ထားဝယ်ဆိပ်ကမ်းသာညဈေး

0
392

ထားဝယ်ကမ်းနားလမ်းရှိ ဆိပ်ကမ်း သာပန်းခြံတွင် ဖွင့်လှစ်မည့် ညဈေးကို နိုဝင်ဘာလ ပထမအပတ်အတွင်း ဖွင့် လှစ်မည်ဖြစ်ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။
လက်ရှိ ရောင်းချနေသည့် ထားဝယ် စည်ပင်သာယာဈေးကြီး တောင်ဘက်ရှိ ညဈေးကို ဖျက်သိမ်းမည်မဟုတ်ဘဲ ဆိပ်ကမ်းသာ ပန်းခြံတွင် ညဈေးအသစ် တစ်ခု ထပ်မံဖွင့်လှစ်ခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိက ဆိုသည်။

လက်ရှိတွင် ဆိုင်ခန်းလျှောက်ထား သူ ၇၅ ဦး ရှိနေပြီဖြစ်ပြီး စည်ပင်သာယာ ဈေးကြီးတောင်ဘက်ရှိ ညဈေးတွင် လက်ရှိရောင်းချ နေသူများ ပါဝင် နေသည့် အတွက် ပြန်လည်စိစစ်နေကြောင်း ၎င်းက ပြောသည်။
“ဈေးတောင်ဘက်လမ်းမှာ ရောင်း နေတဲ့သူကို ဆိပ်ကမ်းသာပန်းခြံမှာ ရောင်းခွင့်မပြုဘူး၊ နေရာနှစ်ခုမှာ တစ် ယောက်တည်း ရောင်းလို့မရဘူး”ဟု အမှုဆောင်အရာရှိက ဆိုသည်။

ကနဦးက ဈေးတောင်ဘက် ညဈေး ကို ဆိပ်ကမ်းသာပန်းခြံသို့ ပြောင်းရွှေ့ မည်ဟု သတင်း ထုတ်ပြန်ခဲ့သော်လည်း ဈေးသည်များ၏ တောင်းဆိုချက်အရ မပြောင်းရွှေ့တော့ဟု ၎င်းက ပြောသည်။
ထားဝယ်မြို့ ဆိပ်ကမ်းသာပန်းခြံ တွင် ဖွင့်လှစ်မည့် ညဈေးတွင် ၁၀ ပေ ပတ်လည် ယာယီအမိုးတဲ၊ လျှပ်စစ်မီး၊ ရေနှင့် သန့်ရှင်းခများအတွက် ဆိုင်ခန်း တစ်ခန်းကို တစ်ရက်လျှင် ၆၀၀ ကျပ်နှုန်း ဖြင့် ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

“ဒီနေရာမှာက နေသားကျလာပြီ ဖြစ်လို့ မသွားချင်တော့ဘူး၊ ဒီမှာပဲ ဆက်ရောင်းခွင့်ရလို့ ဝမ်းသာနေကြ တယ်”ဟု စည်ပင်ဈေးကြီးတောင်ဘက် ညဈေးတွင် အအေးရောင်းချနေသည့် အသက် ၅၄ နှစ်အရွယ် အမျိုးသမီး တစ်ဦးက ပြောသည်။
လက်ရှိတွင် ထားဝယ်မြို့၌ DDPC ကုမ္ပဏီက ကမကထလုပ်ကာ ဖွင့်လှစ် ထားသည့် ညဈေးတစ်ခုနှင့် စည်ပင်မှ ဖွင့်ထားသည့် ညဈေးတစ်ခု ရှိသည်။