ဆလုံတို့၏ လူသိလွဲမှား၊ လူသိနည်းပါး ဓလေ့စရိုက်များ (၂)

0
490

ဆလုံလူမျိုးတို့က သူတို့အကြောင်း အားလူတို့ ခေတ်အဆက်ဆက် ရေးသား ဖော်ပြခဲ့သည်များထဲမှ လွဲမှားစွာ ကောက် ချရေးသားဖော်ပြမှုအချို့ကို ငြင်းပယ် လိုက်ကြသည်။
မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင် အတွင်း ကျွန်း ၈ ကျွန်းမှ ဆလုံရွာ ၁၀ ရွာမှ ဆလုံလူမျိုးများအား သွားရောက် တွေ့ဆုံမေးမြန်းကာ ဆလုံတို့၏ လူသိ လွဲမှားနေသော အချက်များ၊ လူသိနည်း ပါးသေးသော ဓလေ့စရိုက်များကို တင် ဆက်လိုက်ပါသည်။

အိမ်ရာ အတည်တကျဖြင့်သာ နေကြပါသည်
ဆလုံဟု ဆိုလိုက်လျှင် အိမ်ရာ အတည်တကျ မရှိသူများ၊ လှေပေါ်မွေး၊ လှေပေါ်နေ၊ လှေပေါ်သေသော လူမျိုးများ ဟု ဆိုခြင်းမှာ မဟုတ်ကြောင်း သူတို့က ငြင်းဆိုကြသည်။
သူတို့သည် ဘိုးစဉ်ဘောင်ဆက် ကျွန်းများတွင် အုပ်စုဖွဲ့ အိမ်ရာထူထောင် နေထိုင်ခဲ့ကြသူများဖြစ်ကြောင်း ဖွင့်ဆို ကြပါသည်။
“(ကျွန်မကို) ဒီမှာပဲ မွေးတယ်၊ အမေအဖေတွေလည်း ဒီမှာပဲသေတယ်”ဟု ကျွန်းစုမြို့နယ်၊ သရောသတန်ကြီး ကျွန်း၊ ပရောဝါး(ဆလုံ)ရွာမှ (ခန့်မှန်း အသက် ၈၀ နှစ်ကျော်အရွယ်)ဆလုံ အဖွားအို ဒေါ်မအိုင်းက အိမ်ရှေ့ သဲခုံကို လက်ညွန်းထိုးကာ ပြောသည်။

ထိုရွာမှ သက်ကြီးရွယ်အိုတို့ ကလည်း ဒေါ်မအိုင်းစကားကို ထောက်ခံ ကြပါသည်။
“အိမ်မှာပဲနေတယ်၊ မိုးလင်းထွက်၊ အလုပ်လုပ်၊ နေကျမှ ရွာပြန်ဝင်”ဟု (အသက် ၈၀) ခန့်ရှိ ပရောဝါးရွာသူ ဆလုံအမျိုးသမီးကြီး ဒေါ်ချေဝါးက ပြောသည်။
ယခင်က ကျွန်းပေါ်တွင် ပေါ်တာ ဆွဲခြင်း၊ လုပ်အားပေး အတင်းအဓမ္မ ခေါ်ယူခြင်းတို့ ပြုလုပ်ခဲ့စဉ်ကပင် ရွာများ ကို စွန့်ခွာထွက်ပြေးခြင်း မပြုကြဟု ဆို သည်။

