မြိတ်တွင် ကြက်ငှက်တုပ်ကွေး ကင်းရှင်း၊ ကြက်ဥ ကြက်သား စိတ်ချ လက်ချ စားသုံးနိုင်ဟုဆို

0
421

မြိတ်ခရိုင်တွင် ကြက်ငှက်တုပ်ကွေးH5N1 ကင်းရှင်းသည့်အတွက် ကြက်ဥ၊ ကြက်သားများကို စိတ်ချလက်ချ စားသုံးနိုင်ကြောင်း ခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှဦးစီးမှူး ဒေါက်တာ အောင်ကျော်ဇောက ပြောကြားသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်မှ ၃၀ ရက်နေ့အထိ မြိတ်မြို့နယ် ပင်း အိုကျေးရွာတွင် ကြက်ရာချီသေဆုံးခဲ့ပြီး ရန်ကုန်မြို့ရှိ တိမွေး၊ ကု ဆိုင်ရာ ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ရာ ကြက် ငှက်တုပ်ကွေးH5N1 ရောဂါပိုးမတွေ့ရ ဟု မြိတ်ခရိုင် မွေး/ကုဌာနမှ သိရသည်။

“ကြက်ငှက်တုပ်ကွေး H5N1က မြိတ်ခရိုင်ထဲမှာ မရှိပါဘူး။ ဒီနေ့အထိ လည်း မဖြစ်ပွားပါဘူး။ ဒါကြောင့် အများပြည်သူတွေလည်း (ကြက်ဥ ကြက်သားကို) စားသုံးဖို့ ရဲရဲစားသုံးဖို့ ပြောကြားလိုပါတယ်”ဟု မြိတ်ခရိုင် မွေး/ကု ဦးစီးဌာန ဦးစီးမှူးဒေါက်တာ အောင်ကျော်ဇောက ပြောသည်။
ထားဝယ်မြို့တွင် H5N1 ရောဂါ ပိုးတွေ့ပြီးနောက် မြိတ်မြို့နယ် စည်ပင် ကော်မတီမှ ဈေးများအားလုံးတွင် ကြက်ဥ ကြက်သားများ ရောင်းချခွင့်ကို ဇူလိုင်လ ၂၉ ရက်မှ ဩဂုတ်လ ၁၂ ရက်အထိ တားမြစ်ထားကြာင်း ကော်မတီ၏ တားမြစ်စာအရ သိရသည်။

ကြက်ငှက်တုပ်ကွေးရောဂါနဲ့ပတ် သက်ပြီး မြိတ်ခရိုင်အတွင်း ဖြစ်ပွားမှု မရှိသည့်အတွက် ကြက်သား ကြက်ဥ ရောင်းချခြင်းမပြုရန် တားမြစ်ထားသည် ကို ဖြေလျော့ပေးနိုင်ရန် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများသို့ တင်ပြသွား မည်ဖြစ်ကြောင်း မွေး/ကု ဦးစီးမှူး ဒေါက်တာအောင်ကျော်ဇောက ပြောပြ သည်။
“လူတွေက ထိတ်လန့်နေကြပြီး ကိုယ့်အိမ်က အိမ်မွေးကြက်တွေကိုတောင် မစားရဲတာ တွေ့ခဲ့ရတယ်”ဟု ဒေါက်တာ အောင်ကျော်ဇောက ပြောသည်။
လက်ရှိအချိန်ထိ စည်ပင်ကော်မ တီမှ တားမြစ်ထားသည့်စာသည် သတ် မှတ်ထားသည့်ရက်အထိ အကြုံးဝင်နေ မည်ဖြစ်ကြောင်း စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောသည်။

မြိတ်ခရိုင်တွင် နေ့စဉ် ကြက်ဥ လုံးရေ တစ်သိန်းခွဲခန့် ထွက်လေ့ရှိပြီး ကြက်ဥကြက်သားများ ရောင်းချခွင့် တားမြစ်ထားသောကြောင့် မွေးမြူရေး သမားများအတွက် ထိခိုက်မှုများရှိနေ ကြောင်း ခရိုင် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနထံမှ သိရသည်။