ခြေလေးချောင်းတော်လှန်ရေး (၁၄)

ယခင်အပတ်မှ အဆက်

ထိုနှစ်တွင် တနှစ်လုံး တိရစ္ဆာန်များ သည် ချွေးဒီဒီကျအောင် အလုပ်လုပ်ကြ သည်။ ဘယ်လိုပင် ပင်ပန်းသော်လည်း ကိုယ့်အလုပ်ကို လုပ်ကြရခြင်းဖြစ် သဖြင့် စိတ်မညစ်ကြ။ သူတို့လုပ်သော အလုပ် မှာ အလကားထိုင်စားနေကြသော လူသားသူခိုးသူဝှက်တို့ အကျိုးအတွက် မဟုတ်ဘဲ သူတို့ကိုယ်တိုင်၏ အကျိုး ဖြစ်သည့်ပြင် သူတို့နောင်လာနောက်သား တို့၏ အကျိုးလည်းဖြစ်သဖြင့် ဘယ် တိရစ္ဆာန်ကမျှ အပင်ပန်းခံဖို့ အနစ်နာခံဖို့ မတွန့်တိုကြ။

တိရစ္ဆာန်တို့သည် တနွေလုံး တမိုး လုံးတနေ့လျှင် ဆယ်နာရီကျ အလုပ်လုပ် ကြသည်။
ထို့နောက် ဗန္ဓုလက တနင်္ဂနွေ နေ့ ညနေပိုင်းများလည်း အလုပ်လုပ် ကြရမည်ဟု ပြောသည်။

တနင်္ဂနွေနေ့ ညနေပိုင်းအလုပ်မှာ စေတနာရှိမှ လုပ်ရ မည့် အလုပ်ဖြစ်သည်။ သို့ရာတွင် တနင်္ဂနွေ နေ့ညနေပိုင်း အလုပ်မလုပ်သော တိရစ္ဆာန် တို့မှာ အစာတဝက် အလျှော့ခံရလိမ့်မည်။ ထိုကဲ့သို့ တနင်္ဂနွေနေ့ ညနေပိုင်းပါ အလုပ်လုပ်ကြ ပါလျက်နှင့်လည်း တချို့ အလုပ်များမှာ မပြီးဘဲ ကျန်လျက်ရှိသည်။ ထိုနှစ်တွင် အသီးအနှံ ခါတိုင်းနှစ်များ လောက်မထွက်။

မြေပဲခင်းနှမ်းခင်းမှာ လည်း အထွန်နောက်ကျနေသဖြင့် မြေပဲ မကြဲရ။ ထို့ကြောင့် ဆောင်းဝင်လျှင် အကြပ်အတည်းနှင့် တွေ့ကြဖွယ်ရှိသည်။
ထို့ပြင် ဓါတ်မီးစက်တည်ဖို့ ကိစ္စ အတွက်ကလည်း မြှော်လင့်သည်ထက် ပို၍ ခက်ခဲနေသည်။

ဦးသာခေါင်အိမ်ထဲမှ သလဲများ အင်္ဂတေမှုန့်များ အတော်များ များတွေ့သဖြင့် တမျိုးနေရာကျသော် လည်း ဓါတ်မီးစက်ခေါင်းတိုင်တည်ဖို့အ တွက် ကျောက်တုံးများရနိုင်ဖို့ ပြဿနာ မှာမလွယ်။ ကျောက်တုံးများကို အရွယ် တော်ဖြစ်အောင် ထုဖို့ဆစ်ဖို့ အလုပ်မှာ စို့များ တူများဖြင့် လုပ်ရမည့်အလုပ်ဖြစ် သည်။
တိရစ္ဆာန်တို့မှာ လူလို မတ်တတ် ရပ်၍ စို့များတူများနှင့် အလုပ်မလုပ် တတ်။ ထိုကြောင့် အကြံရအိုက်၍ နေ ကြသည်။