“အရင်တုန်းကဆို လူစိမ်းဝင်လာ ရင် ရွာထဲမှာ ယောက်ျား မရှိတော့ဘူး၊ ပြေးကုန်ပြီ၊ ရွာပျက်လောက်အောင် တော့ မဟုတ်ဘူး၊ အဝေးကြီးသွားတာမျိုး မဟုတ်ဘူး၊ ဒီတောထဲက ချုံပုတ်တွေမှာပဲ ခိုအောင်းပြီးတော့ နားစွင့်နေတဲ့ သဘော ပေါ့”ဟု ပရောဝါးကျေးရွာတာဝန်ခံ ဦးဝင်အောင်က ပြောသည်။
တစ်ချိန်က ဆလုံအချို့က ရွာမှ မိသားစုအလိုက် ထွက်ခွာပြီးနောက် ပင်လယ်ထဲ လှည့်လည်ငါးဖမ်း၊ နီးစပ်ရာ ကျွန်းများသို့ ဝင်ရောက်ရောင်းချ၊ စားနပ် ရိက္ခာဖြည့်တင်းရင်း ပင်လယ်အတွင်း လချီ လှည့်လည်နေတတ်သည်များ ရှိသော်လည်း အလုပ်စခန်း သိမ်းချိန် (တပေါင်း တန်းခူး၊ မိုးမကျမီ) မိမိ ဇာတိရွာသို့အရောက် ပြန်လာနေထိုင် တတ်ကြကြောင်း ပြောကြသည်။
မိုးတွင်းလွန် သီတင်းကျွတ်ပြီးမှ မိသားစုအလိုက် ပြန်ထွက်ခွာ တတ်ကြ သည်။

“ရွာမှာ အိမ်တွေနဲ့ပဲ နေခဲ့တယ်။ အရင်က အိမ်ကောင်းကောင်းတော့ မဆောက်နိုင်ဘူးပေါ့၊ တဲငယ်တွေ ဆောက် တယ်၊ တာလပါတွေ မိုးတယ်ပေါ့”ဟု ကျွန်းစုမြို့နယ်၊ ဒုံးညောင်မှိုင်းကျွန်းမှ (ခန့်မှန်း အသက် ၇၀ ကျော် အရွယ်) ဆလုံအမျိုးသမီး ဒေါ်ချိုလပ်က ပြော သည်။
ယခုအချိန်တွင်မူ ယင်းသို့ ပွင့်လင်း ရာသီတစ်ခုလုံး လှည့်လည်သွားလာနေ သည့် ဆလုံလူမျိုး မရှိတော့ဟု ဆိုကြ သည်။ လက်ရှိတွင် ဆလုံတို့ ပင်လယ် တစ်ခါထွက်လျှင် တစ်နေ့ထွက် တစ်နေ့ ဝင်မှ တစ်ပတ်၊ ဆယ်ရက်မှ တစ်လခန့် ကြာကြသည်။
“မိသားစုတွေ အားလုံး လှေထွက် တယ်၊ အကြာဆုံးက တစ်ပတ်ဆယ်ရက် ပေါ့၊ လုပ်ငန်း အဆင်ပြေရင် ပြန်ဝင်လာ တယ်၊ ရလာတဲ့ ပင်လယ်ပစ္စည်းတွေ ရောင်းစားတယ်”ဟု ကော့သောင်းမြို့နယ် မကြုံကလက်ရွာမှ (ခန့်မှန်း အသက် ၈၀ ဝန်းကျင်) ဆလုံ အမျိုးသမီးကြီး တစ်ဦးက ပြောသည်။

သူတို့သည် သူတို့နေထိုင်သည့် ကျွန်းများသို့ လူစိမ်းတို့ အလုံးအရင်းအလိုက်လာရောက်နေထိုင်ကာ သူတို့နှင့် သဟဇာတ မဖြစ်ခြင်း၊ အနိုင်ကျင့်ခံရခြင်း ကြောင့်လည်းကောင်း၊ ရာသီဥတု ပြောင်း လဲမှုအရ ရေချို ပြတ်လပ်ရှားပါးလာ ခြင်းကြောင့်လည်းကောင်း စသော အခြေ အနေအရပ်ရပ်အရ သူတို့ မူလနေထိုင်ရာ ကျွန်းများကို မလွှဲမရှောင်သာ အလုံး အရင်းအလိုက် စွန့်ခွာခြင်းမျိုး ပြုလုပ် ကြရသော်လည်း ၎င်းတို့ ခြေကုပ်ယူနေ ထိုင်မိသောကျွန်းတွင် ရေရှည်တည်မြဲ စွာနေထိုင်တတ်သည့် လှေပေါ်တွင်သာ နေထိုင်သူများ မဟုတ်သော ကမ်းနေ လူမျိုးများ ဖြစ်ကြောင်း ဖွင့်ဟကြသည်။

