တရားသူကြီးတို့ရဲ့ သမိုင်းမှတ်ကျောက်

0
545

နောက်ဆုံးတော့ လူတွေရဲ့ သတင်း သိပိုင်ခွင့် အနိုင်ရသွားတယ်။ သတင်းစာ တွေ နိုင်သွားတယ်။
ပြီးခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်က အမေရိကန်ပြည်ထောင်စုမှာ ဖြစ်သွား ခဲ့တာပါ။ သမိုင်းအမှန်ကို ရုပ်ရှင်အဖြစ် တင်ဆက်ထားတာပါ။
အဲဒီ ရုပ်ရှင်ကားကြည့်ရင်း ဒီနေ့ ခေတ် သတင်းမီဒီယာ၊ အုပ်ချုပ်ရေး စနစ်နဲ့ တရားရေးစနစ်တွေကို ထင်ဟပ် နေလို့ ဒီဆောင်းပါးကို ရေးဖြစ်တယ်။

ရုပ်ရှင်ကားအမည်The Post ။ အမေရိကန်ပြည်ထောင်စု အုပ်ချုပ်ရေး မြို့တော် ဝါရှင်တန်မှာ ထုတ်ဝေတဲ့ ဝါ ရှင်တန်ပို့စ် (The Washington Post) သတင်းစာနဲ့ အမေရိကန်အစိုးရ ထိပ် တိုက်တွေ့မှုအကြောင်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။
သိကြတဲ့အတိုင်း အမေရိကန် ပြည်ထောင်စုက ဗီယက်နမ်ကို ၁၉၅၅ မှာ စတင်ကျူးကျော်တယ်။ အဓိက ကတော့ အဲဒီတုန်းက ဗီယက်နမ်မှာ ကွန်မြူနစ်ဝါဒီ ထွန်းကားလာတာကို ချေမှုန်းလိုတာ၊ နောက်ပြီး ဒီမိုကရေစီ စနစ်သွတ်သွင်းလိုတာ။
အရင်ကတော့ အမေရိကန်က သူ့ မိတ်ဖက် ပြင်သစ်တပ်တွေကို ကူပေးနေ ရုံပဲ။ နောက်တော့ သမ္မတ ထရူးမင်းက အမေရိကန် စစ်သားတွေ ပို့ပြီး ပိုပြင်းတဲ့ စစ်ဆင်နွှဲပါတော့တယ်။

တကယ်ကတော့ ရုပ်ရှင်ကားထဲမှာ အသေးစိတ် နောက်ခံအကြောင်းရင်းတွေ သိပ်မပါပါဘူး။ ဇာတ်ကြောင်းအလိုက် တဖြည်းဖြည်းပဲ ညှပ်ထည့်သွားတာပါ။
စစ်တိုက်ရင်း နှစ်နည်းနည်းကြာလာ တော့ အခြေအနေ မဟန်တော့ဘူးဆိုတာ သိလာတယ်။ ၁၉၆၅ လောက်ကတည်းက အမေရိကန်တွေ ဗီယက်နမ်မှာ မနိုင်နိုင် ဘူးဆိုတာ အစိုးရက သိနေပြီ။
ဒါပေမဲ့ ဆက်တိုက်တယ်။ အခြေ အနေ မဟန်ဘူးဆိုတာကို သိနေပေမဲ့ ပြည်သူလူထုကို ထုတ်မပြောဘူး။ အမေရိကန်တွေ အခြေအနေ ကောင်းနေ ကြောင်းကိုပဲ အစိုးရက မီဒီယာတွေက တစ်ဆင့် ခဏခဏ ထုတ်ပြောနေတယ်။
ပြောရရင် လိမ်နေတယ်။

အဲလိုအချိန်မှာပဲ အမေရိကန်အစိုးရ (အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန) က စစ်ပွဲလေ့လာရေးစာတမ်းတစ်ခု ရေးနေတယ်။ အဲဒီမှာတော့ အခြေအနေ အမှန်အတိုင်း ရေးထားတယ်။
ဒီစာတမ်းဟာ နောက်ပိုင်းမှာ ပင် တဂွန်စာတမ်းဆိုပြီး နာမည်ကျော် ပါတယ်။ စာတမ်းမှာ စာမျက်နှာ ၃၀၀၀ ပါပြီးတော့ အမေရိကန်အစိုးရက အထူး လျှို့ဝှက်အဆင့် သတ်မှတ်ထားတယ်။
ဒီစာတမ်းအရ စစ်ပွဲ အခြေအနေ မကောင်းဘူးဆိုတာ အမေရိကန် သမ္မတ လည်း သိတယ်၊ နိုင်ငံခြားရေးဝန်ကြီး လည်း သိတယ်။ ကာကွယ်ရေး ဝန်ကြီး က ပိုတောင်သိသေး။

