မျိုးတုံးမည့် အန္တရာယ်ရှိသည့် တောရိုင်းတိရစ္ဆာန် ၇ မျိုး တနင်္သာရီတိုင်းတွင် တွေ့ရှိ

0
732

မျိုးတုံးမည့် အန္တရာယ်နှင့် ရင်ဆိုင် နေရသည့် တောရိုင်း တိရစ္ဆာန် ခုနစ် မျိုးကို တနင်္သာရီတိုင်းဒေသကြီး သရက် ချောင်း မြို့နယ်တွင် တွေ့ရှိ မှတ်တမ်း တင်နိုင်ခဲ့ကြောင်း သားငှက်ထိမ်းသိမ်း ရေးအဖွဲ့(WCS) ထားဝယ်ရုံးခွဲထံမှ သိရသည်။
မျိုးတုန်းပျောက်ကွယ်မည့် အန္တရာယ် ရှိနေသည့် နို့တိုက် သတ္တဝါများ ဖြစ် သော အာရှဝက်ဝံနက်၊ မလေးဝက်ဝံ၊ သစ်ကြောင်၊ ကြောင်သလင်း၊ မျောက်မြီး တို၊ မျောက်ပတီးနှင့် ဘုတ်ငှက် စသည့် တောရိုင်းတိရစ္ဆာန် ၇ မျိုးကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း အထက်ပါရုံး တာဝန်ခံ ဒေါ်ခင်ခင်မျိုးက ပြောသည်။

တောရိုင်းတိရစ္ဆာန်များသည် လူ များကို တစ်နည်းနည်းဖြင့် အကျိုးပြုနေ ကြသောကြောင့် တစ်ခုနှင့်တစ်ခု ဘက် မျှနေရန် လိုအပ်ပြီး ယင်းကဲ့သို့ဘက်မျှမှု မရှိပါက လူကို ဆိုးကျိုးသက်ရောက် လာမည် ဖြစ်ကြောင်း ဒေါ်ခင်မျိုးမျိုး က ပြောသည်။
“အခုဆို တောဝက်တွေ အရမ်း ပေါလာတယ်၊ သူ့ကိုစားမယ့် ကျားတွေ မရှိတော့ဘူး၊ ဒါဆိုရင် တောဝက်တွေက လူတွေစိုက်ထားတဲ့ စိုက်ခင်းတွေထဲ ဝင်ပြီး ဖျက်ဆီးတာခံရမယ်။ တစ်ခုနဲ့ တစ်ခုက ချိတ်ဆက်နေတာ”ဟု ၎င်းက ဆိုသည်။

ယင်းကဲ့သို့ မဖြစ်ရန် တောရိုင်း တိရိစ္ဆာန်များကို စီးပွားဖြစ် အလွန်အကျွံ အမဲလိုက်ခြင်း၊ တောရိုင်းတိရိစ္ဆာန်များ မျိုးပွားချိန်တွင် အမဲလိုက်ခြင်း စသည့် တို့ကို ရှောင်ကျဉ်ရန် လိုအပ်ကြောင်း ၎င်းကပြောသည်။
သရက်ချောင်းမြို့နယ်တွင် ၂၀၁၆ ခုနှစ် ဇန်နာဝါရီလမှ မတ်လလယ်အထိ အနည်းဆုံး ၄၅ ရက်အကြာ ကင်မရာ များဖြင့် ထောင်ခြောက်ဆင် မှတ်တမ်း တင်ရာမှ အထက်ပါ တောရိုင်းတိရိစ္ဆာန် ၇ မျိုးကို တွေ့ရှိ မှတ်တမ်း တင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။