လုပ်ငန်းလိုင်စင် သက်တမ်း မတိုးသည့် သုံးဘီး တစ်ရာကျော်ရှိ

0
442

ထားဝယ်ခရိုင်တွင် လုပ်ငန်းလိုင် စင် သက်တမ်းမတိုးသည့် သုံးဘီးဆိုင် ကယ် အစီးရေ တစ်ရာကျော်ရှိကြောင်း လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာန တနင်္သာရီ တိုင်းဒေသကြီးရုံးထံမှ သိရသည်။
ခရိုင်အတွင်းရှိသည့် သုံးဘီးအစီး ရေ ၁၁၄၅ စီးအနက် လုပ်ငန်းလိုင်စင် သက်တမ်းလာမတိုးသည့် အစီးရေ ၁၃၉ စီးရှိပြီး ယင်း သက်တမ်းမတိုးသည့် သုံးဘီးများကို တစ်ပတ် တစ်ကြိမ်ခန့် ဖမ်းဆီးရေးလုပ်နေကြောင်း အထက်ပါ ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးကျော်စွာထွန်းက ပြောသည်

“ဖမ်းမိရင် ဒဏ်ရိုက်ပြီး သက်တမ်း ပြန်တိုးခိုင်းနေတယ်”ဟု ဦးကျော်စွာ ထွန်းက ပြောသည်။
ဖမ်းမိပါက လုပ်ငန်းလိုင်စင်မရှိသည့် ၃ ဘီးကို ဒဏ်ငွေ ကျပ် ၅ ထောင်၊ သက်တမ်းလွန်နေပါက ကျပ် ၂ ထောင် ဒဏ်တပ်ရိုက်ပြီး လိုင်စင် ပြုလုပ်ပေး ခြင်း၊ သက်တမ်းတိုးပေးခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း ၎င်းက ဆိုသည်။
“ယာဉ်လိုင်စင်ကို သက်တမ်းတိုးရန် မတတ်နိုင်သေးသည့်အတွက် လုပ်ငန်း လိုင်စင်သက်တမ်း မတိုးရသေး”ဟု ထားဝယ်မြို့မဈေးကြီးတွင် ဂိတ်ထိုးပြေးဆွဲနေသည့် သုံးဘီးယာဉ် မောင်းတစ်ဦးက ပြောသည်။

သုံးဘီးလုပ်ငန်းလိုင်စင် သက်တမ်းတိုး လုပ်ဆောင်ပါက ငွေကျပ် တစ်သောင်းဝန်းကျင် ကုန်ကျကြောင်း အထက်ပါဌာနထံမှ သိရသည်။
ယာဉ်လိုင်စင်သက်တမ်းရှိမှ လုပ်ငန်းလိုင်စင်သက်တမ်း တိုးပေးခြင်း ဖြစ်သည်။
လုပ်ငန်းလိုင်စင် သက်တမ်းမှာ ၁ နှစ် ဖြစ်ကြောင်း အထက်ပါရုံးထံမှ သိရသည်။