ကပတောင်ကြီး မူလတန်းကျောင်း အစိုးရအသိအမှတ်ပြုရေး မရေရာသေး

0
426

ပုလောမြို့နယ်၊ ကြဲကျေးရွာအုပ်စု ကပတောင်ကြီးရွာ ကိုယ်ထူကိုယ်ထ မူလတန်းကျောင်းအား အစိုးရ အသိ အမှတ်ပြုကျောင်း (အမက-ခွဲ)အဖြစ် ၂၀၁၈-၁၉ ပညာသင်နှစ်တွင် ကျောင်း အဆင့်တိုး လျာထားချက်စာရင်းတွင် ပြုစုတင်ပြခဲ့ခြင်း မရှိသေးကြောင်း တိုင်း ဒေသကြီး စည်ပင်နှင့်လူမှုရေးဝန်ကြီး ဦးဟိုပင်က ပြောသည်။

မြို့နယ်ပညာရေးဦးစီးဌာနမှ ကျောင်းအဆင့်တိုး အမှုတွဲ တင်ပြလာ ခြင်းမရှိသောကြောင့် လျာထားချက်စာ ရင်းတွင် မပါဝင်ခြင်းဖြစ်ကြောင်း ဦးဟိုပင် က ပြောသည်။ပုလောမဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဦးကျော်မင်းက အထက်ပါကျောင်း အား အစိုးရ အသိအမှတ်ပြုကျောင်းအဖြစ် ဆောင်ရွက်နိုင်ခြင်း ရှိ/မရှိ မတ်လ ၂၉ ရက်တွင် ကျင်းပသည့် တိုင်းလွှတ်တော် အစည်းအဝေးတွင် မေးမြန်းခဲ့ရာ ဝန်ကြီး က ယင်းသို့ ဖြေဆိုခဲ့ခြင်းဖြစ်သည်။

ကပတောင်ရွာမှာ ခရီးလမ်းကြမ်း တမ်းမတ်စောက်သည့် တောင်ပေါ်တွင် တည်ဆောက်ထားသော အိမ်ခြေ ၃၃ အိမ်ရှိ ကရင်ရွာဖြစ်ပြီး ကျောင်းသားများ အနေဖြင့် အစိုးရကျောင်းရှိသည့် အနီး ဆုံးရွာသို့ ၄ မိုင်ခွဲခန့်သွားရသည်ဟု တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်းက ပြောသည်။
ယင်းကြောင့် ရွာမူလတန်းကျောင်း ဆောင်အား ခရစ်ယာန်စာချဆရာတော် တစ်ဦး ဦးဆောင်ကာ ရွာသားများ ကိုယ်ထူ ကိုယ်ထ ဆောက်လုပ်ခဲ့ပြီး လက်ရှိတွင် လုပ်အားပေးဆရာမ ၂ ဦး ငှားရမ်း ပညာသင်ပေးနေကြောင်း ၎င်းက ပြော သည်။

အခြားကျေးရွာတွင် သွားရောက် နေထိုင်ရန် ငွေကြေးမတတ်နိုင်ခြင်းနှင့် လမ်းခရီးကြမ်းတမ်းခြင်းတို့ကြောင့် ကပတောင်ကြီး ကျေးရွာရှိ ကျောင်းသူ ကျောင်းသားများမှာ ပညာရေးကို ဆုံး ခန်းတိုင်အောင် သင်ယူခွင့်မရကြဟု ၎င်းက ဆိုသည်။

ဝန်ကြီး ဦးဟိုပင်ကမူ ယင်းကိုယ်ထူ ကိုယ်ထကျောင်းအား သတ်မှတ်မူဘောင် ကိုက်ညီပါက ၂၀၁၉-၂၀၂၀ ပညာသင် နှစ်တွင် ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ် နိုင် ခွင့်ပြုနိုင်ရေး ပြည်ထောင်စု ဝန်ကြီး ဌာနသို့ တင်ပြပေးသွားမည်ဟု လွှတ် တော်တွင် ဖြေဆိုခဲ့သည်။