ထားဝယ်၊ မြိတ် တက္ကသိုလ် စာတိုက်များတွင် ငွေထုတ်၊ ငွေလွှဲနိုင်ပြီ

0
510

ယခုလမှ စတင်ကာ ထားဝယ်၊ မြိတ် တက္ကသိုလ်ရှိ စာတိုက်နှစ်ခုနှင့် မြိတ်စာတိုက်ကြီးတို့တွင် ငွေထုတ်၊ ငွေ လွှဲ ပြုလုပ်နိုင်ပြီးဖြစ်ကြောင်း CB Bank ထားဝယ် ရုံးခွဲထံမှ သိရသည်။
နယ်ဝေးမှ တက္ကသိုလ်ပညာ ဆည်းပူး နေသည့် ကျောင်းသူ၊ ကျောင်းသားများ နှင့် ဝန်ထမ်းများ ငွေကြေး အလွယ်တကူ ထုတ်ယူနိုင်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာ့ စာတိုက် လုပ်ငန်းနှင့် CB Bank တို့ ပူးပေါင်းဝန်ဆောင်မှု ပေးခြင်းဖြစ်ကြောင်း ယင်းဘဏ်ခွဲ လက် ထောက်မန်နေဂျာက ပြောသည်။

Mobile Banking စနစ်ဖြင့် ဝန်ဆောင်မှုပေးခြင်းဖြစ်သောကြောင့် ဖုန်း နံပါတ်၊ မှတ်ပုံတင် ရှိရုံမျှဖြင့် ယင်း စာတိုက်တို့တွင် အလွယ်တကူ ငွေထုတ်၊ ငွေလွှဲ ပြုလုပ်နိုင်ပြီး အများဆုံး သိန်း နှစ်ဆယ်ကျပ်အထိ ငွေထုတ်၊ ငွေလွှဲ ပြုလုပ်နိုင်ကြောင်း ၎င်းက ပြောသည်။
“ငွေလွှဲလိုက်လို့ရှိရင် ငွေထုတ်မယ့် သူ နာမည်ရယ်၊ လုံခြုံရေး ကုဒ်နံပါတ် ရယ်၊ မှတ်ပုံတင်နံပါတ်ရယ် ထုတ်မယ့် သူ ဖုန်းထဲကို မက်ဆေ့ခ်ျ ရောက်သွားတယ်။ အဲဒီမက်ဆေ့ခ်ျပြပြီးတော့မှ သွားထုတ်ရ မယ် မှတ်ပုံတင်နဲ့”ဟု ၎င်းက ဆိုသည်။
ငွေထုတ်၊ ငွေသွင်းပြုလုပ်နိုင်ရန် ထားဝယ်မြို့တွင်း တကူးတက သွားနေရ ပြီး တစ်ခါတရံ လူများသည့် နေ့များတွင် နာရီအတော်ကြာ စောင့်ဆိုင်း နေရသည့် အခက်အခဲများကို ပြေလည် သွားစေမည် ဖြစ်ကြောင်း ထားဝယ်တက္ကသိုလ်တွင် စာကြည့်တိုက်မှူးအဖြစ် တာဝန်ထမ်းဆောင် နေသည့် ဒေါ်ယဉ်ယဉ်အေးက ပြော သည်။

နည်းပညာ တက္ကသိုလ် ကျောင်း ဝင်းအတွင်းတွင်လည်း ATM စက် တပ် ဆင်ပေးနိုင်ရန် CB Bank ရုံးချုပ်ကို တင်ပြပေးရန် စီစဉ်နေပြီး ခွင့်ပြုချက် ရရှိပါက တပ်ဆင်ပေးမည် ဖြစ်ကြောင်း CB Bank ထားဝယ်ရုံးခွဲထံမှ သိရသည်။