ဆလုံတို့သည် လှေပေါ်တွင်သာ နေထိုင်သည့် အိမ်ခြေမဲ့ ပင်လယ်ဂျစ်ပ စီများဖြစ်သည်ဟူသော အဆိုကို မကြုံ ကလက်ရွာမှ နတ်ဆရာ ကာရှား၏ သားကြီးဖြစ်သူက အောက်ပါအတိုင်း စိန်ခေါ်သည်။
“ကျွန်းတွေက သင်္ချိုင်းတွေကို လိုက်ဖော်ကြည့်၊ ဆလုံအလောင်းနဲ့ ဗမာ(ဆလုံမဟုတ်သော အခြားလူမျိုး များ) အလောင်း ဘယ်က ပိုများလဲလို့”

အိမ်ထောင်ပြုပုံ ရိုးစင်း
“ဆလုံမယားခိုး လှေထဲလှေထဲ”ဟု ပြောတတ်ကြသည်ကို အချို့က ငြင်းပါသည်။
မကြုံကလက်နေ ဆလုံ နတ်ဆရာ အိုကြီးကာရှားမှအစ ဆလုံအမျိုးသား တို့သည် အများအားဖြင့် မိမိတို့ နှစ်သက် သူကို ရှိသည့်ပစ္စည်းများဖြင့် တင်တောင်း ခဲ့ကြကြောင်း ပြောကြသည်။

ဆလုံအမျိုးသမီးတို့ကလည်း မိမိ တို့ နှစ်သက်မှ တောင်းရမ်းခြင်းကို လက်ခံကြသည်ဟု ဆိုကြသည်။
“(ယောက်ျားက) ဆွေမျိုးတွေကို ရွှေပေး၊ ပိုက်ဆံပေးပြီးတော့ ကျွန်မကို တောင်းယူတယ်၊ ချစ်လို့ယူတယ်၊ မချစ် ရင် မယူဘူး”ဟု ကော့သောင်းမြို့နယ်၊ ဂျလမ်းကျွန်းမှ ဆလုံမကြီး ဒေါ်နုက သူ အိမ်ထောင်ပြုခဲ့ပုံကို ပြောသည်။
ထိုသို့ တောင်းရမ်းက ဆလုံလူကြီး သူမများနှင့် ရပ်ရွာအသိုင်းအဝိုင်းမှ လင်မယား အရာမြောက်ကြောင်း အသိ အမှတ်ပြုပေးကြသည်။
အချို့ဆလုံတို့ အိမ်ထောင်ပြုပုံမှာ တောင်းရမ်းယူခြင်းထက် ပိုမိုရိုးစင်း ပါသည်။ မိဘနှင့် ချစ်သူအမျိုးသမီး သဘောတူလျှင် တော်ပြီ။
“(ယောင်္ကျားနဲ့က) ဒီကျွန်းမှာပဲ တွေ့တယ်၊ အိမ်ပေါ် တက်အိပ်တာ လောက်ပဲ လိုတယ်”ဟု ကျွန်းစုမြို့နယ်၊ သရောသတန်ကြီးကျွန်း၊ ပရောဝါး (ဆလုံ)ရွာမှ (ခန့်မှန်းအသက် ၈၀ နှစ် ကျော်) ဒေါ်မအိုင်းက ပြောသည်။
ပရောဝါးရွာတာဝန်ခံ ဦးဝင်းအောင် က သူ့အမျိုးသမီး ဆလုံမလေးနှင့် အိမ်ထောင်ကျစဉ်က တောင်းရမ်းခြင်း၊ ခိုးယူခြင်း မရှိဘဲ ယောက္ခမတို့၏ သဘော တူညီချက်ဖြင့် အိမ်ပေါ်တက်နေခဲ့ ကြောင်း ပြောသည်။

