အလုပ်၊ နိုင်ငံရေးနှင့် မိသားစုဆန်ခြင်း

0
530

နိုင်ငံတစ်ခု၊ ဌာနတစ်ခုဟာ”အရမ်း ကို မိသားစုဆန်တာပဲ”လို့ ဆိုတာနဲ့ ရင်ထဲဖိုခနဲ လှိုက်နွေးသွားတတ်မြဲပါ။ဘယ်လောက်များ ဝမ်းမြောက်စရာ ကောင်းလိုက်သလဲ။ မိသားစု တစ်အူ တုံဆင်းလို ချစ်ချစ်ခင်ခင်၊ ကြင်ကြင် နာနာရှိကြမှတော့ အဲသလောက် နွေး ထွေးတဲ့ အသိုက်အမြုံလေးမှာ ငြိမ်းငြိမ်း ချမ်းချမ်း သာသာယာယာရှိကြပေမပေါ့လို့ ကျွန်တော်တို့တွေ တွေးတောတတ်မြဲ။ မိသားစုဆန်တယ် ဆိုသကိုး။
မိသားစု စိတ်ဓာတ်ဆိုတာ “ရေကို ခြား အကြားမထင်သလိုမျိုး”၊ တစ်သွေး တည်းတစ်သားတည်း၊ တစ်စိတ်တစ်ဝမ်း တည်းလို့လည်း အဓိပ္ပာယ် ဖွင့်ဆိုနိုင်ပါ သဗျ။ ပြည်ထောင်စု စိတ်ဓာတ်ရယ်လို့ ဝိသေ သပြုကြ ဂုဏ်ယူကြပေသကိုး။
အလုပ်အကိုင်မှာလည်း အဲသလိုပဲရှိ သဗျ။

သာဓက ဆောင်ရမယ်ဆိုရင် မိသားစု အလုပ်နဲ့ ပရော်ဖက်ရှင်နယ် အလုပ်ဆို တာမျိုးမှာ မိသားစုအလုပ်ဆိုတာနဲ့ လုပ်ခလစာနဲ့ အလုပ်ချိန်ဆိုတာ ပြော မနေတော့ဘူး။ ဝိုင်းလုပ်ဝိုင်း စားစိတ် ဓာတ်နဲ့ အလုပ်ရှိလာရင် ဝိုင်းကြဝန်းကြ အေးအတူပူအမျှပေါ့လေ။ ပရော်ဖက်ရှင် နယ် ဆန်လာပြီဆိုတာနဲ့ အလုပ်ရဲ့ သဘော၊ သဘာဝနဲ့ လုပ်ပိုင်ခွင့် တာဝန် ဆိုတာမျိုး ပါလာသလို လုပ်ခလစာနဲ့ ခံစားခွင့်စတာတွေ သေချာပြဋ္ဌာန်းလာကြ တယ်။ အခြေခံစည်းမျဉ်းစည်းကမ်းနဲ့ သဘောသဘာဝကိုက မူဝါဒနဲ့ ပြတ်ပြတ် သားသား ကန့်သတ် သတ်မှတ်ချက်အချို့ ရှိလာတယ်။ ခပ်တိုတို ပြောရမယ်ဆိုရင် စည်းနဲ့စနစ် ရှိလာတာပေါ့လေ။ မိသားစု ပုံစံနဲ့က မတူတော့ဘူး။

မောင်ရင်လေးအမြင်ကတော့ အဲဒီ အစွန်းနှစ်ခုဖြစ်တဲ့ မိသားစုဆန်ခြင်း၊ ပ ညာသည်ဆန်ခြင်း ၂ ခုကို သင့်သလို ရောစပ်အသုံးပြုတာမျိုးက အကောင်း ဆုံး။
ဘာကြောင့်ပါလဲ။
နိုင်ငံရေးဘက် ကြည့်ရအောင်ပါ။
နိုင်ငံ့အရေးမှာလည်း မိသားစုစိတ် ဓာတ်နဲ့ နွေးနွေးထွေးထွေး ကြင်ကြင်နာနာ ဥမကွဲသိုက်မပျက် သိုက်သိုက်ဝန်းဝန်း စုစုစည်းစည်း နွေးနွေးထွေးထွေးရှိကြတာ အကောင်းဆုံးလို့ မောင်ရင်လေးတို့နိုင်ငံ သား အားလုံးက တညီတညွတ်တည်း လက်ခံထားကြပါသဗျ။သို့ပေမဲ့လို့ အခြေခံမူဝါဒနဲ့ အခြေ ခံစည်းဘောင်လေးတွေတော့ ခိုင်မာဖို့ လိုအပ်သပေါ့လေ။ အဲသည်စည်းက ဘာ အတွက်စည်း၊ အဲသည်ဘောင်က ဘာ အတွက် ထားရတယ်ဆိုတာမျိုး အပြန်အ လှန်တူညီတဲ့ သဘောထားလေးတွေနဲ့ ရှိကြရမယ့် မူဝါဒနဲ့ သဘောတရား လေးတွေတော့ ခိုင်ခိုင်မာမာ ရှိကြရပေ မပေါ့လေ။ လူ့စည်း၊ ဘီလူးစည်းစသဖြင့် လိုအပ်ပေလို့သာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုတာတွေ ရေးကြဆွဲကြ၊ ပြဋ္ဌာန်းကြပေသပေါ့။