နောက်ရက် အတော်ကြာမှ ကျောက်တုံးများကို တောင်ကမ်းပါးပေါ်မှ ပစ်ချပြီး ခွဲဖို့ အကြံရကြသည်။ တိရစ္ဆာန် များသည် ဦးသာခေါင် လက်ထက်က ကျန်ရစ်ခဲ့သော ကျောက်တုံးကြီးများကို အလောတော်ဖြစ်စေရန် တောင်ကမ်းပါး ယံမှ အောက်သို့ပစ်ချဖို့အတွက် ကြိုး များဖြင့် ချည်ကာ ဆွဲ၍တင်ကြသည်။ ကျောက်တုံးကြီး များကိုဆွဲ၍ တင်ရာတွင် နွားဆိတ်သိုးမကျန် အကုန်ဝိုင်း၍ လုပ် ကြသည်။ တခါတရံဝက်များကပင် ကူ၍ လုပ်ကြ သည်။

တောင်ကမ်းပါးယံပေါ်သို့ ကျောက်တုံးကြီးများ ရောက်အောင် တင်ဖို့ အလုပ်မှာ အင်မတန် ကြန့်ကြာ သောအလုပ် ဖြစ်သည်။ တောင်ကမ်းပါး ယံမှ အောက်သို့ ပစ်ချလိုက်သော ကျောက်တုံးကြီးများအနက် တချို့လည်း ကွဲ၍ တချို့လည်း မကွဲဘဲ ရှိသည်။ ကွဲပြီးသား ကျောက်တုံးများကို သယ်ဖို့ ကိစ္စမှာ များစွာ မခက်လှ။ နွားများက လှည်းနှင့်တင်၍ ဆွဲကြသည်။ သိုးများ ဆိတ်များက သူတို့နိုင်သလောက် ကျောက်တုံးများကို တတုံးစီသယ်ကြ သည်။ နွေပေါက်သောအခါ ကျောက်တုံး အတော်များများ စုမိပြီဖြစ်၍ ဓါတ်မီး စက်ကို ဝက်များက ကြီးကြပ်ကာ တည် ဖို့ လုပ်ကြသည်။

ကျောက်တုံးကြီးများကို တောင် ကမ်းပါးယံပေါ်သို့ တင်ရသည့် အလုပ် မှာ အတော်ခဲယဉ်း၍ တခါတရံ တတုံး တင်သည်နှင့် တနေ့ကုန် သွားသည်။ ထိုကိစ္စတွင် ဂျိုကားမပါလျှင် အတော် ခက်ဦးမည်။ ဂျိုကားတကောင်၏ အားမှာ အားလုံးသော တိရစ္ဆာန်တို့၏အားနှင့် ညီမျှသလောက်ရှိသည်။ တခါ တရံ လမ်းခုလပ်တွင် ကျောက်တုံးကြီးများ လျှောကျသဖြင့် ကျောက်တုံးကြီး နောက်သို့ တိရစ္ဆာန်များပါ၍ မသွား စေရန် အတော် သတိထားကြရသည်။ ထိုအခါမျိုးတွင် ဂျိုကားမှာ အင်မတန် အားကိုးရသည်။ ဂျိုကားတကောင်က ကိုယ်နှင့်ဖေး၍ ထားလိုက်လျှင် တော်ရုံ တန်ရုံ လျှောကျချင်သည့် ကျောက်တုံး မှာ တန့်၍ သွားသည်။

ထိုအခိုက်တွင်မှ ကျန်တိရစ္ဆာန်များက ဝိုင်း၍ ဆွဲတင်ကြ သည်။ ဂျိုကားမှာ ကျောက်တုံးကြီးများကို သူတကောင်ထဲ ခေါင်းခံတင်ရသဖြင့် ဟောဟဲ ဟောဟဲနှင့် မောပန်း၍ ချွေးတ လုံးလုံးနှင့် ရှိသည်။ ခွါဖြူက “ဂျိုကား ရယ် ဒါလောက်တောင်ဘဲ အပင်ပန်း မခံပါနှင့်”ဟု တောင်းပန်သည်။ ဂျိုကား က နားမထောင်။