“အပေါင်းအသင်းတွေက ပြောတယ်၊ ဒီကောင်မလေးတော့ မင်းကို ကြိုက်နေ ပြီပေါ့၊ သူငယ်ချင်းတွေက တိုက်တွန်း လာတယ်ပေါ့နော်၊ တိုက်တွန်းရင်းနဲ့၊ ခိုးပြေးတာတော့ မရှိပါဘူး၊ အိမ်ထက်မှာ တက်နေလိုက်တယ်။ တစ်ခါတည်း သူ့မိဘတွေက သဘောတူပြီးသား။ သဘောမတူတဲ့ လူဆိုရင်တော့ ပြဿနာ ဖြစ်လာမယ်ပေါ့နော်၊ သူတို့မှာလည်း လူမျိုးရေးအပိုင်းက နည်းနည်းရှိတာပေါ့။ ကျွန်တော်ကျ တော့ မနေခင်ကတည်းက ယောက္ခမ ဘာညာခေါ်တာ စိတ်ဆိုးတယ် မရှိဘူးလေ”ဟု ဦးဝင်းအောင်က ပြော သည်။
ဦးဝင်းအောင်တို့ လင်မယားသည် ခရစ်ယာန်ဘာသာသို့ ကူးပြီးနောက် ကလေး ၃ ယောက် ရပြီးချိန်တွင် ခရစ်ယာန်တို့ ထုံးတမ်းအတိုင်း ဘုရား ကျောင်းတွင် လက်ထပ်ခဲ့ကြသည်ဟု ဆိုသည်။

ဒေသအလိုက် စကားကွဲလွဲ
ဆလုံတို့သည် နေရာဒေသကို လိုက်၍ စကားပြော ကွဲလွဲကြသည်။
အထူးသဖြင့် ကျွန်းစုမြို့နယ် ဒုံးအုပ်စုမှ ဆလုံများနှင့် ကော့သောင်း မြို့နယ်အတွင်း ကျွန်းများမှ ဆလုံတို့ စကားပြော အတော်ပင် ကွဲလွဲသည်။

“မတူပါလား၊ ဟိုမှာက တစ်မျိုး၊ ဒီရွာက တစ်မျိုး၊ ဆလုံတော့ ဆလုံပဲ၊ သူတို့လည်း ဆလုံ၊ ကျွန်မတို့လည်းဆလုံ တူတူပဲ၊ စကားပြောတော့ မတူဘူး၊ တစ်ရွာနဲ့တစ်ရွာ မတူဘူးပေါ့”ဟု ကျွန်းစု မြို့နယ် ပရောဝါးရွာသူ ဒေါ်ချေဝါးက ပြောသည်။
တစ်နယ်မှ ပြောသည့်သီချင်းဆို သည့် တေးသီချင်းများကို နောက် တစ်နယ်တစ်ကျွန်းတွင် ဖွင့်ပြရာ အများစု က နားမလည်ဟု ဆိုကြသည်။ အချို့ကမူ စကားလုံးအများစုမှာ ဝဲသွားရုံဟု ဆိုကြ သည်။

“ဒီမှာက ရေကို “ရေး” လို့ခေါ် တယ်၊ ဟို(တောင်ဘက်ပိုင်း ကျွန်းများ)မှာက “ဝေးဒခေါ်တယ်”ဟု ဒေါ်ချေဝါးက ပြောသည်။
အောက်ဘက်က ဆလုံများကလည်း ဘာသာစကား မတူကွဲပြားသည်ကို လက်ခံကြသည်။
တစ်ချို့ဆလုံများကမူ ဗမာစကား မက ကရင်စကားကိုပင် နားလည်နိုင် ပြောဆိုနိုင်ကြပြီ ဖြစ်သည်။

ဆက်လက်ဖော်ပြပါမည်။