ဒါပေမဲ့ ပြည်သူနဲ့ ကမ္ဘာကြီးကို တတွင်တွင်လိမ်ပြီး ဆက်တိုက်နေတယ်။ အမေရိကန်စစ်သားတွေကို ဗီယက်နမ် စစ်မြေပြင်ဆက်ပို့တယ်။ သေတယ်။ စုစု ပေါင်း အမေရိကန် စစ်သား ၅၈၀၀၀ ကျော် ကျဆုံးတယ်။
အမေရိကန်ပြည်သူတွေကတော့ သူတို့ သားသမီး၊ ဆွေမျိုး မောင်တွေကို စစ်မြေပြင်ကို သွားခွင့်ပြုနေရတယ်။ မနိုင်နိုင်မဲ့ စစ်ပွဲကြီးအတွက် အသက်တွေ စတေးနေရတယ်။
အဲဒီမှာ သူရဲကောင်းအချို့ ပေါ်လာ တယ်။
သူတို့ထဲက အချို့က အမေရိကန်-ဗီယက်နမ်စစ် လေ့လာရေး စာတမ်းရေး တဲ့အဖွဲ့ထဲမှာပါတဲ့ သူတွေ။ သူတို့တွေက စစ်ပွဲအကြောင်း ထဲထဲဝင်ဝင်ဝင် သိထား တယ်။

ဗီယက်နမ်ကို ကူချင်တာက ၁၀ ရာခိုင်နှုန်း၊ ဒီမိုကရေစီစနစ် ထွန်းကားရေး ဆိုတာက ၂၀ ရာခိုင်နှုန်း၊ ကျန် ၇၀ ရာခိုင်နှုန်းက စစ်ပွဲကို အရှုံးကြီးနဲ့ ရပ် လိုက်ရင် အမေရိကန်အစိုးရ အရှက်ကွဲမှာ စိုးလို့ မနိုင်မဲ့စစ်ကို အသေခံ ဆက် တိုက် နေတယ် ဆိုတာ သူတို့ သုံးသပ်မိတယ်။
အမေရိကန်အစိုးရက ပြည်သူ တွေကိုလိမ်ပြီး စစ်သားတွေ ပို့နေတာကို မခံနိုင်တဲ့အဆုံး အဲဒီ သူရဲကောင်း နှစ်ယောက်သုံးယောက်က စစ်ပွဲအကြောင်း အမှန်တိုင်းသုံးသပ်ထားတဲ့ စာတမ်းကို ခိုးယူမိတ္တူကူးပြီး သတင်းစာတိုက်ကို ပို့တော့တာပဲ။
ပထမ သူတို့ ပို့တဲ့ သတင်းစာတိုက်က နယူးယောက်တိုင်းမ်။ နယူးယောက်တိုင်းမ် သတင်းစာက ၁၉၇၁ ခုနှစ် ဇွန် ၁၃ ရက် နေ့မှာ အဲဒီစာတမ်းအကြောင်း စပြီးတော့ ပုံနှိပ်တော့တာပါပဲ။
အဲဒီမှာ အမေရိကန် ပြည်သူတွေက အခြေအနေမှန်သိသွားပြီး လမ်းပေါ်ထွက် စစ်ဆန့်ကျင့်ရေး ဆန္ဒပြကြတော့တာပဲ။
ဒါပေမဲ့ သိပ်မကြာဘူး။

အဲလို ပုံနှိပ်နေတာတွေ ရပ်ဖို့ အစိုးရ က နယူးယောက်တိုင်းမ်ကို ဖိအားပေး တော့တာပဲ။ အဲဒီလို နိုင်ငံတော် လုံခြုံရေး နဲ့ ဆိုင်တာတွေ ပုံနှိပ်ဖော်ပြနေတာ မရပ်ရင် တရားစွဲခံရမယ်၊ အခန့်မသင့်ရင် သတင်းစာတိုက် အပိတ်ခံရနိုင်တယ်။
အဲဒီတော့ နယူးယောက်တိုင်းမ် သတင်းစာက အဲလို သတင်းတွေ ရေးနေ တာတွေ ရပ်လိုက်ရတယ်။
ဇာတ်လမ်းက အခုမှ စတာ။
အဲဒါနဲ့ စစ်ပွဲအကြောင်းသုံးသပ်ချက် စာတမ်းကို ဝါရှင်တန်ပို့စ်ကလည်း ရသွားတယ်။ ပြဿနာက ဝါရှင်တန်ပို့စ် သတင်းစာတိုက်ပိုင်ရှင် အမျိုးသမီးက အမေရိကန် ကာကွယ်ရေးဝန်ကြီးနဲ့ မိတ် ရင်းဆွေရင်းတွေ။ ဝါရှင်တန်ပို့စ် သတင်း စာ အယ်ဒီတာက စာတမ်းကို ပုံနှိပ်ဖော်ပြ ချင်တယ်။ ပိုင်ရှင် အမျိုးသမီးက စဉ်းစား တယ်။

