ထီးခီးကားဝင်း အလုပ်မဖြစ်တော့

0
473

ထိုင်း-မြန်မာ နယ်စပ်သို့ ပြေး ဆွဲနေသည့် ထားဝယ်-ထီးခီးကားများ ဂိတ်ထိုးရာ နေရာဖြစ်သည့် ထီးခီးကား ဝင်းတွင်ခရီးသည် ရရှိမှုနည်းပါးကာ အလုပ် မဖြစ်တော့ကြောင်း ထားဝယ်-ထီးခီး ယာဉ်လိုင်း တာဝန်ခံအချို့က ပြောသည်။

လက်ရှိအချိန်တွင် အသင်းဝင်ထား ခြင်းမရှိသည့် ကားများက အဝေးပြေး ကားဝင်းနှင့် နယ်ဘက်မှ ထီးခီးသို့ တိုက်ရိုက်ပြေးဆွဲနေကြခြင်းကြောင့် ထားဝယ်မြို့ရှိ ထီးခီးကားဝင်းတွင် ခရီး သည်ရရှိမှု နည်းပါးလာကြောင်း ထားဝယ် လမင်းယာဉ်လိုင်းမှ တာဝန်ရှိ သူတစ်ဦး က ဆိုသည်။
“ခရီးသည်နည်းတော့ ကားဝင်းထဲ မှာရှိတဲ့ လိုင်းတွေ(ယာဉ်လိုင်းအားလုံး)ထဲက တစ်နေ့ကို ကားနှစ်စီး သုံးစီး လောက်ပဲ ထွက်နိုင်တယ်”ဟု အဆိုပါ ယာဉ်လိုင်းတာဝန်ရှိသူက ပြောသည်။

ယခင်က ထားဝယ်-ထီးခီး ပြေးဆွဲ နေသည့် ယာဉ်လိုင်း ၂၇ လိုင်းရှိခဲ့ပြီး လက်ရှိအချိန်တွင် ၁၈ လိုင်းခန့်သာ ကျန်ရှိတော့ကြောင်း ထားဝယ်-ထီးခီး မော်တော်ယာဉ်အသင်းထံမှ သိရသည်။
ပစ္စည်းတင်သည့်ကား အထူးသဖြင့် ဟင်းသီးဟင်းရွက်တင်ကားများနှင့် အသင်းဝင်ထားခြင်းမရှိသည့် ကားများ က တရားမဝင် ပြေးဆွဲနေခြင်းအပေါ် သက်ဆိုင်ရာဌာနများက ကြီးကြပ်မှုများ လုပ်ဆောင်ပေးစေလိုကြောင်း အဆိုပါ အသင်းဥက္ကဋ္ဌက ဦးထွန်းသစ်က ဆို သည်။

“ဂိတ်မဝင်ဘဲ ဆွဲနေတဲ့ကားတွေကို ပြန်ပြီးကြီးကြပ်နိုင်မှ ပုံမှန်လည်ပတ် နိုင်မယ်၊ အခုဆိုရင် ရပ်တည်ဖို့တောင် မလွယ်တော့ဘူး”ဟု နဂါးနီယာဉ်လိုင်းမှ တာဝန်ရှိသူက ပြောသည်။
ခရီးသည်များ ထီးခီးကားဝင်းတွင် စီးပါက တစ်ဦးကို ကျပ် ၁၈၀၀၀ ဈေး နှုန်းရှိပြီး ဟင်းသီးဟင်းရွက်တင်သည့် ကားများကမူ ခရီးသည်တစ်ဦးလျှင် ကျပ် ၁ သောင်းခန့်သာ ယူနေကြောင်း ယာဉ်လိုင်းအများစုထံမှ သိရသည်။