ဂျိုကားသည် ပေါ် လာသမျှသော ပြဿနာများကို “ငါ အလုပ်ပို လုပ်မယ်” “ဗန္ဓုလသည် အမြဲ မှန်သည်”ဆိုသော ဆောင်ပုဒ် နှစ်ခုကို ရွတ်ကာ ဖြေဖြတ်သည်။ ဂျိုကားသည် ယခင်က အခြားတိရစ္ဆာန်များထက် တနာရီစောစောပိုထပြီး အလုပ်လုပ် နေရာမှ အားမရသေးသဖြင့် သူ့ကို သူများအိပ်ရာက မထခင် တနာရီခွဲပိုပြီး စောစောနှိုးပါဟု ကြက်ဖ ကလေး တကောင်အားမှာ ထားသည်။ သူ့မှာ အားလပ်သည့်အချိန်လည်း များများ မရှိ။ ရှိသမျှသော အားလပ်ချိန်ကလေးများ တွင်လည်း အအားမနေဘဲ တကောင်ထဲ ကျောက်တုံးကွဲများကို သွား၍ သယ်ပြီး စက်တည်မည့် နေရာသို့ ပို့သည်။

တိရစ္ဆာန်များမှာ ဆောင်းတွင်း၌ ခါတိုင်းထက် အလုပ်ပို၍ ပင်ပန်းကြသော် လည်း အစာရေစာငတ်ပြတ်ခြင်း မရှိ။ ဦးသာခေါင်ရှိတုန်းကထက် အစာပို၍ မစားရဘူးဆိုတောင် ဦးသာခေါင်ရှိတုန်း ကထက် လျော့၍ စားကြရသည်ဟုလည်း မဆိုနိုင်။ အပိုဖြုန်းမည့် သုံးမည့်လူသား များ လျှော့သွားပြီး ကိုယ်စားဖို့သာ ကိုယ်လုပ်ကြရသဖြင့် တိရစ္ဆာန်တို့မှာ အခြား အခက်အခဲများအတွက် မထောင်း တာလှ။
ထို့အပြင် တိရစ္ဆာန်တို့ အလုပ် လုပ်နည်းမှာ လူတို့အလုပ်လုပ်နည်း ထက်ပို၍ ကောင်းသောအချက်လည်း အများရှိသည်။ ဥပမာ ပေါင်းသင်သော အလုပ်ဆိုလျှင် လူသားများသည် သူတို့ လောက် စေ့စပ်အောင် မလုပ်နိုင်။ ထို့ပြင် တိရစ္ဆာန်များထဲမှ ခိုးမည့်ဝှက်မည့်သူ တကောင်မျှမရှိသဖြင့် လယ်ယာများကို လည်း စည်းရိုးမကောဘဲ ထားနိုင်သော ကြောင့် အလုပ်များစွာ သက်သာသည်။

ဥတုကုန်ခါနီးသောအခါ သူတို့ဟာ သူတို့ မလုပ်နိုင်သော ရေနံဆီစ သံချောင်းစ ကြိုးစ သံကိရိယာ စသောပစ္စည်းများ ရှားပါးစ ပြုလာ သည်။ ထို့ပြင် မျိုးစေ့နှင့် ဓါတ်မြေဩဇာများ တူးရွင်းတလပါ စသည်များနှင့် ဓါတ်မီးစက်အတွက် တန်းဆာပလာများလည်း ချို့တဲ့၍ နေကြ သည်။ ထိုပစ္စည်းများကို မည်သို့ရအောင် လုပ်ရမည်ဟု ဘယ်တိရစ္ဆာန်မျှ စိတ်မ ကူး တတ်ကြ။

တနေ့သော တနင်္ဂနွေနေ့တွင် ဗန္ဓုလ ၏ အမိန့်ကို ခံယူကြရန် စုဝေးလာကြ သော တိရစ္ဆာန်တို့အစည်းအဝေးတွင် ဗန္ဓုလက စီးပွါရေးဝါဒအသစ်ပြောင်းဖို့ ဆုံးဖြတ်ပြီးကြောင်း ကျေညာသည်။ နောင်အဖို့တွင် ခြေလေးချောင်းကွင်းက အခြားကွင်းနားနီးချင်းများနှင့် ကုန်သွယ် တော့မည်။ သို့ကုန်သွယ်ခြင်းမှာ လူသား တို့လို အမြတ်ရဖို့မဟုတ်။ မိမိတို့ အပူ တပြင်း လိုနေသော ပစ္စည်းများရရန် အတွက်သာ ဖြစ်သည်။

