောက်ပိုင်းလူမှုအကျိုး ဆက်အထိ ထိရောက်သော ကူညီမှုများ လိုအပ်နေ သေးသည်ကိုတော့ ထောက်ပြလိုပါသေး သည်။

ကျွန်တော်တို့ ဆေးပညာရှင် ရှုထောင့်မှ ဆေးပညာရှင်များကို တိုက် တွန်းဆွေးနွေးရမည်ဆိုလျှင် မတော် မတရားကျူးလွန်ခံရသူ အမျိုးသမီးငယ် တို့အား ဆေးစစ်ခံရန် ရောက်လာစဉ် ကတည်းကိုက အကယ်၍ အချိန်သာမီ မည်ဆိုလျှင် အရေးပေါ် သန္ဒေတားဆေးကို အချိန်မီ တိုက်ကျွေးဖို့ မမေ့ကြရန်နှင့် အခြားကူးစက်ရောဂါများမှ ကာကွယ် နိုင်ရေးအတွက် ပြုကျင့်ခံရသူအတွက် စဉ်းစားကူညီပေးကြဖို့ အရေးကြီးလှပါ ၏။

ထို့ပြင် ယင်း၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ပျိုးထောင်ရေး အတွက်ပါ ကျွန်တော်တို့တွေ အဘက် ဘက်က စဉ်းစားချင့်ချိန် ကူညီပေး ကြဖို့ရာ တိုက်တွန်းလိုပါသည်။
အရပ်ဘက် လူ့အဖွဲ့အစည်းများ အနေဖြင့် ယင်း၏အကျိုးဆက်များကိုပါ ထည့်သွင်းချင့်ချိန် ကူညီနိုင်ရန် စဉ်းစား ကြလျက် တာဝန်ရှိသူနှင့် ဥပဒေပြုခွင့် ရှိသူတို့အနေဖြင့်လည်း ဥပဒေ၏အကာ အကွယ်ကို ထိရောက်စွာရဖို့၊ ကျူးလွန် သူတို့ကို ထိရောက်သော ဟန့်တား ပြစ် ဒဏ်ရဖို့သာမက အနစ်မွန်းခံ မိန်းမငယ် တို့ဘ၀ ပြန်လည် ထူထောင်ရေးလုပ်ငန်း များကိုပါ ထည့်သွင်းစဉ်းစား ကူညီပေး ကြဖို့ရာ မမေ့မလျော့သင့်ပါကြောင်း တိုက်တွန်းလိုပါ၏။