ခွန်တန်အရေး မွန်ပြည်နယ်လွှတ်တော်တွင် ကြားနာ

0
448

မွန်ပြည်နယ် အလံတစ်ရာ နယ်မြေ ဒေသတွင် ဖြစ်ပွားနေသည့် ခွန်တန်ကိစ္စ နှင့် ပတ်သက်ပြီး တိုင်ကြားထားချက် အပေါ် မွန်ပြည်နယ်လွှတ်တော် အမျိုး သမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင် ရာ ကော်မတီက နိုဝင်ဘာလ ၆ ရက်နေ့ တွင် ကြားနာစစ်ဆေးခဲ့သည်။
ဘာသာတရား ယုံကြည်မှုအပေါ် အခွင့်ကောင်းယူပြီး ဘာသာရေးမှိုင်း တိုက်၍ ရိုးသားသော ပအိုဝ်းတိုင်းရင်းသူ မိန်းကလေးများအား ဖျက်ဆီးနေမှုကို ဖော်ထုတ်အရေးယူပေးပါရန်ဟု ဆိုကာ ကျူးလွန်ခံရသည့် အမျိုးသမီး၏ မိဘ များကိုယ်စား အမျိုးသမီး ဖခင်တစ်ဦး က ပြည်နယ်လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေး ဆိုင်ရာ ကော်မတီသို့ တိုင်ကြားထားခဲ့သည်။

“တိုင်ကြားသူတွေရဲ့ ပြောကြား ချက်တွေကို နားထောင်တယ်။ ဒီထဲမှာ ကာယကံရှင် အဖေပါတယ်။ အားလုံး ၆ ဦးလာတယ်။ ဒီအပေါ် လုပ်ဆောင် ရမယ့်ဟာကို ကော်မတီရဲ့ ဆုံးဖြတ် ချက်နဲ့ လွှတ်တော်ဥက္ကဋ္ဌရဲ့ လမ်းညွှန် ချက်နဲ့ ဆောင်ရွက်သွားမယ်။ လွှတ်တော် ရဲ့ ဥပဒေ၊ နည်းဥပဒေအတိုင်း ဘောင်ထဲ ကနေ လုပ်ဆောင်သွားမှာ” ဟု ပြည်နယ် လွှတ်တော်အမျိုးသမီးနှင့် ကလေး သူငယ်အခွင့်အရေးဆိုင် ကော်မတီ ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။
ခွန်တန်နှင့် ပတ်သက်ပြီး အမျိုး သမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင် ရာကော်မတီသို့ တိုင်စာ နှစ်စောင် ရောက် ရှိထားကြောင်း ယင်းကိစ္စနှင့်ပတ်သက် သည့် ဆောင်ရွက်ချက်အားလုံးကို လာမည့် လွှတ်တော်အစည်းအဝေးတွင် ဆုံးဖြတ်ချက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ခွန်တန်(ခ)ဇာတ်လိုက်သည် အ လံတရာ ဆရာတော် ဝင်စားသည်ဆိုပြီး ဒေသခံ အချို့တို့က ယုံကြည်ကိုးကွယ် နေကြသည်။
ခွန်တန်ဆိုသူကို ဖမ်းဆီးရန် လွန်ခဲ့ သည့် ၂ လခန့်ကတည်းက အမိန့်ထုတ် ထားကြောင်း လက်ရှိတွင် ခွန်တန်က ရှမ်းပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်း ရှောင်နေသည့်အတွက် ရှမ်းပြည်နယ် အစိုးရနှင့် ပူးပေါင်းပြီး လုပ်ဆောင်သွား မည်ဟု မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက် တာအေးဇံက ပြောကြားထားခဲ့သည်။
အလံတရာနယ်မြေတွင် အတွင်း ၆ ရွာ၊ အပြင် ၆ ရွာရှိပြီး ပအိုဝ်းတိုင်း ရင်းသားလူမျိုး အများစုနေထိုင်နေကြ သည့် ဒေသတစ်ခုဖြစ်ကာ ဘာသာတရား အပေါ် ယုံကြည်သော ပအိုဝ်းတိုင်းရင်းသူ များအား ဖျက်ဆီးနေသည့် ကိစ္စသည် လွန်ခဲ့သည့် ၅ နှစ်၊ ၆ နှစ်ခန့်ကတည်းက ဖြစ်ပွားနေသည်ဟု ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

ဘာသာတရားအပေါ် ယုံကြည် သော ပအိုဝ်းတိုင်းရင်းသူများအား ဖျက် ဆီးနေသည့် ကိစ္စသည် အလံတရာဘုရား ပြုပြင်ခြင်းကို တိုင်ကြားရာမှတစ်ဆင့် ပေါ်ပေါက်လာသည်ဟုလည်း ၎င်းက ဆက်ပြောသည်။
ခွန်တန် (ခ) ဇာတ်လိုက် အပါအ ဝင် ၇ ဦးကိုလည်း ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၆၆ (အတင်းအဓမ္မခိုးယူ ပေါင်း သင်းမှု)၊ ၃၆၃ (လူခိုးမှု)၊ ၁၁၄ (အားပေး ကူညီမှု) တို့ဖြင့် သထုံမြို့မရဲ စခန်းတွင် အမှုဖွင့်ထားသည်ဟု သထုံမြို့မရဲစခန်း ထံမှ သိရသည်။