ထားဝယ်ဈေးကွက်အတွင်းရှိ ပဲပြားတွင် ဖော်မလင်တွေ့ ပြန်

0
403

ထားဝယ်မြို့မဈေးကြီးနှင့် ကမ်းနားဈေးတွင် ရောင်းချနေသည့် ပဲပြားအချို့တွင် ဖော်မလင် ပါဝင်နေ သည်ကို တွေ့ရကြောင်း တနင်္သာရီတိုင်း ဒေသကြီး အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန(FDA)ထံမှ သိရ သည်။

မြို့မဈေးကြီးနှင့် ကမ်းနားဈေးရှိ ဈေးဆိုင်များမှ ပဲပြားနမူနာများကို မေလ ၁၇ ရက်က ဓာတ်ခွဲစစ်ဆေးရာ ဖော်မလင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း FDA တိုင်း ဒေသကြီးရုံးမှ ဦးစီးအရာရှိ ဒေါက်တာ ရဲဂေါင်တင်က ဆိုသည်။
ထားဝယ်မြို့မဈေးကြီးတွင် ပဲပြားဆိုင် ၂ ဆိုင်နှင့် မုန့်ဖတ်ဆိုင် ၆ဆိုင်ရှိ နမူနာများကို ဓာတ်ခွဲစစ်ဆေးရာ ပဲပြားဆိုင် နှစ်ဆိုင်စလုံးမှ ပဲပြားများတွင် ဖော်မလင်တွေ့ရပြီး မုန့်ဖတ်များတွင်မူ မတွေ့ရဟု ၎င်းက ပြောသည်။

ထို့အပြင် ကမ်းနားဈေးရှိ ပဲပြား ဆိုင် ၂ဆိုင်နှင့် မုန့်ဖတ်ဆိုင် ၈ ဆိုင်မှ နမူနာများကို ဓာတ်ခွဲစစ်ဆေးရာ ပဲပြား ဆိုင်တစ်ဆိုင်မှ ပဲပြားတွင် ဖော်မလင် တွေ့ရသည်။
“ဓာတ်ခွဲတဲ့ အဖြေထွက်တာနဲ့ ရောင်းတဲ့ဆိုင်တွေကို သွားပြီး ပစ္စည်း တွေ သိမ်းတယ်၊ ဆိုင်ရှင်ကို ခံဝန်ထိုး ခိုင်းတယ်”ဟု ဒေါက်တာ ရဲဂေါင်တင်က ပြောသည်။

အဆိုပါဆိုင်များတွင် ဖော်မလင် ပါသည့် ပဲပြားများ ထပ်မံဖမ်းမိပါက တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ကွပ်ကဲရေး ကော်မတီ ထံ တင်ပြကာ ဥပဒေအရ အရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဖော်မလင်တွေ့ရှိခဲ့သည့် အဆိုပါ ပဲပြားများကို ရန်ကုန်မြို့မှ တင်သွင်း ရောင်းချကြောင်း ပဲပြား အရောင်းဆိုင် ပိုင်ရှင်များက ပြောသည်။

ဖော်မလင်ပါသည့် ပဲပြားများ ထုတ်လုပ်သည့် ပင်ရင်းနေရာများကို စစ်ဆေးအရေးယူနိုင်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီး ဦးစီးမှူးများနှင့် ချိတ် ဆက်ဆောင်ရွက်နေကြောင်း ဒေါက်တာ ရဲဂေါင်တင်က ဆိုသည်။

ပြည်သူများ စားသောက်မိပါက ကျန်းမာရေးကို များစွာထိခိုက်နိုင်သည့် အတွက် အစားအသောက်များ ဘေး အန္တရာယ် ကင်းရှင်းမှုရှိစေရန် တစ်ပတ် တစ်ကြိမ် ပုံမှန်စစ်ဆေးသင့်ကြောင်း ထားဝယ်မြို့ ဘုမ္မော်ရပ်ကွက်နေ ဦးဇော်ဝင်းက ပြောသည်။
“ဒီလိုရောင်းချတာကို ထိထိရောက် ရောက်ကို အရေးယူသင့်တယ်”ဟု ဦးဇော်ဝင်းက ဆိုသည်။

ဖော်မလင်ပါသည့် အစားအစာကို စားသုံးမိပါက အစာအိမ် အူလမ်းကြောင်း ရောင်ရမ်းကာ အစာအိမ်ထိခိုက်ခြင်း၊ အသည်းထိခိုက်ခြင်းနှင့် သွေးထဲအထိ စိမ့်ဝင်ပျံ့နှံ့ကာ ကျောက်ကပ်ပျက်စီး နိုင်ပြီး ရေရှည်စားသုံးမိက အသက် အန္တရာယ်ပါ ထိခိုက်နိုင်ကြောင်း ဒေါက်တာ ရဲဂေါင်တင်က ရှင်းပြသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇူလိုင် လကလည်း ထားဝယ်မြို့မဈေးကြီးနှင့် ကမ်းနားဈေးများတွင် ရောင်းချနေသည့် ပဲပြား ၃ မျိုးတွင် ဖော်မလင် တွေ့ရှိ ခဲ့ဖူးပြီး FDA က ရောင်းချသူများကို ခံဝန်ထိုးစေကာ ပစ္စည်းများ သိမ်းဆည်း ခဲ့ဖူးသည်။