ဒေသထွက် ပဲပြားသာ ဝယ်ယူစားသုံးရန် အကြံပြု

0
396

ရန်ကုန်ဈေးကွက်မှ ဝယ်ယူရောင်း ချသည့် ပဲပြားအချို့တွင် တာရှည်ခံစေရန် ဖော်မလင် ဓာတုဆေးဝါးကို အသုံးပြုမှု များရှိနေသဖြင့် ဒေသထွက် ပဲပြားများ ကိုသာ ရွေးချယ် ဝယ်ယူစားသုံးကြရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA) တနင်္သာရီတိုင်းဒေသ ကြီး တာဝန်ခံက အကြံပြု ပြောကြား သည်။
ဖော်မလင်သည် လူသေအလောင်း များ တာရှည်ခံစေရန်အတွက် အသုံးပြု သည့် ဓာတုဆေးတစ်မျိုး ဖြစ်သည်။

ဒေသထွက် ပဲပြားအများစုမှာ သဘာဝအတိုင်း ပြုလုပ်ထားခြင်းဖြစ် သည့်အတွက် စားသုံးသူများ ဘေး အန္တရာယ်ကင်းစေရန်ဒေသထွက် ပဲပြား ကိုသာ ဝယ်ယူစားသုံးသင့်ကြောင်း FDA တိုင်းဒေသကြီး တာဝန်ခံ ဒေါက်တာ ဟိန်းမင်းထက်အောင်က ဆို သည်။
ပြီးခဲ့သည့် ဇူလိုင်လက ထားဝယ် မြို့ပေါ်ရှိ ဈေးအချို့တွင် ရောင်းချ နေသည့် ပဲပြားများကို ရွေ့လျားဓာတ် ခွဲယာဉ်ဖြင့် စစ်ဆေးရာ တားမြစ်ထား သည့်ဖော်မလင်အသုံးပြုထားကို တွေ့ရ ပြီးနောက် ဖော်မလင်ပါ ပဲပြားရောင်းချ မှုကို တားမြစ်ထားသည်။

“ဒေသကထွက်တဲ့ ပဲပြားကိုပဲ ဝယ်ယူစားသုံးဖို့ အကြံပြုချင်တယ်” ဟု ဒေါက်တာ ဟိန်းမင်းထက်အောင်က ပြောသည်။
လက်ရှိအချိန်တွင် ဈေးများတွင် ရောင်းချနေသည့် ပဲပြားအချို့မှာ ကြာ ရှည်အထားမခံသည့်အတွက် သဘာဝ အတိုင်းပင် ဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။
သို့ရာတွင် ပိုမိုစိတ်ချမှုရှိစေရန် လက်ရှိရောင်းချနေသည့်ပဲပြား နမူနာ များကောက်ယူကာ ရန်ကုန်မြို့ရှိ ဓာတ်ခွဲ ခန်းသို့ပေးပို့ စစ်ဆေးသွားမည်ဖြစ် ကြောင်း ဒေါက်တာဟိန်းမင်းထက် အောင်က ပြောသည်။

ဖော်မလင်ပါသည့် အစားအစာ များကို စားသုံးမိပါက အစာအိမ် အူ လမ်းကြောင်း ရောင်ရမ်းကာ ပျို့အန် ခြင်း၊ မူးဝေခြင်း ကဲ့သို့သောအစာ အဆိပ်သင့်သည့် လက္ခဏာများ ဖြစ်နိုင် ပြီး ရေရှည်တွင် ကျောက်ကပ်နှင့် အသည်းကို ဆိုးရွားစွာပျက်စီးစေနိုင် ကြောင်း သိရသည်။