ခြင်ထောင်ဇာတ်လမ်း၊ အချောင်လမ်း

0
542

သမ္မတ ဦးဝင်းမြင့်တက်လာပြီး နောက် အဂတိလိုက်စားမှု တိုက်ဖျက် ရေးကော်မရှင်နဲ့တွေ့တာ၊ အစား အသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က ညွှန်ကြားရေးမှူးချုပ်ကို အကျင့်ပျက်ချစားမှုနဲ့အမှုဖွင့်တာ၊ ဧရာဝတီတိုင်းက စည်ပင်ညွှန်မှူးကို ရာထူးချ အရေးယူတာတွေ တွေ့ရတော့ လူထုကြားလှုပ်လှုပ်ရွရွ။
သမ္မတ ဦးဝင်းမြင့် လက်သံပြောင် တယ် ဆိုပြီးမျှော်လင့်ထားတဲ့ အပြောင်း အလဲတွေ တကယ်ဖြစ်တော့မယ်ဆိုပြီးထင်ကြေးပေးကြတာလည်း မနည်းပါဘူး။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကငါးကြီးကြီးတွေ ကြော်တော့ မလားဆိုပြီး တကျော့ပြန်မျှော်လင့်ကြတာ လည်း တစ်ပုံတပင်ပါပဲ။
နိုင်ငံရေးနယ်ပယ်နဲ့ နီးနီးစပ်စပ်ရှိ သူတချို့ကတော့ ကျပ်သိန်း ၁၅၀၀ ကျော် လာဘ်စားမှုနဲ့ တရားစွဲခံရတဲ့ FDA ညွှန်မှူးက ရေကြည်ငါးသာသာ ပါပဲတဲ့။
သူတို့ပြောသည့်အတိုင်း ကျပ်သိန်း ၁၅၀၀ တောင်မှ ရေကြည်ငါးအဆင့်ဆို တော့ ငါးကြီးကြီးတွေဆိုဘယ်လောက် များ ရှိမယ်မသိ။
ထားလိုက်တော့ ဒါကတစ်ပိုင်း။

ပြောချင်တာကဒီအဂတိအဆိုးသံသရာကြီးကိစ္စ၊ အချောင်လမ်းကိစ္စပါ။
အဂတိတရား ၄ မျိုးရှိတယ်ဆိုတာ အားလုံးနီးပါး ကြားဖူးကြမှာပါ။
အဂတိနဲ့ ပတ်သက်ပြီး ဖတ်မှတ်ဖူး တဲ့စာပေတွေမှာတော့ အဂတိဆိုတာ မလိုက်သင့်တဲ့ လမ်းကိုလိုက်တာ၊ တရားလမ်းကြောင်းကသွေဖယ်တာလို့ ဘုရားအဟောရှိတယ်လို့ ဖော်ပြပါတယ်။

အဂတိတရား ၄ ပါးက
(၁) ဆန္ဒာဂတိ = ချစ်တဲ့အတွက် အဂတိလိုက်ခြင်း
(၂) ဒေါသာဂတိ = မုန်းတဲ့အတွက် အဂတိလိုက်ခြင်း
(၃) မောဟာဂတိ = အမှား အမှန် ကိုမသိ၊ ဆင်ခြင်တုံတရားမရှိတဲ့အတွက် အဂတိလိုက်ခြင်း
(၄) ဘယာဂတိ = ကြောက်တဲ့ အတွက် အဂတိလိုက်ခြင်းတို့ ဖြစ်ပါ တယ်။

ဒီအဂတိ ၄ ပါးထဲမှာကျန်တဲ့ အဂတိတရား ၃ ခုကဖတ်လိုက်တာနဲ့ ရှင်းသွားပေမယ့် ဆန္ဒာဂတိကိုတော့ အနည်းငယ် အကျယ်ချဲ့ရှင်းမှ မြင်သာ ပါလိမ့်မယ်။
ဆန္ဒာဂတိကိုချစ်တဲ့အတွက် အဂတိ လိုက်တယ်လို့ ဖွင့်ဆိုပေမယ့် ကိုယ်နဲ့ အသိဖြစ်လို့၊ ကိုယ်နဲ့ ခင်လို့၊ ကိုယ့်ကို လာဘ်ပေးထားလို့၊ ပိုက်ဆံတွေအများ ကြီးပေးထားလို့ တရားလမ်းကြောင်းကို သွေဖယ်ပြီး လုပ်တဲ့ဟာတွေအထိ ပါဝင် တယ်လို့ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသရဲ့ ဟောကြားချက်မှာ ဖော်ပြထားပါတယ်။