အဲဒီအချိန်မှာ သူတို့ သတင်းစာ တိုက် လုပ်ငန်း ချဲ့ထွင်ဖို့ အခြား အစု ရှယ်ယာရှင် အသစ်တွေနဲ့ ညှိနှိုင်းနေချိန်၊ ရှယ်ယာရှင်တွေကတော့ အစိုးရနဲ့ ထိပ်တိုက်မတွေ့လို။ သတင်းစာ ဒါရိုက် တာအဖွဲ့ကလည်း စာတမ်းကို မဖော်ပြ စေချင်ဘူး။ မဖော်ပြဖို့ ပိုင်ရှင်ကို နားချ ကြတယ်။
အယ်ဒီတာကလည်း မဖော်ပြရင် သတင်းစာ သိက္ခာကျတယ်၊ ရှက်စရာကြီး ဆိုပြီး ပြန်ချေပတယ်။
“ကျွန်တော်တို့ဟာ အာဏာရှိသူ တွေကို ထိန်းညှိသူတွေဖြစ်ရမယ်။ သူတို့ ကို တာဝန်ခံမှုရှိအောင် ကျွန် တော်တို့ မလုပ်နိုင်ဘူးဆိုရင် ဘယ်သူတွေ လုပ်ကြ မှာလဲ”လို့ အယ်ဒီတာက ပြန်ပြောတယ်။
အငြင်းအခုံလုပ်ရင်း နောက်ဆုံး တော့ ပုံနှိပ်ဖော်ပြဖို့ သတင်းစာတိုက် ပိုင်ရှင် အမျိုးသမီးက ဆုံးဖြတ်လိုက် တယ်။
ဒါပေမဲ့ ပြဿနာ တစ်ခု တက်ပြန် တယ်။

ဒီစာတမ်းတွေကို ဘယ်ကရလဲဆိုပြီး သတင်းတိုက်ရဲ့ ရှေ့နေက သတင်း ထောက်ကို မေးရာကနေပြီး အရင်းခံ လာတာပါ။
ဖြစ်ချင်တော့ နယူးယောက်တိုင်းမ် ကို စာတမ်း ပို့တဲ့သူနဲ့ ဝါရှင်တန်ပို့စ်ကို စာတမ်းပေးလိုက်သူက တစ်ဦးတည်း ဖြစ်နေတယ်။
အဲလိုအတူတူ ဖြစ်နေတာကို သိရဲ့သားနဲ့ ပုံနှိပ်ရင် သတင်းစာတိုက် ရပ်ရုံမရ ပိုင်ရှင်နဲ့ အယ်ဒီတာပါ ထောင် ထဲသွားရနိုင်တယ်။ တရားရုံး မထီမဲ့မြင် ပြုမှုနဲ့ ထောင်ကျနိုင်တယ်။
အဲဒီမှာ ငြင်းကြခုံကြရင်း ပိုင်ရှင်က ဆုံးဖြတ်ချက်လိုက်တယ်။
သတင်းစာဟာ သူ့ရည်ရွယ်ချက် အတိုင်း တိုင်းပြည်ရဲ့ သာယာဝပြောရေးနဲ့ သတင်းစာလွတ်လပ်ခွင့်ကို ဦးတည် ရမယ်၊ နောက်ဆုံး ဒီလို ပုံနှိပ်ဖော်ပြလို့ စစ်မြေပြင်က စစ်သားတွေကို မထိခိုက် ဘူးလို့ အာမခံနိုင်မလားဆိုပြီး အယ်ဒီ တာကို မေးတယ်။
အယ်ဒီတာက ရှင်းတယ်။ ရာနှုန်း ပြည့် အာမခံတယ်ဆိုပြီး ပြန်ဖြေတယ်။
နောက်ဆုံး ပုံနှိပ်ဖော်ပြလိုက်တယ်။

