အမှိုက်မှ ဩဂဲနစ်မြေဩဇာထုတ်ရန် ထားဝယ်စည်ပင် ခြေလှမ်းပြင်

0
644

ထားဝယ်မြို့ရှိ စွန့်ပစ်အမှိုက်များ မှ ဩဂဲနစ်မြေဩဇာ ထုတ်နိုင်ရန် ဇန်နဝါရီလလယ်ပိုင်းက စတင်စမ်းသပ် နေပြီဖြစ်ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေးကော်မတီအတွင်း ရေးမှူးက ပြောသည်။

ထားဝယ်မြို့နယ် စည်ပင်သာယာ ရေးကော်မတီ၏ အစီအစဉ်ဖြင့် ဒေသခံ လုပ်ငန်းရှင်များ စုပေါင်းလုပ်ကိုင်မည့် ဝဲကျွန်းရပ်ကွက်ရှိ စည်ပင် အမှိုက်ပုံတွင် ၁၃ ပေ ပတ်လည် ခြံစည်းရိုးများခတ်ကာ ဈေးများက စွန့်ပစ်သည့် ဂေါ်ဖီရွက် ကဲ့သို့ အမှိုက်များကို အခြေခံကာ ထုတ် လုပ်သွားမည်ဖြစ်ကြောင်း ကော်မတီ အတွင်းရေးမှူးက ဆိုသည်။

“ထွက်လာတဲ့ ဩဂဲနစ် မြေဩဇာ တွေကို ဈေးသက်သက်သာသာနဲ့ ပြန် ရောင်းပေးဖို့ ရည်ရွယ်ထားတယ်”ဟု ၄င်းက ပြောသည်။
နောက်ပိုင်းတွင် အဆိုပါ အမှိုက်ပုံ မှ အမှိုက်များကို ပလပ်စတစ် အမှိုက်၊ ပြန်လည်အသုံးပြုနိုင်သည့် အမှိုက် စသဖြင့် အမျိုးအစားခွဲကာ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။

“အမှိုက်အမျိုးအစား ခွဲပစ်ဖို့ မကြာခင် စမ်းသပ်ဖို့ ရှိပါတယ်၊ အဓိကကတော့ အမှိုက်ကြောင့် ပတ်ဝန်းကျင်က နေထိုင် သူတွေ စိတ်ချမ်းသာသွားမယ်”ဟု ထားဝယ် မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဝင် တစ်ဦးဖြစ်သူ ဦးကျော်ကျော်ဦးက ပြောသည်။

ထားဝယ်မြို့တွင် တစ်ရက်လျှင် အမှိုက် တန် ၃၀ မှ ၄၀ အထိ ထွက်ရှိ ကြောင်း အထက်ပါ ကော်မတီထံမှ သိရသည်။