ဆန္ဒပြမည့် ထားဝယ်လယ်သမားများကို ရဲတပ်ဖွဲ့ တားမြစ်

0
456

ထားဝယ်တွင် မြေယာပြဿနာနှင့် ပတ်သက်ပြီး ဆန္ဒပြမည့်သူများကို အောက်တိုဘာလ ၁၈ရက်နေ့ မနက်ပိုင်း တွင် ရဲတပ်ဖွဲ့က တားမြစ်သည့်အတွက် ဆန္ဒပြမည့် အစီအစဉ် ပျက်သွားခဲ့သည်။ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ခွင့်၊ စုဝေးပြောဆိုခွင့်ရှိသော်လည်း ဝန် ကြီးချုပ်နှင့် ဝန်ကြီးနုတ်ထွက်ပေးရေး အစရှိသည့် ပုဂ္ဂိုလ်ရေးအရ ဂုဏ်သိက္ခာ ညှိုးနွမ်းစေသည့် ပိုစတာ၊ ကြွေးကြော် သံများပါနေသည့်အတွက် တားမြစ်ခြင်း ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ဆို သည်။

” လက်ရှိလုပ်နေတဲ့ ဝန်ကြီးတွေကို ဒီလိုမျိုး ပြောတာကတော့ သိပ်မသင့် တော်ဘူးပေါ့နော်၊ ဂုဏ်သိက္ခာကိုထိခိုက် စေတယ်” ဟု ရဲမှူးကြီးနေမျိုးက ပြော သည်။
လမ်းလျှောက်ဆန္ဒပြရန် တန်းစီနေ ချိန်တွင် ရဲတပ်ဖွဲ့ဝင်များက သံဆူးကြိုး တပ် ဘယ်ရီဂိတ်များဖြင့် လမ်းပိတ်ဆို့ ထားပြီး လယ်သမားများကိုင်ဆောင် ထားသည့် ဆိုင်းဘုတ်များကို ခွင့်မပြု နိုင်ဟုဆိုကာ ရဲတပ်ဖွဲ့က တားမြစ်ခဲ့ခြင်း ဖြစ်သည်။

ကိုင်ဆောင်မည့် ပိုစတာများကို ဖယ်ပေးမည်ဆိုပါက ဆန္ဒပြခွင့်ပြုမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။” ငြိမ်းချမ်းရေးကို သွားချင်တာဖြစ် တဲ့အတွက် ဒေသတွင်းမှာ ဆူပူပြီး ဖြစ် လာမည့် ကိစ္စတွေကို ရှောင်ပြီး လော လောဆယ် ဒီလောက်နဲ့ပဲ ကျေနပ်လိုက် တယ်” ဟု ဆန္ဒပြခေါင်းဆောင် တစ်ဦး ဖြစ်သည့် ထားဝယ်ခရိုင် တောင်သူ လယ်သမားသမဂ္ဂ အထွေထွေအတွင်း ရေးမှူး ဒေါ်ရီရီထွေးက ပြောသည်။သို့သော် ယင်းကိစ္စကို လာမည့် အချိန်တစ်လအတွင်း စကားဝိုင်းပေါ် ရောက်အောင် တွန်းတင်သွားမည်ဖြစ် ပြီး အစိုးရဘက်က ညှိနှိုင်းမှုကို လက် မခံပါက လက်ရှိအခြေအနေထက် ပိုဆိုးသည့် ပုံစံဖြင့် ဆက်လုပ်သွားရန် လယ်သမားများအကြား သဘောတူညီ ချက်ဖြင့် နောက်ဆုတ်လိုက်ခြင်း ဖြစ်ကြောင်း ဒေါ်ရီရီထွေးက ဆိုသည်။

” အစိုးရ မလုပ်တတ်သော တိုင်း ဝန်ကြီးချုပ် နုတ်ထွက်ပေး” ၊ “မြေယာအ ရေးဖြေရှင်းပေး မဖြေရှင်းနိုင်က တိုင်း လယ်ဆည်ဝန်ကြီး နုတ်ထွက်ပေး” ၊ ” ဥပဒေမဲ့ သိမ်းဆည်းမြေယာပေါ်တွင် ဥပဒေမဲ့ဆောက်လုပ်ခွင့်ပေးသော တိုင်းစည်ပင်ဝန်ကြီးအလိုမရှိ” အစရှိ သည့် ပိုစတာများ ကိုင်ဆောင်မှုကြောင့် တားမြစ်ခံရသည်။

အစိုးရနှင့် ပြည်သူအကြား နှစ်ဦး နှစ်ဖက်ပြေလည်အောင် ညှိနှိုင်းယူရမည် ဖြစ်ပြီး ယခုကဲ့သို့ အဓိကရုဏ်းဖြိုခွဲသည့် လက်နက်များဖြင့် တားဆီးသည့် အ ဆင့်ထိ မလိုအပ်ကြောင်း မြို့မိ မြို့ဖ တစ်ဦးဖြစ်သူ ဦးကျော်ကျော်ဦးက ဆို သည်။” ဥပဒေကြောင့် တာဝန်အရ ဖမ်း မယ်ဆိုလည်း အေးအေးဆေးဆေးဖမ်းလို့ ရတာပဲ၊ အဓိကရုဏ်းလက်နက် အဆင့် ထိ မလိုအပ်ဘူးလို့ ထင်တယ်” ဟု ဦး ကျော်ကျော်ဦးက ပြောသည်။

ပဲခူးတိုင်းဒေသကြီးတွင်လည်း အောက်တိုဘာလ ၁၀ရက်က ပဲခူးတိုင်း အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ်နှင့် ပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီး နုတ်ထွက် ပေးရန် ဆန္ဒထုတ်ဖော်ခဲ့ဖူးသည်။ပြီးခဲ့သည့် အောက်တိုဘာလ ၁၄ ရက်က တိုင်းအစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမတွင် တိုင်းအစိုးရနှင့် လယ်သမား တွေ့ဆုံညှိနှိုင်းခဲ့သော်လည်း အဖြေတစ်စုံတစ်ရာ မရခဲ့သည့်အတွက် ယင်းကဲ့သို့ ဆန္ဒပြရန် စီစဉ်လာခြင်း ဖြစ်သည်။

လက်ရှိတွင် ထားဝယ်မြို့ပြ စီမံ ကိန်းဧရိယာအတွင်း တည်ဆောက်ရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်နေသည့် ဌာနများ၊ ကုမ္ပဏီများ နှင့် ထားဝယ်လယ်သမားများ ထိပ်တိုက် တွေ့ အခင်းဖြစ်မှုများကြောင့် လယ်သမား အချို့ ထောင်ကျခံခဲ့ရခြင်း၊ အမှုရင်ဆိုင် နေရခြင်းများ ဖြစ်ပေါ်လျက် ရှိသည်။
ထားဝယ်ခရိုင်အတွင်းမှ လယ်သ မားများသည် ယခင် သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တို့တွင် လယ်ယာမြေအရေးအတွက် စီတန်းလှည့်လည် ဆန္ဒပြပွဲ ၃ ကြိမ် ပြု လုပ်ဖူးသည်။