ရွှေဇင်ယော် ရေမြောင်းနှင့်လမ်း ပြုပြင်ရေး မဆုံးဖြတ်နိုင်သေးဟုဆို

0
511

ကော့သောင်းမြို့၊ ရွှေဇင်ယော် ရပ်ကွက်ရှိ လမ်းနှင့် ရေမြောင်းအချို့ အမိမြေ အိမ်ရာစီမံကိန်းအတွင်း ပါဝင် နေခြင်းကြောင့် အဆိုပါလမ်းနှင့် ရေ မြောင်းများကို ပြုပြင်ရေး သက်ဆိုင်ရာ သို့ တင်ပြရန် မဆုံးဖြတ်နိုင်သေးကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောသည်။
အဆိုပါ လမ်းနှင့် ရေမြောင်းများကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပြုပြင် ပေးရန် ရပ်ကွက်သူရပ်ကွက်သားများက တောင်းဆိုလာကြသော်လည်း မည်သူ့ တွင် တာဝန်ရှိသည်ကို မကွဲပြားသေး သည့်အတွက် ဆုံးဖြတ်ရခက်နေခြင်း ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးက ပြောသည်။

“၂၀၁၈-၂၀၁၉ ခုနှစ် ဘတ်ဂျက် အတွက် ကြိုပြီးတင်ပြဖို့ အစီအစဉ် ဆွဲတဲ့အခါ ရပ်ကွက်သူရပ်ကွက်သား တွေက သူတို့ဖြစ်စေချင်တဲ့နေရာတွေကို ပြောလာကြတယ်၊ အဲ့ဒီနေရာတွေမှာ စီမံကိန်းမြေနေရာက လမ်းတွေ ပါနေတော့ ဘတ်ဂျက်နဲ့ မသက်ဆိုင်ရင် အလကား ဖြစ်သွားမှာစိုးလို့ လောလောဆယ် မဆုံး ဖြတ်နိုင်သေးတာပါ”ဟု အုပ်ချုပ်ရေးမှူး ဦးအေးနိုင်က ပြောသည်။

ရွှေဇင်ယော်ရပ်ကွက်တွင် အိမ်ခြေ ၁၁၀၀ ခန့်ရှိပြီး အကွက်အမှတ် ၆ အတွင်းရှိ လမ်းနှင့် အိမ်အချို့မှာ အမိမြေ စီမံကိန်းဧရိယာအတွင်း ပါဝင်လျက်ရှိ ကြောင်း ကော့သောင်းမြို့နယ်စည်ပင် သာယာရေးအဖွဲ့ထံမှ သိရသည်။
“အမိမြေစီမံကိန်းက စည်ပင် သာယာ ရေးနယ်နိမိတ်မှာ ရှိတဲ့အတွက် ကြောင့် အများပြည်သူနဲ့ သက်ဆိုင် တဲ့လမ်း၊ တံတား၊ ရေမြောင်းတွေကို လုပ်ပေးရမယ့် တာဝန်ရှိပါတယ်၊ ဒါ ကြောင့် တင်ပြ တောင်းဆိုလို့တော့ ရပါ တယ်”ဟု ကော့သောင်းမြို့နယ် စည်ပင် သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးဘဂွမ်က ပြောသည်။

အမိမြေအိမ်ရာမြေစီမံကိန်းအား ၁၉၉၇ ခုနှစ်က စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး မြေကွက် ၄၀၀ ကျော်( စုစုပေါင်း ဧရိယာ ၃၈ ဧကခန့်) ရှိကြောင်း သိရသည်။
စီမံကိန်းလုပ်ငန်း လက်ကျန်ရှိ နေခြင်းကြောင့် သက်ဆိုင်ရာသို့ မလွဲ ပြောင်းရသေးကြောင်း အမိမြေအိမ်ရာ စီမံကိန်း အကောင်ထည်ဖော်ဆောင်သူ ဦးတင်မြင့်(အမိမြေ)ထံမှ သိရသည်။