အစာထဲက ကြက် နုတ်သော်

0
494

အိမ်ထောင်စုတို့၏နေ့စဉ် စား သောက်ကုန်ထဲက “ကြက်”ကို နုတ် လိုက်သောအခါ အိမ်ရှင်မများအတွက် ခေါင်းကို အရင်ကထက် အလုပ် ပိုပေး လာရတော့သည်။
“ဒီနေ့ ဘာဟင်းချက်ရပါ့”
သူတို့ တွေ့မြင်နေကျ၊ ရွေးချယ် နေကျ ကြက်နှင့် ကြက်ဥများ ဈေးထဲတွင် မရှိတော့သောအခါ ဆွဲခြင်းတစ်လုံးနှင့် ယောင်ချာချာ။
သားဖြစ်သူက ကြက်သားမှ ကြက် သားဆိုသည့်ကော့သောင်းမြို့ ရွှေဇင် ယော်ရပ်ကွက်မှ ဒေါ်ဝါဝါကလည်း ငါးကိုသာစားချင်စဖွယ်ကြော်ပြီး ချော့ ကျွေးနေရသည် ဟူ၏။

“သားကိုလည်း ရှင်းပြရတာပေါ့ နားလည်အောင်၊ ကျန်တဲ့လူကြီးတွေ ကတော့ သူတို့ ကိုယ်တိုင်လန့်နေတော့ သိပ်ရှင်းပြစရာမလိုဘူးလေ၊ ခုတော့ဝက် သားနဲ့ ငါးအလှည့်ကျပေါ့” ဟု ဒေါ်ဝါ ဝါက ဆိုသည်။
အပြင်တွင်စားလေ့ရှိ သူတစ်ချို့က လည်းနံနက်လက်ဖက်ရည်ဆိုင် ရောက် သည်နှင့်စားနေကျစားစရာ ယောင်ယမ်း လှမ်းမှာကြသည်။
“ကြက်ဥ ထမင်းကြော်”
စားပွဲထိုးက ပြုံးပြမှ သတိရကာ စိတ်ပျက်လက်ပျက်လေသံဖြင့် ပြောင်း မှာသည်။
“သက်သတ်လွတ် ပဲပြုတ်နဲ့ပဲ ပေး ပါတော့”
ထားဝယ်မနက်စာနှင့် ပတ်သက် ပြီး ထားဝယ်သား ကဗျာဆရာ နေမင်း ရာဇာက သူ၏ Facebook စာမျက်နှာ တွင် ကဗျာတိုတစ်ပုဒ် ရေးထားသည်။

မနက်စာခါတိုင်းဆို စတိုင်ကျကျ
ထမင်းကျော်ကြက်ဥ
မနက်စောစော ထထစား။
ခုများခါ လူတကာကြောက်
အစာသတိ ရောင်းဝယ်ဖောက်ကား
ကြက်သားကြက်ဥ စားမှုဆင်ခြင်
ရောဂါဝင် H5N1
သေလမ်း။

ကြက်ဥ၊ ကြက်သားထည့်ကြော် တတ်သည့် ခေါက်ဆွဲဆိုင်များတွင်လည်း ခေါက်ဆွဲပလိမ်းသာရတော့၏။ ပလိမ်း ဆိုတာက သီးသန့်ကို ဆိုလိုခြင်း။
လမ်းဘေး ကြက်ကင်ဆိုင်များလည်း ပိတ်ထားသည်။ ကြက်သား ဆန်ပြုတ် ဆိုင်များတွင် ကြက်များ ချိတ်တွဲထား သည့်နေရာ၌ ဟာလာဟင်း လင်း။ ဆိုင်း ဘုတ်လည်း ပြောင်းသွားပြီ။
“ပုစွန်ဆန်ပြုတ် ရပြီ”

တိုင်းတွင်းမှ အိမ်ရှင်မအချို့နှင့် တိုင်း တွင်းသားတစ်ချို့၏ ဖွင့်ဟချက် အချို့ မှာ အောက်ပါအတိုင်း ဖြစ်ကြလေသည်။

“အိမ်က ကလေးတွေ ကတော့ ကြက်ဥကြိုက်တယ် အခုမကျွေးတော့ဘူး၊ ကလေးတွေ ကြက်ဥစားချင်ကြောင်း ပူဆာရင်မာမားပြုတ်တို့ အခြားသူကြိုက် တဲ့အစားအစာကိုချော့ပြီး ကျွေးတယ် အိမ်မှာထမင်းကြော်နှင့် လက်ဖက်ရည် ရောင်းတယ်၊ အရင်ကဆို ကြက်ဥတစ်မျိုး တည်း ထမင်းကြော်နဲ့ တွဲရောင်းတယ်၊ အခုက ချဉ်ပေါင်ကြော် ကြော်ပြီးရောင်းချ နေတယ်အဆင်ပြေတယ်၊ စားတဲ့သူတွေက ကြက်ဥမစားရဲတော့ ချဉ်ပေါင်ကြော်နဲ့ အဆင်ပြေတယ်”
– ဒေါ်အိအိထွေး (လက်ဖက်ရည် ဆိုင်ရှင် ပိန္နဲတောရပ်ကွက်၊ ထားဝယ်မြို့)

