ထန်းရည်လိုင်စင် လျှောက်လိုသူများ စုံစမ်းနိုင်ပြီ

0
434

ထားဝယ်ခရိုင်အတွင်း ထန်းရည် လေလံလိုင်စင် လျှောက်ထားလိုပါက လာရောက်စုံစမ်းနိုင်ကြောင်း ထားဝယ် ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။
လာမည့်နှစ်အတွက် ထန်းရည် လေလံလိုင်စင် (CFL-1-၁) ဆွဲယူရန် ခရိုင်ထွေ/အုပ်ရုံးတွင် လိုအပ်သည့်အချက် များကို လာရောက်စုံစမ်းပြီး ရပ်/ကျေး အုပ်ချုပ်ရေးမှူး ထောက်ခံချက်ဖြင့် သက်ဆိုင်ရာမြို့နယ် ထွေ/အုပ်ရုံးများ တွင် လျှောက်နိုင်ကြောင်း ခရိုင်ထွေအုပ်ရုံး မှ ဦးစီးအရာရှိ ဦးထွန်းထွန်းဝင်းက ဆိုသည်။

ယခင်က ထန်းရည်ရောင်းချခွင့် လေလံလိုင်စင်ဆွဲရန်အတွက် လာလျှောက် ရာတွင် သတ်မှတ်ကာလ နောက်ကျခြင်း၊ အချက်အလက် မပြည့်စုံခြင်းများကြောင့် ထားဝယ်ခရိုင်အတွင်း ထန်းရည်လေလံ လိုင်စင်ရရှိထားသူ တစ်ဦးမျှမရှိကြောင်း ၎င်းက ပြောသည်။
တနင်္သာရီတိုင်းဒေသကြီး လွှတ် တော်က ယခုနှစ်အတွင်း ပြဋ္ဌာန်းခဲ့သည့် ယစ်မျိုးခွန်ဥပဒေတွင် ခရိုင်အုပ်ချုပ် ရေးမှူးက ကြီးကြပ်လျက် မြို့နယ်အုပ် ချုပ်ရေးမှူးပါဝင်သော လေလံရောင်း ချရေးအဖွဲ့က သက်ဆိုင်ရာဒေသတွင် ဇယား(၂)ပါ ယစ်မျိုးလိုင်စင် အမျိုး အစားကို နှစ်စဉ် ဧပြီလတွင် လေလံတင် ရောင်းချရမည်ဟု ဖော်ပြထားသည်။

အဆိုပါ ယစ်မျိုးခွန်ဥပဒေ ဇယား (၂)တွင် ထန်းရည်၊ ဓနိရည်ကို ဆိုင်ဖွင့်၍ ဆိုင်ဥပစာအတွင်း သောက်သုံးရန်(သို့) ဥပစာပြင်ပသို့ ယူဆောင်ရန် လက်လီ ရောင်းချခွင့်လိုင်စင် အပါအဝင် အခြား ယစ်မျိုးလိုင်စင်အချို့ ပါဝင်သည်။
လေလံဆွဲယူရန်အတွက် တင်ပြ လာပါက ခရိုင်အုပ်ချုပ်ရေးမှူး၊ ကျန်းမာ ရေး၊ ရဲတပ်ဖွဲ့ အစရှိသည့် သက်ဆိုင် ရာဌာနများ ပါဝင်သည့် ယစ်မျိုးအကြံပေး အဖွဲ့က စာသင်ကျောင်း၊ ဘာသာရေး နေရာများနှင့် နီးကပ်မှုရှိ/ မရှိ စိစစ်ဆုံး ဖြတ်ကာ အထက်သို့ အဆင့်ဆင့် တင်ပြမည်ဖြစ်ကြောင်း ဦးထွန်းထွန်းဝင်း က ဆိုသည်။

“လာမယ့်နှစ်အတွက် လိုင်စင်ကို ဒီနှစ်ကတည်းက လာတင်ပြနိုင်တယ် ” ဟု ၎င်းက ပြောသည်။
လက်ရှိအချိန်တွင် ထန်းရည်ကို အကြောက်တရားဖြင့် ရောင်းချနေရပြီး လေလံလိုင်စင် ဆွဲခွင့်ပြုမည်ဆိုပါက လေလံဆွဲသွားမည် ဖြစ်ကြောင်း ထားဝယ် မြို့ အဝင်လမ်းတွင် ထန်းရည်ရောင်းချ နေသူတစ်ဦးက ဆိုသည်။

“အခုက တရားဝင် လုပ်ချင်ကြ ပေမယ့် လုပ်ခွင့်မရဘူးဖြစ်နေတယ်” ဟု အဆိုပါ ထန်းရည်ရောင်းချသူက ပြောသည်။
လေလံကြမ်းခင်းဈေးကို ယစ်မျိုး အကြံပေးအဖွဲ့က သတ်မှတ်ပြီး အခြား တိုင်း/ပြည်နယ်အချို့တွင် တစ်နှစ်တာ အတွက် ကျပ် ၁ သိန်းမှ ငွေကျပ် ၄ သိန်း အထိ သတ်မှတ်ကြကြောင်း ဦးစီးအရာရှိ ဦးထွန်းထွန်းဝင်းက ဆိုသည်။