လောင်းလုံးဆေးရုံတွင် ဆရာဝန်တစ်ဦး ကြိုးဆွဲချသတ်သေ

0
409

လောင်းလုံးမြို့နယ်ဆေးရုံဧရိယာအတွင်း လက်ထောက်ဆရာဝန်အမျိုး သားတစ်ဦး ကိုယ့်ကိုယ်ကို ကြိုးဆွဲချ သတ်သေခဲ့ကြောင်း ယင်းဆေးရုံတာဝန်ရှိ သူတစ်ဦးထံမှ သိရသည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မွေးလူနာတစ်ဦးအား မွေးဖွားပေးပြီးနောက် တစ်နာရီကျော်ခန့် အကြာတွင် ၎င်းနေထိုင်သည့် အဆောင် တွင် ဆွဲကြိုးချ သတ်သေခဲ့ခြင်းဖြစ်ကြောင်း ယင်းဆေးရုံမှ ကုသရေးဦးစီးဌာနမှူး ဒေါက်တာသူဇာဝင်းက ပြောသည်။
“၁၁ နာရီမိနစ်သုံးဆယ်လောက်မှာ ပြင်ပလူနာလာပြလို့ သူ့ကိုဖုန်းဆက်ခေါ် တာ ဖုန်းမကိုင်လို့ ဒီက ဝန်ထမ်းတစ်ဦး သွားခေါ်တဲ့အချိန်မှာ ကြိုးတန်းလန်းနဲ့ သေနေတာတွေ့ရတယ်”ဟု ဒေါက်တာ သူဇာဝင်းက ပြောသည်။

ယင်းဖြစ်စဉ် မဖြစ်ပွားခင် ဒီဇင်ဘာ ၂၅ ရက်စွဲဖြင့် သေတမ်း စာတစ်စောင်ကို ရေးသားထားခဲ့ပြီး စာထဲတွင် မည်သူ ပရောဂမှ မပါဝင်ကြောင်း၊ သူ့ဘ၀ဝဋ် ကြွေးကုန်ပြီ ဖြစ်ကြောင်း၊ ကိုယ်ကောင်း သလောက် ဘယ်သူမှ ကိုယ့်အပေါ် မကောင်း ကြောင်း၊ ဘ၀ကို စိတ်နာနေပြီးဖြစ်ကြောင်း စသည်တို့ကို ရေးသားထားသည်။

အသက်၂၉ နှစ်အရွယ် ဒေါက်တာ နိုင်နိုင်ထွန်းသည် လောင်းလုံးမြို့နယ် ကဒက်ကြီးရွာသားတစ်ဦးဖြစ်ပြီး ယင်း ဆေးရုံတွင် လက်ထောက် ဆရာဝန် ရာထူးဖြင့် တာဝန်ထမ်းဆောင်နေသည် မှာ တစ်နှစ်ကျော်ခန့်ရှိပြီဖြစ်ကြောင်း ဒေါက်တာသူဇာဝင်းက ပြောသည်။
ယင်းအမှုကို သေမှုသေခင်းအမှတ် ၁၈/၂၀၁၇ ဖြင့် အမှုဖွင့်လှစ် စစ်ဆေးနေ ဆဲဖြစ်ပြီး သေဆုံးသူ၏ လုပ်ဖော်ကိုင် ဖက်များကို ကနဦး စစ်ဆေးချက်အရ စိတ်ကျရောဂါကြောင့် သတ်သေခဲ့ခြင်း ဖြစ်နိုင်သည်ဟု လောင်းလုံးမြို့မရဲစခန်း မှ စခန်မှူး ဒုရဲမှူးဝင်းလွင်က ပြော သည်။

လောင်းလုံးမြို့နယ်တွင် ယခုနှစ် အတွင်း ကိုယ့်ကိုယ်ကို ကြိုးဆွဲချ သတ် သေမှု စမ်းလှမ်းကျေးရွာတွင် တစ်ကြိမ်၊ မင်းရပ်ကျေးရွာတွင် တစ်ကြိမ် ဖြစ်ပွား ခဲ့ပြီး ယခုလောင်းလုံးမြို့နယ်ဆေးရုံတွင် တစ်ကြိမ် စုစုပေါင်း သုံးကြိမ်ဖြစ်ပွား ခဲ့ကြောင်း သိရသည်။