အဲသည် လေးစားအားကျ အတုယူ စရာကောင်းလှတဲ့ မိသားစုစိတ်ဓာတ်၊ မိ သားစုဆန်တယ်ဆိုတာမျိုးကို တလွဲ အဓိပ္ပာယ်ဖွင့်ပြီး မိသားစုဆန်လွန်းလာ တာမျိုးကိုဖြင့် မောင်ရင်လေးတို့ တစ်ခါ တလေ အမြင်ထဲ မကြည်လင်ဖြစ်ရ တတ် ပါသဗျ။
မိသားစုတစ်ခုမှာ အလိုလိုက်တဲ့ က လေး နွဲ့တတ်သလိုမျိုး၊ ငိုတဲ့ကလေး နို့ ပိုစို့ခွင့်ရသလိုမျိုး၊ ဆိုးတဲ့သားမိုက် အလို လိုက်ခံရသလိုမျိုး အချင်းအရာ တွေဟာ မိသားစုမှာ ကောင်းသော အလေ့တော့ မဟုတ်ပေဘူးကိုးဗျ။

အဲကြောင့်လည်း အိပ်ရာဝင်ပုံပြင် တစ်ပုဒ်မှာ အခါတစ်ပါးက သူသတ် ကုန်း အပို့ခံရလေတော့မယ့် ခိုးသားတစ် ယောက်ကို တောင်စွယ်နေကွယ်လို့ မ ကွပ်မျက်မီမှာ မောင်မင်း ဘယ် အခွင့် အရေးလိုပါခြိမ့်နည်းလို့ မေးလေ သော အခါ မာတာမိခင်ကို မသေခင် ဖူးတွေ့ ချင်တယ် ဆိုပါသတဲ့။ အခွင့်ရလို့ တွေ့ခွင့်ပေးလေသောအခါ မိခင်ကို နှစ် ကိုယ်ကြား စကားဆိုခွင့်တောင်းပါ သတဲ့။ မိခင်အနားကပ် လေသောအခါမှ မိအိုသည် ငါငယ်စဉ်က ဆိုးသွမ်းလေသမျှ မဆိုမဆုံးမခဲ့သဖြင့်သာ ငါသည် အမှန် အမှားမသိ။ ငယ်သော်ငြားက ဆိုဆုံး မခဲ့ပါမူကား ငါသည် ယနေ့လိုအဖြစ်မျိုး ကြုံမည်မဟုတ်လေဟု ဆိုကာ အမိအို၏ နားရွက်အား ကိုက်ဖြတ် လေသတတ်။ အဲသလိုအငိုတတ်တဲ့ ကလေးတွေကို အလိုလိုက်တာမျိုးထက် စည်းစနစ် တစ်ခုနဲ့ အသေအချာအခိုင်အမာ ဆို ဆုံးမ ပဲ့ပြင်ကြရမယ့် တာဝန်သည် မိ သားစု အကြီးအကဲတွေမှာ ရှိကိုရှိကြ ရမယ့် တွေးအခေါ်မျိုး ဖြစ်ပါသဗျ။

ဆုံးမ ပဲ့ပြင်တဲ့အခါမလဲ ဒေါသမ ပါဖို့၊ မိမိအပြစ်ကို မိမိသိကြစေဖို့ စိတ် ရင်းစေတနာနဲ့သာလျှင် ဆုံးမပဲ့ပြင်ဖို့ လို အပ်ပါသဗျ။ မိဘသည် သားသမီးဆိုး မိုက်သမျှ ငယ်သေးလို့ဆိုပြီး ပြုံးပြုံး ပြုံးပြုံးနဲ့ ကြည့်နေပေမယ့်လို့ အခြားတစ် ပါးသူအပေါ် ရိုင်းပျနေတာမျိုး ဖြစ်ပါ လျှင် ဆုံးမပဲ့ပြင်ကြရမှာကို မလုပ်တဲ့ မိဘမျိုးသည် သားသမီးကို လမ်းမှား ပို့တဲ့ မိဘလို့ဆိုရမှာပေမယ့် အဲသာသည် လည်း မိသားစုမှာ ဖြစ်တတ်ပျက်တတ် သဘော သဘာဝပါပဲ ခင်ဗျ။

