ထိုင်း- မြန်မာနယ်စပ်အနီးတွင် ထိုင်းနိုင်ငံသားများထံမှ ပစ္စတိုသေနတ် ဖမ်းမိ

0
371

ထားဝယ်မြို့နယ်အတွင်းရှိ ထိုင်း-မြန်မာနယ်စပ်အနီးတွင် နိုဝင်ဘာလ ၅ ရက်က ထိုင်းနိုင်ငံသား များထံမှ အမေရိကန်လုပ် ပစ္စတိုသေနတ် ၁ လက် နှင့် ကျည်ဆံများ ဖမ်းမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနနှင့် ထားဝယ် မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
နယ်စပ်တွင် စစ်ဆင်ရေးတာဝန် ထမ်းဆောင်နေသော တပ်မတော်သား များက ဝါးတောကျေးရွာအနီးတွင် ထားဝယ်ဘက်မှ ထီးခီးဘက်သို့ ထိုင်း နိုင်ငံသား မောင်းနှင်လာသည့် နက်ပြာ ရောင် ဟိုင်းလတ်ကားကို မသင်္ကာသဖြင့် စစ်ဆေးရာ အမေရိကန်နိုင်ငံထုတ် ပွိုင့် ၄၅ ပစ္စတိုသေနတ် ၁ လက်နှင့် ကျည် ၂၄ တောင့်ကို ဖမ်းမိခဲ့ကြောင်း မြို့နယ် ရဲတပ်ဖွဲ့ မှတ်တမ်းအရ သိရသည်။

ယာဉ်ပေါ်ပါသည့် အသက် ၅၃ နှစ် အရွယ် ထိုင်းနိုင်ငံသား၏ ဘေးလွယ် အိတ်အတွင်းမှ သေနတ်နှင့် ကျည်ဆံများ ဖမ်းမိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြ ထားသည်။
ကားပေါ်တွင် အသက် ၅၃ နှစ် အရွယ် ထိုင်းနိုင်ငံသား အမျိုးသားတစ်ဦး အပါ အဝင် အမျိုးသား ၄ ဦးပါရှိပြီး ၁ ဦးမှာ မြန်မာနိုင်ငံသား ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံသား ၃ ဦးကို မြန်မာ နိုင်ငံတွင် တရားဝင် ဝင်ရောက်နေထိုင်ခွင့် အထောက်အထား လက်မှတ်မပါသည့် အတွက် လ၀က အက်ဥပဒေပုဒ်မ- ၃(၁)အရ အရေးယူထားကြောင်း ရဲမှတ်တမ်း အရ သိရသည်။

ယင်းအပြင် တရားမဝင်သေနတ် ကိုင်ဆောင်သည့် အသက် ၅၃ နှစ်အရွယ် ထိုင်းနိုင်ငံသားကို လက်နက်ဥပဒေ ပုဒ်မ ၁၉(စ)ဖြင့် ထပ်မံအရေးယူထားပြီး ၅၁ နှစ်အရွယ်ရှိ ထိုင်းနိုင်ငံသား ယာဉ် မောင်းကို လိုင်စင်မဲ့ယာဉ် အသုံးပြု သည့်အတွက် ပို့ကုန်၊ သွင်းကုန်ဥပဒေ ပုဒ်မ-၈အရ ထပ်မံအရေးယူထားကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

မြန်မာအမျိုးသားကိုမူ အမှုနှင့် မသက်ဆိုင်သည့်အတွက် ပြန်လွှတ် လိုက်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ဆိုသည်။
“မြန်မာနိုင်ငံသားက လမ်းကြုံ လိုက် လာတာဖြစ်လို့ ပြန်လွှတ်လိုက်တာပါ”ဟု အဆိုပါ ရဲအရာရှိက ပြောသည်။
ဝါးတောကျေးရွာသည် ထားဝယ်-ထီးခီး လမ်းမပေါ်တွင် တည်ရှိသည်။