သူတစ်ပါးထိခိုက်မှုအာမခံထုတ်ပြီးသူ ဆယ်ဦးသာရှိ

0
365

ထားဝယ်ခရိုင်အတွင်း ယာဉ်တိုက်မှုကြောင့် ထိခိုက်/သေဆုံးခြင်းများအတွက် သူတစ်ပါးထိခိုက် မှုအာမခံလျော်ကြေးငွေထုတ်ပြီးသူ ဦးရေမှာ ဆယ်ဦးသာရှိကြောင်း တနင်္သာရီ တိုင်းဒေသကြီး မြန်မာ့အာမခံ လုပ်ငန်းမှ တိုင်းဒေသကြီးရုံး တာဝန်ခံက ပြောသည်။

လက်ရှိဘဏ္ဍာနှစ်တွင် ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၁၀ ဦးအတွက် သူတစ်ပါးထိခိုက်မှုအာမခံ လျော်ကြေးငွေ ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ တိုင်းဒေသကြီးရုံးတာဝန်ခံ ဒေါ်မျိုးသဉ္စာ လင်းက ဆိုသည်။
“လာလျှောက်သူနည်းတာကတော့ သူတစ်ပါးထိခိုက်မှု အာမခံထုတ်ယူရမှန်းမသိကြလို့ ဖြစ်မယ်” ဟု ဒေါ်မျိုးသဉ္စာလင်းက ပြောသည်။

သူတစ်ပါးထိခိုက်မှု အာမခံကြေးသွင်းထားသည့် ယာဉ်ကြောင့် သေဆုံးပါက ကျပ် ၁၀ သိန်း၊ ဒဏ်ရာရရှိပါက ဒဏ်ရာအနည်းအများအလိုက် ကျပ် ၂ သောင်းမှ ကျပ် ၈ သိန်းအထိ လျော်ကြေးငွေ ပေးအပ်နေကြောင်း အဆိုပါရုံးမှ သိရသည်။
တိုင်းဒေသကြီးရဲတပ်ဖွဲ့၏ စာရင်းအရ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက် မှ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်အထိ တစ်နှစ်ကျော်ကာလအတွင်း ထားဝယ်ခရိုင်တွင် ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၁၃၄ ဦး ရှိသည်။ အဆိုပါ တစ်နှစ်ကျော်ကာလတွင် ဒဏ်ရာရရှိသူအရေအတွက်မှာ ၄၄၄ ဦးရှိသည်။ ယာဉ် တိုက်မှုကြောင့် ထိခိုက်၊ သေဆုံးက သူတစ်ပါးထိခိုက်မှု အာမခံလျော်ကြေး ထုတ်ယူနိုင်သည့်အကြောင်း ကို အများပြည်သူ ပိုမိုသိရှိလာစေရန် ဌာနအနေဖြင့် အသိပေးမှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင် သင့်ကြောင်း ထားဝယ်မြို့ ဝဲကျွန်းရပ်ကွက်နေ ဦးဇော်မိုးက ဆိုသည်။

“အာမခံစာအုပ်မှာတောင် စည်းမျဉ်းစည်းကမ်းတွေပဲ ရေးထားပြီး ခံစားခွင့်တွေမပါတော့ လူအတော် များများက မသိကြဘူး” ဟု ဦးဇော်မိုးက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ယာဉ်မတော်တဆမှုများကြောင့် ထိခိုက်သေဆုံးမှုအတွက် သူတစ်ပါး ထိခိုက်မှု အာမခံလျော်ကြေး ထုတ်ယူသူ ၄ ဦးရှိကြောင်း အထက်ပါရုံး စာရင်းအရ သိရသည်။

လိုင်စင်သက်တမ်းရှိသည့် စက်တပ်ယာဉ်ကြောင့် မတော်တဆသေဆုံးပါက ၁ နှစ်အတွင်းနှင့် ဒဏ်ရာရရှိပါက ၂ နှစ်အတွင်း လျော်ကြေးလျှောက်ထားနိုင်ကြောင်း မြန်မာ့အာမခံလုပ်ငန်း တိုင်းဒေ သကြီးရုံးထံမှ သိရသည်။ ဆိုင်ကယ်၊ ကားအစရှိသည့် စက်တပ်ယာဉ်များ လိုင်စင်လုပ်ခြင်းနှင့် သက်တမ်းတိုးရာတွင် သူတစ်ပါးထိခိုက်မှု အာမခံကို မဖြစ်မနေ ပေးသွင်းရသည်။