သဘာဝဘေးကြောင့် နေအိမ်နှင့်ကျောင်းဆောင် တစ်ဆယ်ကျော်ပျက်စီး

0
329

တနင်္သာရီတိုင်းအတွင်း သဘာဝ ဘေးများဖြစ်သည့် မီးလောင်ခြင်း၊ လေ ပြင်းတိုက်ခြင်း၊ ပင်လယ်ရေ တိုက်စား သဖြင့် ကမ်းပါးပြိုကျခြင်းတို့ကြောင့် နေအိမ်နှင့် စာသင်ကျောင်းဆောင် တစ်ဆယ်ကျော် ပျက်စီးသွားကြောင်း တိုင်းဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနထံမှ သိရသည်။

တိုင်းဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၏ ဇွန်လ ၂ ရက်မှ ၁၅ ရက် အထိ စာရင်းအရ မီးလောင်မှုကြောင့် နေအိမ်တစ်ဆောင်၊ လေပြင်းကြောင့် နေအိမ်နှင့် အခြေခံပညာကျောင်း အဆောက် အအုံ ခုနှစ်ဆောင်၊ ကမ်းပါးပြိုကျခြင်း ကြောင့် လူနေအိမ် သုံးဆောင် စုစုပေါင်း ၁၁ ဆောင် ပျက်စီးသွားကြောင်း သိရသည်။

မီးလောင်မှုနှင့် လေပြင်းတိုက်ခတ် ခြင်းကြောင့် ပျက်စီးမှုများ ဆုံးရှုံးမှုတန် ဖိုးမှာ ၄၆ သိန်း ရှိပြီး ကမ်းပါးပြိုကျခြင်း ကြောင့် ဆုံးရှုံးမှုတန်ဖိုးကိုမူ တွက်ချက် နေဆဲ ဖြစ်ကြောင်း အထက်ပါ ဦးစီးဌာန ဒုတိယ ဦးစီးမှူး ကိုနိုင်လင်းထက်က ပြောသည်။
“လူနေအိမ်တွေ ပျက်စီးသွားတာပဲ ရှိတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူတွေတော့ မရှိဘူး” ဟု ၎င်းကဆိုသည်။
ပျက်စီးမှုများအနက် လုံးဝပျက်စီး သွားသည့် လူနေအိမ်အချို့နှင့် ခေါင်မိုး လန်ပျက်စီးသွားသည့် လူနေအိမ်နှင့် အခြေခံပညာကျောင်း အဆောက်အအုံ အချို့ ပါဝင်သည်။

ယင်းသဘာဝဘေး ဒဏ်ခံစားရ သည့် မိသားစုများကို ဆန်၊ ကယ်ဆယ် ရေးပစ္စည်းများနှင့် ထောက်ပံ့ကြေးများကို ပျက်စီး၊ ဆုံးရှုံးမှု အနည်းအများအပေါ် မူတည်ပြီး ထောက်ပံ့လျက်ရှိကြောင်း အထက်ပါ ဦးစီးဌာနထံမှသိရသည်။