ပထမဆုံး ဓါတ်မီး စက်တည်ဖို့အတွက် ပစ္စည်းများကို အလျင်ရအောင် လုပ်ရမည်။ ထိုကိစ္စ အတွက် ရှေးဦးစွာ စပါးသစ်များကို ရောင်း မည်။ ထိုဟာနှင့်မျှ မလောက်သေးလျှင် ကြက်ဥများကို ငွေစနှင့် ဖလှယ်မည်။ ရွာသစ်ကြီးဖက်မှာ ကြက်ဥဈေး အင်မတန်ကောင်းသည်။

ကြက်ဥပေးဖို့ အတွက် ကြက်များက မိမိတို့၏တာဝန် ကို မငြိုမငြင် ဆောင်ရွက်လိမ့်မည် မြှော်လင့်သည်။ သို့မှသာ ဓါတ်မီးစက် တည်ဆောက်ဖို့ ကိစ္စအောင်မြင်မည်ဟု ဗန္ဓုလက ပြောသည်။
လူသားများနှင့် ဘယ်တော့မျှ မဆက်ဆံရ။ ကုန်ရောင်းကုန်ဝယ် မလုပ်ရ။ ငွေစမကိုင်ရဟု ဦးသာခေါင်ကို တော်လှန် လိုက်ပြီးနောက် ပထမဆုံး ကျင်းပသော အစည်းအဝေး၌ ဆုံးဖြတ် ချက်ချခဲ့ကြသည်ကို တရေးရေး တွေးမိ ကြသဖြင့် တိရစ္ဆာန်များမှာ ယခု စီးပွားရေး ဝါဒအသစ်ပြောင်းလိုက်ပြီး ကုန်သွယ်တော့မည်ဆိုသောကြောင့် စိတ်မကောင်းကြ။ အထက်ပါ ဆုံးဖြတ် ချက်မျိုး ချခဲ့ကြသည်ကို တိရစ္ဆာန် အားလုံး မမေ့ကြသေး။ အယုတ်သဖြင့် ဆိုသော် သူတို့ဟာ သူတို့ မမေ့ကြသေး ဟု ထင်ကြသည်။ ဗန္ဓုလက အစည်း အဝေးများ နောက်ထပ်မပြုလုပ်ရဟု အမိန့်ထုတ်စဉ်က ထ၍ကန့်ကွက်ခဲ့ကြ သော ဝက်လေးကောင်က စီးပွါးရေဝါဒ အသစ်နှင့် ပတ်သက်၍ မရဲတရဲထ၍ ကန့်ကွက်ကြသည်။ သို့ရာတွင် ခွေးကြီး တွေက တဟီဟီးနှင့် ကြောက်မက်ဖွယ် ဟိန်းလိုက်သဖြင့် ချက်ခြင်း ငြိမ်၍ သွား ကြသည်။

ထိုနောက် ထုံးစံအတိုင်း သိုးများက “ခြေလေးချောင်း ကောင်းတယ်။ ခြေနှစ် ချောင်းမကောင်းဘူး”ဟု ကျယ်လောင်စွာ အော်ကြသဖြင့် အစစအဆင်ပြေသလို ဖြစ်သွားသည်။
ထိုနောက် ဗန္ဓုလက ရှေ့လက်ကို မြှောက်၍ ငြိမ်သက်စွာ နားထောင်ကြရန် ပြောပြီးလျှင် စီစဉ်စရာရှိသမျှကို သူကိုယ် တိုင် အားလုံး စီစဉ်ပြီးဖြစ်ကြောင်း။ တိရစ္ဆာန်များမှာ လူသားတို့နှင့် ဆက်ဆံဖို့ မလိုကြောင်း။ ဆက်ဆံရလျှင်လည်း ကောင်းမည် မဟုတ်ကြောင်း။ ထိုကိစ္စကို သူကိုယ်တိုင်က တာဝန်ခံ၍ တိရစ္ဆာန် များသည် လူသားတို့နှင့် မဆက်ဆံရ ဘဲနှင့် ပြီးနိုင်အောင် လုပ်ထားကြောင်း။ ရွာသစ်ကြီက ဦးသာရာဆိုသော တတိယ တန်း အမိန့်တော်ရ ရှေ့နေတယောက်က ခြေလေးချောင်းကွင်းနှင့် လူသားတို့ ဆက်ဆံဖို့ကိစ္စတွင် စပ်ကြားမှ ဆက်ဆံ ရေးပုဂ္ဂိုလ်အဖြစ်နှင့် ရွက်ဆောင် ပေး လိမ့်မည်ဖြစ်ကြောင်း။