ပုံနှိပ်ဖော်ပြတဲ့နေ့မှာပဲ အစိုးရ တရားရေးဌာနက ဖုန်းလာတယ်။ ဆက်မရေးဖို့။ ဒါပေမဲ့ အာမမခံနိုင်ဘူးလို့ အယ်ဒီတာက ငြင်းလိုက်တယ်။
အဲဒီနောက်မှာ သတင်းစာတွေ အချင်းချင်း သွေးစည်းညီညွတ်မှုကို ပြတဲ့အနေနဲ့ အခြားသတင်းစာတိုက်တွေ ကပါ အဲဒီသတင်းတွေကို ဖော်ပြလာ ကြတယ်။
နောက်ဆုံးတော့ ဝါရှင်တန်ပို့စ်ရော၊ နယူးယောက်တိုင်းမ်ရော တရားရင်ဆိုင် ရတယ်။
သတင်းစာတွေဟာ တိုင်းပြည်လျှို့ ဝှက်ချက်ကို ပေါက်ကြားစေတယ်၊ တိုင်းပြည် သစ္စာဖောက်တယ်၊ အမေရိ ကန်အစိုးရကို စီမံအုပ်ချုပ်ရ ခက်အောင် လုပ်တယ်၊ ကမ္ဘာ့အလယ်မှာ အမေရိကန် နိုင်ငံခြားရေးနဲ့ လုံခြုံရေးကို အရှက်တကွဲ အကျိုးနည်း ဖြစ်အောင် လုပ်တယ်ဆိုပြီး အစိုးရဘက်က စွပ်စွဲပြီး စွဲချက်တင် တယ်။

ပြည်သူတွေ သတင်းသိပိုင်ခွင့်၊ သတင်းစာ လွတ်လပ်ခွင့်နဲ့ နိုင်ငံတော် လုံခြုံရေးဆိုတဲ့ အယူအဆ အားပြိုင် ကြတယ်။
တရားသူကြီးအစုအဖွဲ့က နောက် ဆုံး သတင်းစာတွေကို အနိုင်ပေးလိုက် တယ်။ ဒါဟာ အမေရိကန်သမိုင်းမှာ အစိုးရရဲ့ သဘောကို ဆန့်ကျင်ပြီး အနိုင်ပေးလိုက်တဲ့ ကြီးမားတဲ့ သမိုင်း အလှည့် အပြောင်းအဖြစ် မှတ်တမ်းဝင သွားပါတော့တယ်။
တရားသူကြီး အဖွဲ့ (ဂျုရီအဖွဲ့) ဝင် ၉ ဦးမှာ ၆ ဦးက သတင်းမီဒီယာ ဘက်ကို အနိုင်ပေးခဲ့တာ ဖြစ်ပါတယ်။ တနည်း အားဖြင့်ဆိုရသော် ပြည်သူတို့ လွတ်လပ် စွာ သတင်းသိပိုင်ခွင့်အတွက် အောင်ပွဲ လည်း ဖြစ်သွားတယ်။
အစိုးရဘက်ကတော့ နိုင်ငံအတွက် အရှက်ရစေတဲ့ ဆုံးဖြတ်ချက်ဆိုပြီး ယူဆ နိုင်တယ်။
ဒီဆုံးဖြတ်ချက်ကပဲ ဒီမိုကရေစီဆို တာ ဘာလဲဆိုတာ ကမ္ဘာမှာ စံပြဖြစ်သွား တယ်။ တရားရေးမဏ္ဍိုင်ရဲ့ လွတ်လပ်မှု၊ လွတ်လပ်စွာ တရားစီရင်မှု ဆိုတာဘာလဲ ဆိုတာကို အမေရိကန် တရားရေးစနစ်က တစ်ကမ္ဘာလုံးကို ဆရာလုပ်လိုက်နိုင် တယ်။
ဒီမိုကရေစီ စနစ်ကို အမေရိကန်တို့ ဘယ်လို တည်ဆောက်ပြုပြင်ယူခဲ့လဲ ဆိုတာ ဒီဖြစ်ရပ်တစ်ခုတည်းနဲ့တင် ကမ္ဘာကြီးက လေ့လာစရာ ဖြစ်သွား တယ်။

