ထားဝယ်ခရိုင်အတွင်း ၁၀ ရက်ကြာ လျှပ်စစ် မီးပြတ်တောက်မည်

0
591

ထားဝယ်ခရိုင် လျှပ်စစ်မီး ပြတ် တောက်မည့် ၁၀ရက်တာ ကာလတွင် ဒီဇယ်မီးစက်များဖြင့် အလှည့်ကျဖြန့်ဖြူး သွားမည်ဖြစ်ကြောင်း ထားဝယ်ခရိုင် လျှပ်စစ်အင်ဂျင်နီယာက ပြောသည်။

လျှပ်စစ်ထုတ်လုပ်ရေးတွင် အသုံး ပြုနေသည့် ဇောတိက သဘာဝဓာတ်ငွေ့ ပို့လွှတ်မှုကို ရပ်နားမည့် ၁၀ ရက် အတွင်း ထားဝယ်ဓာတ်အားခွဲရုံရှိ ဒီဇယ် မီးစက်ဖြင့် မြို့နယ် ၄ ခုကို အလှည့် ကျ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း ခရိုင် လျှပ်စစ် အင်ဂျင်နီယာ ဦးရဲမင်းထက်က ဆိုသည်။

“အလှည့်ကျပေးမယ့် အချိန်စာရင်း ကို ထုတ်ပြန်ပေးသွားမှာပါ”ဟု ဦးရဲမင်း ထက်က ပြောသည်.
ထားဝယ်ဓာတ်အားခွဲရုံတွင် ဒီဇယ် မီးစက် ၁၂ လုံးမှ ၄.၈ မဂ္ဂါဝပ်ထွက်ရှိ မည်ဖြစ်သော်လည်း အဆိုပါခွဲရုံရှိ ပင်မ ထရန်စဖော်မာက ၃.၄ မဂ္ဂါဝပ်သာ ခံနိုင်ကြောင်း ၎င်းက ရှင်းပြသည်။

ထားဝယ်ခရိုင် လျှပ်စစ်ထုတ်ရန် အတွက် သဘာဝဓာတ်ငွေ့ သွယ်တန်း ထားသည့် ဇောတိကကမ်းလွန် ရေနံ တွင်းမှ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းကို Full Planned Shutdown လုပ်ပြီး ဇန်နဝါရီလ ၂၇ ရက်မှ ဖေဖော်ဝါရီလ ၅ ရက်အထိ ထိန်းသိမ်း ပြုပြင်ခြင်း လုပ်ငန်းများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီးလျှပ်စစ် အင်ဂျင်နီယာရုံးက ထုတ်ပြန်ထားသည်။
လက်ရှိတွင် ထားဝယ်ခရိုင်အတွင်း လျှပ်စစ်သုံးစွဲမှု အများဆုံးအချိန်တွင် ၁၀.၅ မဂ္ဂါဝပ်ခန့် ရှိသည့်အတွက် လျှပ်စစ်ထုတ်လုပ်နေသည့် ကံပေါက် ဒေသရှိ GGS ကုမ္ပဏီစက်ခန်းတွင် ထားရှိသည့် ဒီဇယ်မီးစက်များဖြင့် အင်အားထပ်ဖြည့်နိုင်ရန် ညှိနှိုင်းနေ ကြောင်း ဦးရဲမင်းထက်က ဆိုသည်။

GGS စက်ခန်းတွင် ၁ မဂ္ဂါဝပ် ဒီဇယ်မီးစက် ၄ လုံးရှိပြီး ညှိနှိုင်းမှု အဆင်ပြေပါက ပိုမိုဖြန့်ဖြူး ပေးနိုင်မည် ဟု ၎င်းက ပြောသည်။
အဆိုပါ သဘာဝဓာတ်ငွေ့ ပို့လွှတ် ခြင်း ရပ်နားမှုကြောင့် တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ဧရာဝတီတိုင်းတို့တွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မည်ဖြစ်ကြောင်း တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာရုံး ထုတ် ပြန်ချက်အရ သိရသည်။