၂၀၁၃ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေမှာတော့ ” အဂတိလိုက်စားမှု ဆိုသည်မှာ လုပ် ပိုင်ခွင့် အာဏာရှိသူက ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ တစ်စုံတစ်ရာကို ပြုလုပ်ရန်၊ ဥပဒေနှင့်အညီ ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ရန်၊ တစ်ဦးတစ်ယောက်အား ဥပဒေနှင့်အညီ ရထိုက်သောအခွင့်အရေး ပေးရန် သို့မဟုတ် ဥပဒေနှင့်အညီ ရထိုက်သောအခွင့်အရေးကို မမှန်မကန် ပိတ်ပင်ရန်သော်လည်းကောင်း၊ သက်ဆိုင်သူထံမှ တံစိုးလက်ဆောင်ကို မိမိအတွက်သော်လည်းကောင်း၊ အခြားသူ တစ်ဦးဦးအတွက်သော်လည်း ကောင်း၊ အဖွဲ့အစည်းအတွက်သော်လည်း ကောင်း၊ ပေးခြင်း၊ လက်ခံခြင်း၊ ရယူ ခြင်း၊ ရယူရန် အားထုတ်ခြင်း၊ ကမ်းလှမ်း ခြင်း၊ ကတိပြုခြင်းသို့မဟုတ် တနည်း နည်းဖြင့် ဆွေးနွေးခြင်းအား တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပြုလုပ်ခြင်း ကိုဆိုသည်။” ဟု ဖော်ပြထားပါတယ်။

ဆိုတော့ ဒီဖွင့်ဆိုချက် ၂ ခုအရ ဆိုရင် အဂတိနဲ့ ပတ်သက်ပြီးဘာသာ ရေးအခြေပြုဖွင့်ဆိုချက်က ပိုမိုကျယ်ပြန့် တာ၊ ပိုသိမ်မွေ့တာကို တွေ့ရပါတယ်။
လူအဖွဲ့အစည်းအတွင်းမှာ ဖြစ်ပျက် နေတာတွေကဘာသာရေး အခြေပြု ဖွင့် ဆိုချက်နဲ့ ပိုပြီးအဟပ်ညီတာတွေ့ရပါ တယ်။
ထားတော့ ဒါကတစ်ပိုင်း။ ပြောချင်တာက ဘာသာရေးအခြေပြု ဖွင့်ဆိုချက်ကိုထားဦး ဥပဒေအခြေပြု ဖွင့်ဆိုချက်အရဖြစ်တဲ့ အဂတိလိုက်စားမှု ကင်းဖို့ ဘယ်လိုလုပ်သင့်သလဲ။

အရေးယူတာအဖြေလား
လေးစားရတဲ့ မိတ်ဆွေ ရှေ့နေကြီး တစ်ယောက်ကတော့ လာဘ်ပေးလာဘ် ယူမှုဆိုတာဖော်ထုတ်ရအင်မတန် ခက်တဲ့ အမျိုးတဲ့။ ဖြစ်ရပ်တွေ တစ်သီကြီးရှိပေ မယ့် တိုင်တာတောတာနည်းနည်းလောက် ပဲရှိတတ်တာမျိုးတဲ့။ သူပြောတာကမျက်စိထဲကကို မထွက်ပါဘူး။
” ဘာပေးလာဘ်ယူမှုဆိုတော ခြင် ထောင်ဇာတ်လမ်းကွ” တဲ့။

