ပျောက်ဆုံးဆိုင်ကယ်များကို မူလပိုင်ရှင်ထံပြန်ပေးပြီးသော်လည်း အမှန်တကယ်ပြန်မရသေး

0
552

ထားဝယ်တွင် ပျောက်ဆုံးခဲ့သည့် ဆိုင်ကယ်များကို ပြန်လည်ဖမ်းမိခဲ့ပြီး နောက် မူလပိုင်ရှင်ကို ပြန်လည်ပေးအပ် ပြီးဖြစ်သော်လည်း ပိုင်ရှင်များ လက်ဝယ် သို့ အမှန်တကယ် မရောက်သေးကြောင်း ဆိုင်ကယ်ပိုင်ရှင်အချို့ထံမှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ ရက်နေ့က ခိုးရာပါဆိုင်ကယ် ၆ စီးအား မူလပိုင်ရှင်ထံ ပြန်လည်ပေးအပ်ပွဲကို ထားဝယ်မြို့ရှိ ရွှေဝယ်သီရိအားကစား ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ယင်းအခမ်းအနားတွင် ဆိုင်ကယ် ပိုင်ရှင်ထံ ပြန်လည်ပေးအပ်ခဲ့ရာတွင် ဆိုင်ကယ်သော့ကို ပေးခြင်းဖြစ်ပြီး ပွဲမပြီးမီ သော့များ ပြန်သိမ်းယူသွားကြောင်း ပျောက်ဆုံးဆိုင်ကယ်ပိုင်ရှင် တစ်ဦးဖြစ် သူ ဦးသန့်ဇော်လင်းက ဆိုသည်။ ဆိုင်ကယ် ပြန်လည်ပေးအပ်ပွဲပြု လုပ်ပြီး တစ်လ ကျော် ကြာသည်အထိ မူလပိုင်ရှင် လက်ထဲသို့ ပြန်လည်မရောက်ရှိသေးပေ။

“ဆိုင်ကယ်ကို ပြန်ပေးစေချင်တယ်၊ တရားရုံးက လိုအပ်လာတယ်ဆိုရင် ပြန်သွားပေးလို့ ရတာပဲ”ဟု ဦးသန့် ဇော်လင်းက ဆိုသည်။
လက်ရှိတွင် ဆိုင်ကယ်ပြန်မရသေး သဖြင့် သွားလာရေးကိစ္စများတွင် အခက် အခဲဖြစ်နေပြီး ဆိုင်ကယ် တက္ကစီဖြင့် သွားလာနေရကြောင်း ၎င်းက ပြောသည်။
ပျောက်ဆုံးပြီး ပြန်လည်ဖမ်းဆီး ရမိသည့် ဆိုင်ကယ်များကို ပိုင်ရှင်များ ပြန်လည်မရသေးခြင်းမှာ တရားရုံးတွင် တရားစွဲတင်ထားပြီး သက်သေခံပစ္စည်း အဖြစ် တင်ပို့ထားခြင်းကြောင့် ဖြစ် ကြောင်း ထားဝယ်မြို့မ ရဲစခန်းမှူး ဒုရဲမှူး အောင်နိုင်မိုးက ဆိုသည်။

“သက်သေခံပစ္စည်းအဖြစ် တရား ရုံးမှာ အပ်နှံထားတာပါ၊ ဒါကြောင့် ပိုင်ရှင်တွေ မရသေးတာပါ”ဟု စခန်း မှူး ဒုရဲမှူး အောင်နိုင်မိုးက ပြော သည်။
ခိုးယူခံရပြီး ပြန်လည်ဖမ်းမိသည့် အခြားအမှုများတွင်လည်း ပစ္စည်းများကို တရားရုံးထံ သက်သေခံပစ္စည်းအဖြစ် တင်သွင်းရကြောင်း ထားဝယ်မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။
“အမှုကို အမိန့်မချခင် ပြန်လိုချင် တယ်ဆိုရင် တရားရုံးမှာ သွားလျှောက် လို့ရတယ်၊ တရားရုံးက ခေါ်တဲ့အချိန် ပြန်သွားအပ်တာမျိုးပေါ့”ဟု အဆိုပါ ရဲအရာရှိက ဆိုသည်။
အဆိုပါ ဆိုင်ကယ်ခိုးမှုတွင် ပါဝင် သည့် အမျိုးသား ၃ ဦးကို ဖမ်းမိကာ တရားစွဲဆိုထားပြီး ၁ ဦးမှာ လွတ် မြောက်နေဆဲဖြစ်ကြောင်း ထားဝယ် မြို့မရဲစခန်းထံမှ သိရသည်။