ကျွန်ုပ်တို့ မျက်ရည်ကျသည်

0
475

လူ့လောကကြီးထဲ ရောက်လာတဲ့ အချိန်ပထမဆုံး ကြုံးဝါးလေ့ရှိတဲ့ အသံ ကတော့ ငိုသံ။
ဝါး . . . ခနဲ။
လူသားတို့ ငိုချင်းတွင် အဓိပ္ပာယ် အမျိုးမျိုး ရှိသည်။

ရှေးယခင်ကတော့ လူသားများ ငိုကြသည်မှာ အဓိပ္ပာယ် မည်မည်ရရ မရှိ။ မျက်ရည်ကျရုံသာ ထင်ခဲ့ကြသည်။
လူသား၏ ဖြစ်ပေါ်တိုးတက်မှု အကြောင်း ထုတ်ဖော်ခဲ့သူ အင်္ဂလိပ် ပညာရှင် ချားလ်ဒါဝင်ကိုယ်တိုင် လူသား တွေ ငိုခြင်းဟာ အဓိပ္ပာယ်မဲ့၊ ရည်ရွယ် ချက်မဲ့ မျက်ရည်ကျခြင်းဆိုပြီး ပြောဆိုခဲ့ ဖူးသည်။

ယခုတော့ မျက်ရည်နှင့် ငိုခြင်း သုတေသီတွေက ရှာဖွေတွေ့ရှိချက် အချို့ အရ မျက်ရည်တွေမှာ အဓိပ္ပာယ်ကိုယ်စီ ရှိကြောင်း ဆိုလေ၏။
အရင်က မျက်ရည်ကို နှလုံးသားက လာသည် ထင်ခဲ့သည်။ အခုတော့ မျက် လုံးအိမ်နားတစ်ဝိုက်က “လက်ခ်ရီမယ် လို” ဆိုတဲ့ ဂရန်းက လာတာတဲ့။ အဲဒါကို ၁၆၆၂ ခုနှစ်မှာမှ လူတွေ ရှာဖွေတွေ့ ရှိခဲ့သည်။
မျက်ရည်သည် သတ္တဝါအချင်း ချင်း၏ သံယောဇဉ်ကို ပြသည်။ ဆို တော့ မွေးမွေးချင်း အသံပြဲကြီးနဲ့ အော် တာ၊ ငယ်ငယ်ကတည်းက ငိုကြတာ တွေက သူများကို ဆက်သွယ်ချင်လို့၊ တစ်နည်းအားဖြင့် သူများဂရုစိုက်မှုကို လိုချင်လို့ ဟူ၏။

ကလေးငယ်တွေ ဂျီကျရင် ငိုသည်၊ သူတို့ မိဘဘိုးဘွားတွေရဲ့ ဂရုစိုက်မှုကို လိုချင်ရင် မျက်ရည်ကျသည်။ ရုပ်စွအဆုံး ကောင်မလေးတွေ စိတ်ကောက်ရင်၊ ပြန်ချော့စေချင်ရင်တော့ ငိုကြ၊ မျက်ရည် ကျကြသည် မဟုတ်လော။
ပြောသာပြောတာ ယောက်ျားလေး တွေလည်း ကောင်မလေးတွေဆီက တစ်ခုခုလိုချင်ရင် – ဥပမာ ချစ်အဖြေ တောင်းတာမျိုးပဲ ဖြစ်ဖြစ် – ငိုတတ်၊ မျက်ရည်ကျတတ်ကြတာပဲ မဟုတ်လား။

နောက်တစ်ခုက ကလေးတွေမှာ ပိုသိသာတတ်တာမျိုး။
ပြဿနာတစ်ခုကို ကိုယ်တိုင်မရှင်း နိုင်တော့သည့်အခါ တစ်ပါးသူကို အကူအညီ တောင်းလိုတာမျိုးတွေ ကြောင့်လည်း မျက်ရည်ကျတတ်သည် ဆို၏။
ကိုယ်မနိုင်တော့ရင် မျက်ရည်လေး စမ်းစမ်း စမ်းစမ်းနဲ့ သူများကို အကူ တောင်းတတ်တာမျိုး ဖြစ်သည်။
ဒါကြောင့်မို့ပဲ မျက်ရည်ချူတယ်ဆို သော စကားရှိသည် မဟုတ်ပါ၏လော။

ထို့အပြင် မျက်ရည်ဆိုသည်မှာ ကိုယ်ချင်းစာမှု၊ စာနာမှုကိုလည်း ပြ သည်။
၂၀၁၆ ခုနှစ်မှာ စမ်းသပ်မှုတစ်ခု လုပ်ခဲ့ကြသည်။
အုပ်စုတစ်စုကို မျက်ရည်ကျနေ သည့် လူတစ်ဦး၏ မျက်နှာ ဓာတ်ပုံကို ပြသည်။ အခြားအုပ်စုကိုတော့ အဲသည် ဓာတ်ပုံကိုပင် မျက်ရည်ကို ဓာတ်ပုံတည်း ဖြတ်နည်းပညာသုံး ဖယ်ထုတ်ပြီး ပြသည်။