ဦးသာရာသည် တနင်းလာနေ့မနက်တိုင်း ခြေလေးချောင်း ကွင်းသို့လာ၍ ဗန္ဓုလထံမှ ညွှန်ကြား ချက်များကို ယူမည်ဖြစ်ကြောင်းနှင့် ဗန္ဓုလက ပြောပြပြီးလျှင် သူ့မိန့်ခွန်းကို “ခြေလေးချောင်းကွင်း အမြဲတည်စေ သော”ဆိုသည့် ဆုတောင်းစကားနှင့် အဆုံးသတ် လိုက်သည်။ ထို့နောက် တိရစ္ဆာန်တို့က ” ဒို့တိရစ္ဆာန် သီချင်း”ကို ဆို၍ နိဂုံးချုပ်ကြသည်။

တိရစ္ဆာန်များ အစုအဝေး ခွဲပြီး နောက် သံကြောင်က တိရစ္ဆာန်များအား စိတ်မကောင်း မဖြစ်ကြရန် ပြောသည်။ “ကုန်ရောင်းကုန်ဝယ် မလုပ်ရဘူး ဆိုတာ ရယ်။ ငွေစကို မကိုင်ရဘူးဆိုတာရယ်။ ဘယ်တုန်းကမျှ ဆုံးဖြတ်ချက် မချခဲ့ပါ ဘူး။ ဆုံးဖြတ်ချက်ချဖို့ နေနေသာသာ အကြံပေးစကားအဖြစ်နဲ့တောင် ဘယ်သူ ကမျှ တခါဘူးမျှ မပြောခဲ့ဘူးပါဘူး။ ရဲဘော်တို့ အထင်မှားနေကြလို့ပါ။ ငါပြောလျှင် ယုံပါ။ အခုလို ရဲဘော်တို့ စိတ်ထဲက ထင်နေကြတာက ဟိုဘော်ဖြူ ကောင်က တီးတိုးဝါဒ ဖြန့်စကား ပြော သွားရာက ဖြစ်ပေါ်လာပုံရတယ်”ဟု ယုတ္တိယုတ္တာရှိအောင် ပြောပြသည်။ သံကြောင် ဘယ်လိုပြောပြော တချို့ တိရစ္ဆာန်များက မယုံကြည်ကြသေး။ သံကြောင်သည် တချို့ တိရစ္ဆာန်များက မယုံသင်္ကာ ဖြစ်နေကြ သေးကြောင်းကို ရိပ်မိသဖြင့် “ရဲဘော် တို့အခုလို ထင် နေကြတာဟာ ကိုယ့်အတွေး ကိုယ့်ကို ပြန်ချောက်နေတာ ဖြစ်ပါလိမ့်မယ်။ ငါပြောတာ ဟုတ်သလား မဟုတ်ဘူး လားဆိုတာ သေသေချာချာ စဉ်းစား ကြည့်ကြပါ။ ကုန်မသွယ်ရဘူး။ ငွေစ မကိုင်ရဘူးဆိုတဲ့ ဆုံးဖြတ်ချက်များ ချဘူးယင် မှတ်တမ်းရှိရမယ် မဟုတ်လား ။ ကိုင်းမှတ်တမ်းရှိယင် ငါ့ကို ပြကြစမ်း ပါ။ ပြနိုင်ယင် ငါအရှုံးပေးပါမယ်” ဟု နိဂုံးစကားပြောသည်။ စာနှင့်ပေနှင့် အက္ခရာတင်ထားသော မှတ်တမ်းဟူ၍ တစုံတရာမရှိသည်မှာ မှန်သဖြင့် တိ ရစ္ဆာန်များမှာ သံကြောင်ပြောသမျှနှင့် ပင် ကျေနပ်ကြရသည်။

