ထားဝယ်တက္ကသိုလ်မြေ လျော်ကြေးစာရင်းအား အသိမ်းခံ ထားရသူ ၂၇ ဦး စုပေါင်းကန့်ကွက်မည်

0
392

ထားဝယ်တက္ကသိုလ်က သိမ်းယူ ထားသောမြေများအတွက် နစ်နာကြေး နှင့် လျော်ကြေးများပေးအပ်မည့် စာရင်း ကို မြေသိမ်းခံထားရသူ ၂၇ ဦး စု ပေါင်း ကန့်ကွက်မည်ဖြစ်ကြောင်း ၎င်း တို့ထံမှ သိရသည်။
လောင်းလုံးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ကမြောကင်း ကျေးရွာရှိ ထားဝယ်တက္ကသိုလ် တည် ဆောက်ရေး စီမံကိန်းအတွက် သိမ်းယူ ထားသောမြေအား နစ်နာကြေးနှင့် လျော် ကြေးများ ပေးအပ်ရာတွင် တရားဝင် ရရှိသင့်သူများအနေဖြင့် မည်သူမဆို ပြင်ဆင်ကန့်ကွက် နိုင်ကြောင်း ဩဂုတ် လ ၂၁ ရက်နေ့တွင် ကြေညာချက် ထုတ် ပြန်ထားသည်။

လျော်ကြေးပေးမည်ဟု ကြေညာ ထားသည့် သိမ်းဆည်းမြေဧက ၃၄၅ ဒဿမ ၅၂ ဧက ထဲတွင် ဒေသခံများ အကြိမ်ကြိမ် ကန့်ကွက်နေသော မြေ ဧက ၇၅ ဒသမ ၆၇ ဧက ပါဝင် နေခြင်းကြောင့် နစ်နာသူများ စုပေါင်း ကန့်ကွက်ရခြင်းဖြစ်ကြောင်း ကန့်ကွက် ရာတွင် ဦးဆောင်ပါဝင်သည့် ဦးအောင် ထူးက ပြောသည်။
ကန့်ကွက်စာကို ဒုသမ္မတ ဦးဟင်နရီဗန်ထီး ယူဦးဆောင်သည့် ဗဟိုလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်၊ စစ်ဆေးရေး ကော်မတီမှအစ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ် / ကျေး အဆင့်ဆင့်သို့ လိပ်မူကာ စက်တင်ဘာ လ ၄ ရက်နေ့ ရက်စွဲဖြင့် ပေးပို့မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

လောင်းလုံးမြို့နယ် ကမြောကင်း ရွာရှိ ဒေသခံများပိုင်ဆိုင်သော ရော်ဘာ ခြံဧကပေါင်း ၂၅၀ ကျော်အား ၁၉၉၅ ခုနှစ်က ထားဝယ်တက္ကသိုလ်မြေအဖြစ် သိမ်းယူခဲ့ပြီးနောက် ၁၉၉၆ ခုနှစ်တွင် တက္ကသိုလ်တည်ဆောက်ရေးစီမံကိန်း စတင်ခဲ့ကြောင်း ဒေသခံများက ပြော ကြသည်။
၂၀၁၅ ခုနှစ်တွင် ဒုတိယအကြိမ် ထပ်မံ၍ မြေ ၇၅ ဒသမ ၆၇ ဧကအား စီမံကိန်းလိုအပ်ချက်အရ သိမ်းယူကြောင်း တာဝန်ရှိသူများက ထားဝယ် တက္ကသိုလ် တွင် လာရောက်ပြောကြားရာ မြေပိုင်ရှင် များက အထောက်အထားပြသရန် တောင်းဆိုခဲ့သော်လည်း ယင်းတာဝန် ရှိသူများက မပြသဖြင့် ယင်းအချိန်က တည်းက ကန့်ကွက်ခဲ့ကြကြောင်း ဦးအောင်ထူးက ပြောသည်။

“တိုးချဲ့မြေယူရင် အကြောင်းပြ ရမယ်၊ ဘယ်နေရာမှာ ဘာဆောက်ဖို့လို တယ်ဆိုပြီးတော့ပေါ့၊ ဒါဆောက်ဖို့ တက္ကသိုလ်မှာ မြေမလုံလောက်လို့ ဆိုရင် ပါဝင်ထိုက်သူတွေ ဒေသခံတွေနဲ့ အစည်းအဝေးထိုင်ပြီး သဘောတူညီမှု ယူရမယ်၊ ပါးစပ်နဲ့ တိုးချဲ့တယ်ဆိုပြီး လိုချင်သလို လိုက်ယူနေလို့ မရဘူးလေ” ဟု ဦးအောင်ထူးက ပြောသည်။

ကြေညာစာရင်းပါ လူအမည်များ မှာ မြေအသိမ်းခံရသူများ လက်ဝယ်ရှိ မြေခွန်ပြေစာပါ အမည်များနှင့် ကွဲလွဲမှု များရှိနေသည့်အတွက် တိုက်ဆိုင်စစ် ဆေးရန် အခက်အခဲရှိနေကြောင်း ကန့် ကွက်သူများက ပြောသည်။
လောင်းလုံးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ မည်သူမဆို ပြင်ဆင်ကန့်ကွက်နိုင်ကြောင်း ဩဂုတ် လ ၂၁ရက်တွင် ကြေညာချက် ထုတ်ပြန် ထားပြီး လက်ရှိတွင် နစ်နာကြေးနှင့် လျော်ကြေး အကျိုးခံစားခွင့် ရှိသော တောင်သူ ၇၉ ဦးစာရင်းကို ပူးတွဲ ကြေညာထားသည်။

“သိမ်းထားတဲ့မြေတွေကို နစ်နာ ကြေးပေးဖို့ပါ၊ မြေပြန်ပြီး စွန့် လွှတ်ဖို့ မဟုတ်ဘူး။ တက္ကသိုလ်ကျောင်းက ရှိ နေပြီဆိုတော့ ပြန်စွန့် လွှတ်လို့ အဆင် မပြေတော့ဘူးလေ”ဟု လောင်းလုံးမြို့ နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူက ဩဂုတ်လ ၂၄ ရက်တွင် တနင်္သာရီ အပတ်စဉ်သို့ ပြောခဲ့ဖူးသည်။