တိုင်းအစိုးရသက်တမ်း တစ်နှစ်ကျော်အတွင်း မြေယာ အခြားနည်း အသုံးပြုခွင့် ရပြီးသူ ၄၀၀ ကျော်

0
472

အစိုးရသစ်လက်ထက်တွင် တနင်္သာရီ တိုင်းတွင်း မြေယာအခြားနည်း အသုံး ပြုခွင့် လျှောက်ထားမှုများအနက် ၄၀၀ ဦးကျော်ကို ခွင့်ပြုချက်ပေးပြီး ဖြစ်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေး မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက ပြောသည်။

သဲ၊ ကျောက်စုပ်လုပ်ငန်းကဲ့သို့ ရေအောက်မြေ အခြားနည်းအသုံးပြုခွင့် အပါအဝင် ကျောက်ထုတ်လုပ်ငန်း၊ အလုပ်ရုံ၊ အဆောက်အဦများ ဆောက် လုပ်ရန်စသည်တို့ ဆောင်ရွက်နိုင်ရန် အတွက် မြေယာများကို အခြားနည်း အသုံးပြုခွင့် လျှောက်ထားမှုများအပေါ် ဥပဒေနှင့်အညီ ခွင့်ပြုပေးနေကြောင်း ဝန်ကြီး ဦးမြင့်စန်းက ပြောသည်။

“ဥပဒေနဲ့ ညီညွတ်ရင် အခြားနည်း အသုံးပြုခွင့် ရမယ်ပေါ့”ဟု ဝန်ကြီးက ပြောသည်။
လျှောက်ထားရာတွင် ဥယျာဉ်ခြံမြေ ဆိုက တိုင်းအစိုးရအဖွဲ့မှ အတည်ပြုပေးပြီး လယ်မြေဖြစ်ပါက ဗဟို လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီသို့ တင်ပြ အတည် ပြုချက် ရယူရကြောင်း ၎င်းက ဆိုသည်။

မြေယာအခြားနည်း အသုံးပြုခွင့် လျှောက်ထားလိုသူများက မြို့နယ်မြေ စာရင်းတွင် လုပ်ထုံးလုပ်နည်းများအ တိုင်း လျှောက်ထားရပြီး မြို့နယ်၊ ခရိုင်၊ တိုင်း လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့၏ ဆုံးဖြတ်ချက်၊ တင်ပြချက်များကို တိုင်း အစိုးရအဖွဲ့အစည်းအဝေးမှ အတည်ပြု ပေးကြောင်း ဝန်ကြီး ဦးမြင့်စန်းက ပြော သည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း မြေယာကို အခြားနည်းအသုံးပြုခွင့် လျှောက်ထားရာတွင် ကြန့်ကြာမှုများ ကြုံတွေ့နေရကြောင်း လုပ်ငန်းရှင်အချို့ နှင့် ဒေသခံအချို့က ညည်းညူမှုများ လည်း ရှိနေသည်။