တနင်းလာနေ့ မနက်တိုင်း မနက် တိုင်း ဦးသာရာသည် ခြေလေးချောင်း ကွင်းသို့ မှန်မှန်လာသည်။ ဦးသာရာမှာ ရှေ့နေအလုပ်နှင့် များစွာမထွန်းကား သော်လည်း နှုတ်ခမ်းမွေးက ရေးရေး မျက်စိက ပေကလပ် ပေကလပ်နှင့် အတော် အကင်းပါးပုံရသည့် လူ တယောက် ဖြစ်သည်။ တိရစ္ဆာန်ကွင်းနှင့် လူသားများ ကုန်သွယ်ရေးတွင် ဝင်၍ ပွဲစားလုပ်ရလျှင် အတော် အကျိုးရှိုနိုင် မည့်အကြောင်းကိုလည်း သဘောပေါက် သည်။ တိရစ္ဆာန်များသည် ဦးသာရာအား လူသားဖြစ်သည့်အတွက် ကြောက်ကြ သဖြင့် သူလာသည်သွားသည်ကို ရင် တဖိုဖိုနှင့် ချောင်းမြောင်းကြည့်ကြပြီး နောက် သူနှင့်မတွေ့အောင် အထူး ရှောင်ကြသည်။

တိရစ္ဆာန်များနှင့် လူသားများဆက် ဆံခြင်းကို တိရစ္ဆာန်တို့က မနှစ်မြို့ကြ သော်လည်း ခြေနှစ်ချောင်းဖြစ်သော ဦးသာရာမှာ ခြေလေးချောင်းဖြစ်သော ဗန္ဓုလထံ၌ အမိန့်များလာ၍ ခံယူနေရ သည်ကို မြင်ရသဖြင့် တိရစ္ဆာန်များမှာ စိတ်ကြီးဝင်ကာသည်လို ဆက်ဆံရပုံမျိုး ဆိုလျှင် ကျေနပ်ထိုက်ပါသည်ဟုလည်း အောက်မေ့ကြသည်။ လူသားများက တိရစ္ဆာန်တို့အပေါ်တွင် ဆက်ဆံပုံမှာ အခြေအနေပြောင်း၍ လာသော်လည်း လူသားတို့က ခြေလေးချောင်းကွင်း အပေါ်၌ အမုန်းလျော့ပါသွားသည် မဟုတ်။ ခြေလေးချောင်းကွင်းသည် ဘယ်လိုပင် သာယာဖွံ့ဖြိုးနေသည်ဖြစ်စေ လူသားတို့က အမုန်းမလျော့။ စင်စစ် အားဖြင့် သာယာ ဖွံ့ဖြိုးရှိခြင်းအတွက် ပို၍ပင် မုန်းလာကြသေးသည်။ လူသား တိုင်း လူသားတိုင်း စိတ်၌ မိမိတို့ သည် ဘုရားတရားကို ယုံကြည်ကြ သကဲ့သို့ တနေ့ကျလျှင် ခြေလေးချောင်း ကွင်း သည် ဧကန်ပျက်ရမည်ဟု ယုံကြည်ကြ သည်။ ဓါတ်မီးစက်လည်း ဘယ်နည်း နှင့်မျှ ဖြစ်လိမ့်မည်မဟုတ်။ လူသားများ သည် တယောက်နှင့်တ ယောက်လမ်းမှာ တွေ့တွေ့ဈေးမှာတွေ့တွေ့ ဓါတ်မီး စက်ဟာ ဘယ်နည်းနှင့်မဆို ပျက်ရမှာ ဘဲဟု တွက်ကာ ချက်ကာ ပြောကြသည်။ သို့ဖြစ်လင့်ကစား တိရစ္ဆာန်တို့လုပ်ပုံ ကိုင်ပုံ သေချာ စေ့စပ်ခြင်းကို မြင်ကြရ သောအခါ တိရစ္ဆာန်များကို မလေး စားချင်ဘဲနှင့် လေးစား၍ လာကြရသည်။
ဆက်လက်ဖော်ပြပါမည်။

Related Posts