“ကြက်သားကဒီလောက်စား တယ်လည်း မဟုတ်ပါဘူး၊ ပြဿနာက ကြက်ဥပါ၊ ကလေးတွေ မနက်စာဆို ကြက်ဥပြုတ်နဲ့ကျွေးတာရှိတယ်၊ ပေါင် မုန့်နဲ့ လုပ်စားတယ်၊ ကြက်မရှိတော့ အမဲပြောင်းစားရမှာပေါ့၊ ပဲနီလေးဟင်းချို တို့ဘာတို့ပြောင်းသုံးရမှာပေါ့၊ သိပ်တော့ အခက်ခဲမရှိသေးပါဘူး”
– ကိုမင်းဇော်ဦး (ပိတောက်ရွှေဝါ ရပ်ကွက်၊ ကော့သောင်း)

“ကြက်သား ဝက်သားက တစ်အိမ် လုံးကြိုက်တယ်၊ ကြက်ဥလည်းကြိုက် တယ်၊ ရက်တိုင်းလိုလို စားဖြစ်တယ်၊ အခုတော့ထိကိုမထိတော့ဘူး၊ ကြက်ဥ တောင်မစားတော့ဘူး၊ ငါးတို့ ပုစွန်တို့ ကင်းမွန်နဲ့ အသီးအရွက်တွေပဲ စားတော့ တယ်၊ အခုလို ပြောင်းချက်စားတော့ လည်းအဆင်ပြေပါတယ်၊ မစားဖြစ်တာ ကတော့ ၂ ရက်နေ့က စပြီးမစား ဖြစ် တော့ဘူး၊ ၂၇ ရက်မှ စသိတာ၊ ၂၇ ရက် ည ၇ နာရီလောက်ကလည်း ရပ်ကွက် ထဲမှာ H1N1 နဲ့ပတ်သက်ပြီး အသိ ပညာပေးတွေ စပီကာနဲ့ လိုက်အော်နေ တယ်၊ ပင်လယ်စာနဲ့ အသီးအရွက်ပဲ အစားထိုး ချက်စားတော့မယ်၊ နောက် ပိုင်း လုံးဝမစားပြီ၊ ကြက် ဝက် ကြက်ဥ ကိုရှောင်ပြီ၊ တကယ်လို့ နောက်ပိုင်း အခြေအနေတွေပြန်ကောင်းသွားမယ် ဆိုတောင်မှ ပြန်စားဖို့ ရာခိုင်နှုန်းနည်း သွားပြီ၊ သိသွားပြီဆိုတော့လေ အခုက ကြက်ဝက်ထက် ငါး ပုစွန်က ပိုဈေး ကြီးလာတယ်လေ၊ အိမ်စရိတ်ပိုကြီး သွားတာပေါ့၊ အရင်က တစ်ရက်ကို ဈေးဖိုး ၅၀၀၀ လောက်ကုန်ရင် အခုက မရတော့ဘူး၊ ၇၀၀၀ / ၈၀၀၀ လောက်မှ လောက်တယ်”
– ဒေါ်စန္ဒာထွန်း (မြစ်ငယ်ရပ်ကွက်၊ မြိတ်မြို့)

“သိပ်ပြဿနာမရှိပါဘူး၊ လော လောဆယ်ကြက်သားတော့ မစားရဲ တော့ဘူး၊ တစ်ပတ်ကို အလှည့်ကျ တစ်မျိုးမျိုးချက်စားတယ်ဆိုတော့ သူ့ အစား ဟင်းသီးဟင်းရွက်မျိုး၊ ငါးမျိုး အစားထိုးချက်စားလိုက်တာပေါ့၊ ဒီ လောက်တော့ အခက်ခဲမဖြစ်ပါဘူး”
– (အိမ်ထောင်ရှင်မတစ်ဦး၊ ကော့ သောင်း မီးသတ်ဦးစီးဌာန)

“ကြက်သား ကြက်ဥ၊ ဝက်သားက ဒီသတင်းကြားပြီးကတည်းက ဝယ် မချက်တော့ဘူး။ အိမ်မှာ ကြက်သား ဝက်သားအကုန်စားတယ်ကြက်ဥ အရမ်း ကြိုက်တဲ့ သားတစ်ယောက်ရှိတယ်။ အခု တော့ လုံးဝမစားတော့ဘူး၊ ဒီလိုဖြစ်တာ ကြားတော့ နောက်ပိုင်း စားချင်စိတ်လည်း သိပ်မရှိတော့ဘူး”
– ဒေါ်ထုပ်ကြည် (ကျွဲကူးကျေးရွာ၊ မြိတ်မြို့နယ်)