မြိတ် ကမ္ဘောဇ မီနီဘဏ်ခွဲ ဓားပြတိုက်သူ မြိတ်စကားပြောသူဖြစ်

0
427

မြိတ်မြို့ ကမ္ဘောဇမီနီဘဏ်ခွဲ (၁)တွင် ဘဏ်ဝန်ထမ်းတို့အား သေနတ်ပြ ပြီး ဓားပြတိုက်သူသည် မြိတ်စကားပြော သူဖြစ်ကြောင်း အခင်းဖြစ်စဉ် ဘဏ် အတွင်းရှိနေသူ နှစ်ဦးက ပြောသည်။ အောက်တိုဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်က ကန်ဖျားရပ်ကွက် ကန်ဖျားလမ်းမကြီးရှိ ထိုမီနီဘဏ် အတွင်းသို့ အမျိုးသားတစ်ဦး ဝင်ရောက် လာပြီး သေနတ်ပြကာ ဘဏ်ဝန်ထမ်းတို့ အား ငွေထုတ်ခိုင်းကြောင်း မြို့မရဲစခန်း မှ သိရသည်။

အခင်းဖြစ်ချိန်တွင် ဘဏ်ဝန်ထမ်း များအပြင် ဘဏ်အတွင်း ငွေသွင်း/ထုတ် ပြုလုပ်သူ အမျိုးသား ၃ ဦးသာရှိပြီး သေနတ်ဖြင့် ငွေတောင်းသူမှာ မြိတ် စကားသံဖြင့် ပြောဆိုခဲ့ကြောင်း ဘဏ် အတွင်း ဓားပြတိုက်ခံရ စဉ် ကိုယ်တိုင် ကြုံတွေ့ရသူ ဝန်ထမ်းရပ်ကွက်နေ ကိုစိုးမင်းအောင်က ပြောသည်။
” သူ့ဘယ်ဘက်လက်က ပါလာတဲ့ အိတ်တစ်လုံးကို ကောင်တာပေါ်ကို တင်ပေးလိုက်တယ်။ ဒီအိတ်ထဲကို ငွေထည့်ပေးလို့ ပြောတာ ကြားတယ်” ဟု ကိုစိုးမင်းအောင်က ဆိုသည်။

ကမ္ဘောဇဘဏ်၏ ထုတ်ပြန်ချက် တွင်မူ ငွေလာသွင်းသူတစ်ဦးက ငွေသွင်း နေစဉ် လူငယ်တစ်ဦးမှ ဘဏ်အတွင်း ဝင်ရောက်လာပြီး သေနတ်ပြ ငွေတောင်း သွားကြောင်း ထုတ်ပြန်ထားသည်။သေနတ်ပြပြီး ငွေတောင်းသဖြင့် ငွေကျပ်သိန်း ၂၇၀ ပါသွားကြောင်း မြို့မ ရဲစခန်းမှ သိရသည်။အဆိုပါ သေနတ်ပြ ငွေတောင်းသူ အား အမြန်ဆုံး ဖမ်းဆီးရမိရေးဆောင် ရွက်နေကြောင်း သိရသည်။

” လိုက်နေတုန်း စုံစမ်းနေတုန်းပါ” ဟု မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ မြို့နယ်ရဲမှူး အေးမင်းက ပြောသည်။ညဘက်တွင်လည်း ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ အရန် မီးသတ် တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ပိတ်ဆို့ စစ်ဆေး ရှာဖွေမှုများ ပြုလုပ်နေကြောင်း အထက်ပါရုံးမှ သိရသည်။

ကျွဲကူး-ကျောက်ဖျာတံတား၊ သမုတ်-လော့လော့ ဇက်ဆိပ်၊ ကြေးနန်း တိုင်-ပသောင်းတံတား၊ ပုလောတံတား၊ ပလောက်တံတား၊ တနင်္သာရီမြို့အဝင် တံတားစသဖြင့် လမ်းကြောင်း တော် တော်များများတွင် ရှာဖွေနေပြီး CCTV မှတ်တမ်းပုံများလည်း ဖြန့်ဝေထားပြီး ဖြစ်ကြောင်း မြို့မရဲစခန်းမှ သိရသည်။
အဆိုပါ အမျိုးသားသည် အသက် ၃၀ ဝန်းကျင်ခန့်ရှိကာ တလေန ၁၀၀ ဆိုင်ကယ်အမျိုးအစားဖြင့် ဆိုင်ကယ်ဦး ထုပ် မျက်နှာပိတ်မှန်ကာ၊ မျက်နှာ နှာ ခေါင်းစီးဖြင့် ဘဏ်သို့ဝင်ရောက်လာခြင်း ဖြစ်ကာ ငွေတောင်းပြီးနောက် ကန်ဖျား ပိတောက်ပင်လမ်းဆုံဘက်သို့ ဆိုင်ကယ် ဖြင့် မောင်းနှင်ထွက်ပြေးသွားကြောင်း မြို့မရဲစခန်းမှ သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မြိတ်မြို့မရဲစခန်းက (ပ) ၂၄၁၅ / ၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း ယင်းရဲ စခန်းမှ သိရသည်။

မြိတ် ဓားပြတိုက်မှု ဖြစ်စဉ်အပြီး တွင် တိုင်းအတွင်း ခရိုင်မြို့ကြီးများတွင် နေ့ခင်းဘက် လုံခြုံရေးကင်းလှည့်နေ ကြောင်း သိရသည်။ခရိုင်မြို့များရှိ ရွှေဆိုင်များ၊ ဘဏ် များနှင့် စတိုးဆိုင်ကြီးများတစ်ဝိုက်ကို အရပ်ဝတ်၊ ယူနီဖောင်းဝတ်များဖြင့် ကင်းလှည့် ဆောင်ရွက်နေပြီး လုံခြုံရေး သတိရှိရန် အသိပေးပြောဆိုနေကြောင်း တနင်္သာရီတိုင်းဒေသကြီး တိုင်းရဲတပ် ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ဆိုသည်။