မျက်ရည်ပါသော ဓာတ်ပုံ ကြည့်ရ သည့် လူအုပ်စုက ပိုပြီး ဓာတ်ပုံပါ လူကို စာနာစိတ်၊ ကိုယ်ချင်းစာစိတ်ရှိနေကြောင်း တွေ့ရှိခဲ့ရသည်။ ထိုဓာတ်ပုံအပေါ်ပိုပြီး တိမ်းညွတ်မှု ရှိကြောင်း တွေ့ရှိခဲ့ရသည်။
ဝမ်းနည်းလို့ပဲ ဖြစ်ဖြစ်၊ ဝမ်းသာ လို့ပဲ ဖြစ်ဖြစ်၊ စိတ်ခံစားမှု တစ်ခုခု ကြောင့်ထွက်တဲ့ မျက်ရည်ဟာ ကြက် သွန်နီကြောင့်ကျတဲ့ မျက်ရည်နှင့် ဓာတုဓာတ်ပေါင်းခြင်း မတူပါတဲ့။

စိတ်ခံစားမှုကြောင့် ကျတဲ့မျက်ရည် က ပရိုတိန်းဓာတ်ပိုများသတဲ့။ ပရိုတိန်း ပါတဲ့ မျက်ရည်က စေးပြစ်သည်ဟု ဆို သည်။
ဆိုတော့ မျက်ရည်မှာ ပရိုတိန်းဓာတ် ပါ၊ မပါ စမ်းကြည့်နိုင်သည်။ တိုင်းတာ ရေးကိရိယာတွေပင် မလို။
ပရိုတိန်းဓာတ်ပါသည့် မျက်ရည်က စေးပြစ်သဖြင့် ပါးပြင်ပေါ် ဖြည်းဖြည်း လိမ့်ကျသည်။ ရိုးရိုးမျက်ရည်ကတော့ သည်ထက် မြန်သည်ဆိုသည်။
ဆိုတော့ မင်းသားမင်းသမီးတွေ သရုပ်ဆောင်ဖို့ လိုအပ်တဲ့အခါ ပရုတ်ဆီ လိမ်းပြီး ကျတဲ့ မျက်ရည်ဟာ ပရိုတိန်း မပါလောက်ဟု တွေးမိသည်။ အဲဒီတော့ ပါးပြင်ပေါ် တဖြည်းဖြည်းနဲ့ လိမ့် . . . ပြီး ကျလာတာမျိုး မဟုတ်ဘဲ ခပ်မြန်မြန် ဆင်းသွားတာမျိုး ဖြစ်နိုင်သည်။

ဆိုတော့ မျက်ရည်ခိုင်တဲ့ သူတွေ ကကော ဘယ်လိုမျိုးတွေလဲ။
မြန်မာပြည်မှာတော့ ယောက်ျား လေးတွေက မျက်ရည်မကျရဘူး၊ မျက် ရည်ကျရင် ယောက်ျားမဟုတ်ဘူးလား ပြောလေ့ရှိသည်။
သုတေသနတွေအရ မျက်ရည် မကျသောသူများသည် ရန်လိုတတ် ကြသည်။ ဒေါသူပုန် ထတတ်ကြသည်။ စိတ်တိုတတ်ကြသည်။ စိတ်ပျက်ဖွယ် ဖြစ်တတ်ကြသည် ဆို၏။

ထိုနှင့် ပတ်သက်သော စမ်းသပ် ချက်တစ်ခု ရှိသည်။
စမ်းသပ်ရာမှာ ပါသည့် သူတွေကို ဝမ်းနည်းဖွယ် ရုပ်ရှင်ပြသည်။
ရုပ်ရှင်ပြီးသွားလို့ စမ်းသပ်ကြည့် တော့ ငိုတဲ့သူတွေက စိတ်ခံစားမှုပိုကောင်း သည်။ မျက်ရည် မကျသူတွေကတော့ စိတ်ထဲ သိပ်နေထိုင်မကောင်းသူတွေ ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ ထုံပေပေ သဘောမျိုးကို ပြောချင်တာလား မသိ။

တကယ်တော့ မျက်ရည်ဆိုသည်မှာ လူသားသဘာဝကို ပြသည့် အထင်ရှား ဆုံးပြယုဂ် ဖြစ်သည်။
လူသားဘ၀မှာ မျက်ရည်ရဲ့ အရေး ပါပုံက သိပ္ပံပညာရှင်တို့ ထင်ခဲ့သည် ထက် အတော်အရေးကြီးသည် ဆို၏။
ထိုကြောင့်ပင် ငိုချင်းနှင့် မျက် ရည်သည် ခေတ်သစ်သိပ္ပံပညာတွင် စမ်းသပ်ချက်အသစ်တစ်ခု ဖြစ်လာသည်။ သို့သော် မျက်ရည်တို့အကြောင်း စမ်း သပ်ချက်တွေက အတော်နည်းသေးသည်။ ထို့ထက်ပိုများစွာ လုပ်ရဦးမည်။
ပညာရှင်တစ်ယောက်ကတော့ ပြော သည်။

“ကျွန်တော်တို့ ငိုတယ်။ ဘာလို့လဲ ဆိုတော့ အခြားသူတွေကို ကျွန်တော်တို့ လိုအပ်လို့ပါ”
ဆိုတော့ မျက်ရည်ကျပါစေ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် လူသားများဖြစ်သောကြောင့် ဖြစ်သည်။
ဒါပေမဲ့ တစ်ပါးသူ လူသားဆန်လာ အောင်ဆိုပြီး မျက်ရည်ကျအောင်တော့ ခဏခဏ မလုပ်ကြနဲ့ပေါ့လေ။
(Reader’s digest မဂ္ဂဇင်းပါ Can Science Explain Why We Cry ဆောင်းပါးကို ကိုးကားရေး သားပါသည်)
ဖစု