မောင်ရင်လေး အဖေဆိုရင် မောင်ရင် လေးတို့ ငယ်ငယ်ကတည်းက စိတ်ဆိုး ဒေါသထွက်ပါမှ ရိုက်နှက် ဆုံးမတာမျိုး မလုပ်တတ်ပါဘူးဗျ။ အမှားလုပ်မိပြီဆို တာနဲ့ ပါးစပ်ကဆုံးမပြီး ပြစ်ဒဏ် အကြီးအသေး အလျောက် ပန်းသီတံစု ထားတဲ့ တုတ်ချောင်းအစည်းလေးနဲ့ တင်ပါးကို သာသာနှက်ပြီး ဆုံးမတတ် ပါသဗျ။ စိတ်မဆိုး၊ ဒေါသမပါဘဲ မိမိအပြစ်အတွက် မိမိကိုယ်တိုင် နာခံ တတ်အောင်၊ တာဝန်ယူတတ်အောင် ဆုံးမပဲ့ပြင်တာမျိုးဟာ မိသားတစ်စုမှာ မလွဲမသွေ လိုအပ်ပါသဗျ။ သို့ပေတဲ့ ဒေါသတော့ မပါရဘူးပေါ့ဗျာ။ အဲသာမှ လည်း အမှားကို အမှားမှန်း သိတတ်၊ မြင်တတ်လာကြမှာကိုး။

အဲသာ ပြောနေရတာက အချို့မိ သားစု ဆန်ပါတယ်ဆိုတဲ့ ဌာနတွေမှာ အတော်အတန် ကြီးကြီးမားမားမှားတဲ့ အမှားတွေကိုသော်မှ မိသားစုဆန်ဆန်လို့ အကြောင်းပြပြီး အရေးအရာမယူ၊ မပြော မဆို မဆုံးမပါဘဲ လက်လွတ်လုပ်နေ ကိုင်နေကြတဲ့ ဌာနကြီးတွေ တွေ့နေရ လို့ပဲ ဖြစ်ပါသဗျ။ ဌာနဆိုင်ရာ လုပ်ထုံး လုပ်နည်း၊ စည်းမျဉ်းစည်းကမ်းနဲ့ ထိုက် သင့်သော အရေးယူမှုလုပ်သင့်တာမျိုးကို သော်မှ အဂတိတရားနဲ့ဖုံးပြီး မိသားစု စိတ်ဓာတ်ဆိုတာမျိုးနဲ့ သကာလောင်း ကာ ဖုံးဖုံးဖိဖိလုပ်နေကြတာဟာလည်း တစ်နေ့တစ်ချိန်မှာ နားရွက်အကိုက်ခံရ မယ့် အမေအိုလိုအဖြစ်မျိုး အဆုံးသတ် မကြုံရဘူးလို့ မဆိုနိုင်တာ သေချာလှ ပေါ့ဗျာ။ မိမိယူပေးလိုက်လေသော တာဝန်ယူမှုသည် အဲသည်လူအား မှား သထက်မှားစေဖို့ အားပေးသလို ဖြစ်စေ တတ်တာ သိကြဖို့နဲ့ ငါ့ဌာနက မိသားစု တအား ဆန်တာပဲလို့ ရောမ ချဖို့တော့ လိုအပ်သပေါ့လေ။ ဘယ်ဌာန တွေလဲလို့ တော့ မောင်ရင်လေးဒဲ့ မပြောလိုသေးဘူး။

ချုပ်ပြီး ပြောရရင်ဖြင့် နိုင်ငံတစ်ခု၊ ဌာနတစ်ခုဟာ အရမ်းကို မိသားစု ဆန် တာပဲလို့ဆိုတာနဲ့ ကျွန်တော်တို့တွေ ရင်ထဲဖို ခနဲလှိုက်နွေးသွားတတ်မြဲပါပဲ ခင်ဗျ။ ဘယ်လောက်များ ဝမ်းမြောက် စရာ ကောင်းလိုက်မလဲ။ မိသားစုတစ်အူ တုံ ဆင်းလို ချစ်ချစ်ခင်ခင်၊ ကြင်ကြင် နာနာ ရှိကြမှတော့ အဲသလောက်နွေးထွေးတဲ့အသိုက်အမြုံလေးမှာ ငြိမ်းငြိမ်း ချမ်းချမ်း သာသာယာယာ ရှိကြပေမပေါ့ လို့ ကျွန်တော်တို့တွေ တွေးတော တတ် မြဲပေါ့လေ။
မိသားစု ဆိုသကိုး။

အဲအကြီးတွေ အချင်းချင်း လက်ဝါး ရိုက်ညီညွတ်ပြီး အငယ်တွေငတ်နေတာ မျိုး မဖြစ်သင့်သလို ဌာနဆိုင်ရာတွေ ညီညွတ်လွန်းပြီး ပြည်သူကို အရေးမစိုက် တာမျိုး ပြည်သူ့နစ်နာချက်တွေကို အလေးမထားတာမျိုး မဖြစ်သင့်ပါဘူး။
အငိုတတ်တဲ့ ကလေး၊ သားဆိုး သားမိုက်ကို အလိုလိုက်လို့ အနစ်နာ ခံတဲ့ လိမ္မာတဲ့ ကလေးကို ပြစ်ပယ်ထားတဲ့ မိသားစုဆန်လွန်းတာမျိုးကိုဖြင့် ထိန်း ထိန်းသိမ်းသိမ်းပြင် လာပြောင်းလာ ကြတာကိုဖြင့် မောင်ရင်လေးတို့တွေ မသေခင် မြင်မိချင်သေးသပေါ့လေ။