အခု The Post ရုပ်ရှင်နဲ့ မြန်မာ နိုင်ငံက ပြဿနာတွေနဲ့ ချိန်ထိုးရင်း တရား ရေးစနစ်ရဲ့ အရေးပါပုံကို တွေးတောမိ တယ်။
မြန်မာနိုင်ငံမှာ လူတွေ မယုံကြည် ဆုံးစနစ်က တရားရေးစနစ် ဘာလို့ဖြစ် နေလဲဆိုတာ သွားစဉ်းစားမိတယ်။ တရားရေးမဏ္ဍိုင်ရဲ့ တည့်မတ်မှုနဲ့ တိုင်း ပြည်ကို ဘယ်လို ကောင်းအောင်ထိန်းလို့ ရလဲ၊ အစိုးရဆိုးတွေကို ဘယ်လို တည့်မတ် လို့ရလဲ စဉ်းစားမိတယ်။ ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်တဲ့ နေရာမှာ တရား ရေးမဏ္ဍိုင်ရဲ့ ဖြောင့်မတ်မှုဟာ ဘယ်လောက် အရေးပါလဲဆိုတာ ဆင်ခြင်မိတယ်။
တရားသူကြီးတွေရဲ့ ဆင်ခြင်တုံ တရား၊ နိုင်ငံတည်ဆောက်ရေးအတွက် တရားသူကြီးတွေရဲ့ စဉ်းစားဆုံးဖြတ်ပုံ အဲဒါတွေရဲ့ အရေးပါမှုတွေကို ထင်းထင်း ကြီး မြင်နိုင်တယ်။

တရားရေး စနစ်ကောင်းနဲ့ တရား သူကြီးတွေရဲ့ မှန်ကန်သော ဆင်ခြင်တုံ တရားဟာ ပြည်သူတွေကို အကာအကွယ် ပေးနိုင်တယ်၊ တိုင်းပြည်ကို လမ်းမှန်ပို့ ပေးနိုင်တယ်။ ကိုယ့်တိုင်းပြည်ရဲ့ တရားရေးစနစ်အပေါ် ကမ္ဘာကြီးက ပိုယုံကြည်လာနိုင်မယ်။ ဆိုတော့ တရား မျှတမှု ရှိတဲ့ တိုင်းပြည်ဆိုရင် နိုင်ငံခြား ခရီးသွားတွေ လာလည်ပတ်ရဲမယ်၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လာရဲမယ်၊ အစိုးရနဲ့ ဆက်ဆံရဲမယ်။ ပြည်သူတွေက မတရားတာကို ခုခံတိုင်တန်းရဲလာမယ်။

ပင်တဂွန် စာတမ်းအမှုအခင်းမှာ သမိုင်းဝင် ဆုံးဖြတ်ချက်ချမှတ်ခဲ့တဲ့ တရားသူကြီးတွေဟာ အဲဒီအချိန်တုန်းက ဆုံးဖြတ်ချက်ချဖို့ ဘယ်လောက်ထိ ခက်ခက်ခဲခဲ စွန့်စားလိုက်ရလဲ မသိဘူး။ ဒါပေမဲ့ သူတို့ နာမည်တွေကတော့ အခုထိ သမိုင်းတွင်တုန်း။ အဲဒီ တရား စီရင်မှုကို နှောင်းလူတွေ ကိုးကားချီးကျူး ကြတုန်းဖြစ်တယ်။
မြန်မာနိုင်ငံက တရားသူကြီးတွေ လည်း အဲလိုမျိုး ဖြစ်လာမယ်လို့ မျှော် လင့်တယ်။ တရားဥပဒေ အကိုးအကား တွေအပြင်၊ တိုင်းပြည်တည်ဆောက်ရေး၊ ဒီမိုကရေစီတည်ဆောက်ရေး၊ လူထု အတွက် သာယာဝပြော လွတ်လပ်တဲ့ ပတ်ဝန်းကျင်တည်ဆောက်ရေး အမြင်နဲ့ တရားစီရင်ဖို့၊ ဆုံးဖြတ်ချက်တွေချဖို့ မျှော်လင့်မိတယ်။

ဒါဟာသက်ဆိုင်ရာ တရားသူကြီး သမိုင်းမှာ အမည်မှတ်ကျောက်တင် ကျန်ခဲ့မဲ့ အခွင့်အရေး ဖြစ်တယ်။
ပင်တဂွန်စာတမ်းအမှုကို ဆုံးဖြတ် ချက်ချရာမှာပါတဲ့ တရားသူကြီးတစ်ဦး က အခုလိုမျိုး မှတ်ချက်ပြုပါတယ်။
“သတင်းစာဆိုတာ အုပ်ချုပ်သူတွေ အတွက် မဟုတ်ဘူး။ အုပ်ချုပ်ခံ ပြည်သူ ပြည်သားတွေကို အလုပ်အကျွေးပြုဖို့ ဖြစ်တယ်”