တညင်းသီး အထွက်များ၊ ဈေးအဆမတန် ထိုးကျ

0
521

မြိတ်တွင် ရာသီပေါ်သီးနှံတစ်ခု ဖြစ်သည့် တညင်းသီးအထွက်များခဲ့ပြီး စပေါ်စဉ်အချိန်ကထက် ဈေးအဆမတန် ထိုးကျသွားကြောင်း ယင်းဈေးကွက် အတွင်းမှ သိရသည်။
တညင်းသီးစပေါ်သည့် မတ်လ အတွင်း ၄၃ ပိဿာ ဝင်ဆန့်သည့် အခွံပါ တညင်းသီး တစ်အိတ်လျှင် ကျပ်နှစ်သိန်း အထိ ဈေးပေါက်ခဲ့ပြီး မေလအတွင်း တွင်မူ တစ်အိတ်လျှင် ကျပ်လေးသောင်း သာပေါက်ဈေးရှိတော့ကြောင်း မြိတ် တောင် ကျေးရွှာရှိ တညင်းသီး အဝယ်ဒိုင် ဒေါ်ယဉ်ယဉ်ဝင်းက ပြောသည်။

ယမန်နှစ်က ဈေးကွက်အတွင်း တညင်းသီး တစ်အိတ်လျှင် ကျပ်တစ် သိန်းငါးထောင်အထိသာ ဈေးပေါက် ခဲ့ပြီး အတက်အကျ နည်းခဲ့သည်ဟု ဒေါ်ယဉ်ယဉ်ဝင်းက ဆိုသည်။
“ဒီနှစ်က နေရာတိုင်းမှာ သီးနေ (ထွက်နေ)ဆိုတော့ ဈေးလည်းကျပြီပေါ့”ဟု ၎င်းက ပြောသည်။
တညင်းသီးများကို ရန်ကုန်၊ မန္တလေးနှင့်ပဲခူးသို့ နေ့စဉ် အိတ် ၁၅၀ ခန့် တင်ပို့ ရောင်းချနေကြောင်း ၎င်းက ပြောပြသည်။

တညင်းသီး စပေါ်သည့်အချိန်က အလုံးတစ်ရာလျှင် ကျပ်ရှစ်ထောင်နှင့် တစ်သောင်းကြား ဈေးပေါက်ခဲ့ပြီး ပြီးခဲ့သည့် မေလတွင် အလုံးတစ်ရာလျှင် ကျပ်တစ်ထောင့်ငါးရာမှ နှစ်ထောင် သာဈေး ရှိတော့သည်ဟု မြို့သစ်ဈေးမှ တညင်းသီးရောင်းဝယ်သူ အသက် ၅၀ အရွယ်ရှိ ဒေါ်အေးမွန်က ပြောပြသည်။
တညင်းသီးများကို မတ်လဆန်းမှ စကာ ဇူလိုင်လအထိ ထွက်ရှိပြီး ကျွန်းစုမြို့နယ်၊ ကတ္တလူ၊ မရမ်းချောင်း၊ ကဘင်းချောင်းနှင့် တီးပူချောင်း တို့မှ အများဆုံး ထွက်ရှိကြောင်း ဈေးကွက် အတွင်းမှ သိရသည်။