ဟုတ်ပါတယ်။ တော်ရုံလူသိဖို့ ခက်ပါတယ်။ ကိုယ်ကျိုးစီးပွားတွေ ပါပါမယ်။ အဂတိတရားအစုံရောထွေး နေတယ်။လူသဘာဝက အခန့်မသင့်ရင် ဘ၀တစ်ခုလုံး ကျွမ်းထိုးမှောက်ခုံ ဖြစ်နိုင် တယ်လို့ သိလျက်နဲ့ကို တခါတလေဥပဒေ အရ သွေဖယ်တဲ့ပြစ်မှု၊ ကျင့်ဝတ်အရ သွေဖယ်တဲ့ ပြစ်မှုတစ်ခုခုကို ကျူးလွန် တတ်တာဖြစ်လို့ အရေးယူတာကအရေး ကြီးပေမယ့် သူ့ချည်းသက်သက်မရဘူးဆို တာတော့ မေ့လို့မရပါဘူး။

အဲလိုပြောရတာလည်းအကြောင်းရှိပါတယ်။ အခါတော်တော်များများမှာ မူဝါဒ ချမှတ်သူတွေ၊ မူဝါဒများနဲ့ ပတ် သက်ပြီး စည်းရုံးလှုံ့ဆော်သူတွေဟာ ပင်လယ်ထဲမျောနေတဲ့ ရေခဲတုံးရဲ့ အပေါ် ပိုင်းကိုပဲ ကြည့်ပြီး ငြင်းကြခုန်ကြ အလုပ်ရှုပ် နေတတ်ကြတာကြောင့်ပါ။
အရေးယူတယ်ဆိုတာ ပင်လယ်ထဲ မျောနေတဲ့ ရေခဲတုံးရဲ့ အပေါ်ပိုင်းကိစ္စသာ ဖြစ်ပါတယ်။

အချောင်လမ်းက ရှက်စရာ
အဂတိလိုက်စားမှုနှင့် ပတ်သက်ပြီး ပြောကြဆိုကြတဲ့အခါ မဖြစ်မနေပါလာ လေ့ရှိတာက လစာနည်းတာ၊ လစာ မလောက်တာ ဖြစ်ပါတယ်။ ထောက်ပြ ချက်တွေအားလုံးထဲမှာ ဒါက နာမည် အကြီးဆုံးထောက်ပြချက် ဆိုပါတော့။လစာလောက်လောက်ငင မတိုးမြှင့် ပေးသ၍ လာဘ်ပေးလာဘ်ယူမှုကို ကိုင်တွယ်ဖို့ မဖြစ်နိုင်ဘူးတဲ့။ ယေဘု ယျအားဖြင့်ဆိုရင်တော့ ဟုတ်သလောက် လည်းဟုတ်ပါတယ်။

ဒါပေမယ့် သေချာ ထပ်စဉ်းစား ကြည့်တော့ လောက်ငနေသူတွေ၊ အရင်ကမလောက်ငပေမယ့် အခုလောက် ငနေသူတွေရောအဂတိကင်းစွာနေထိုင် ကြလားဆိုတော့ မဟုတ်ပြန်ဘူး။ လူ့ရဲ့ ဆန္ဒက အကန့် အသတ်မရှိ တာဖြစ်တဲ့အတွက် လောက်တယ်ရယ် လို့လည်းစိတ်ထဲမထင် ကြတော့ လာဘ် ယူတာတွေကိုမရပ်နိုင် တာမျိုးပါ။

ဒါဆိုဘာကအဓိကကျတာလဲ။ သက်ဆိုင်သူတွေအနေနဲ့ သင့်တင့်တဲ့ ဝင်ငွေရရှိဖို့ အားထုတ်ရမှာဖြစ်တဲ့အပြင် အချောင်လမ်းလိုက်တာဟာရှက်စရာဖြစ် တယ်ဆိုတဲ့ အသိမျိုး လူအဖွဲ့အစည်းထဲမှာ ကိန်းလာအောင် ကြိုးစားရမှာပါ။ ဒါကအင်မတန် သိမ်မွေ့တဲ့ဖြစ်စဉ်ပါ။ ဥပမာပညာရေးကဏ္ဍမှာထည့်သွင်း စဉ်းစားတာမျိုးပါ။
အဲလိုမှ မဟုတ်ရင်တော့ ဘယ် လောက် ဝင်ငွေတိုးတိုးရပ်မှာမဟုတ် ပါဘူး။