မြိတ်တွင် အခွန်ကြွေးကျန် အများဆုံး

0
502

တိုင်းအတွင်း ခေတ်အဆက်ဆက် ပေးဆပ်ရန် ကျန်ရှိသည့် အခွန်အကြွေး ကျန် အများဆုံးမှာ မြိတ်ခရိုင်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်တွင်း အခွန်များ ဦးစီးဌာနထံမှ သိရသည်။
တိုင်းအတွင်း လုပ်ငန်းရှင်များက ပေးဆပ်ရန် ကျန်ရှိနေသည့် ကုန်သွယ် လုပ်ငန်းခွန်နှင့် ဝင်ငွေခွန်၊ အမြတ်ခွန် ကောက်ခံရန် စုစုပေါင်း ငွေကျပ်သန်း ပေါင်း နှစ်ထောင်နီးပါး ကျန်ရှိနေသေးပြီး မြိတ်ခရိုင်တွင် အများဆုံးအဖြစ် အကြွေး ကျပ်သန်းရှစ်ရာ ပေးရန်ကျန်နေသည်။

ကောက်ခံရန်ကျန်ရှိသည့် အခွန် ကြွေးများကို ပထမအဆင့်အနေဖြင့် အသိပညာပေးကာ စည်းရုံးကောက်ခံ သွားမည် ဖြစ်ကြောင်း ပြည်တွင်းအခွန် များဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက ဆိုသည်။
ဒုတိယအဆင့်အနေဖြင့် စီမံခန့်ခွဲမှု နည်းလမ်းအရ ဒဏ်တပ်ရိုက် (အခွန် ၁ ကျပ်၊ ဒဏ်ငွေ ၁ ကျပ်)သွားမည်ဖြစ်ပြီး မဆောင်ပါက ဥပဒေအရ အရေးယူသွား မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနတိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ရဲထွန်းက ဆိုသည်။

“ကောက်ဖို့ ကျန်နေတဲ့ အခွန်ကြွေး ကျန်သူတွေကို အဆင့်လိုက် လုပ်ဆောင် သွားဖို့ရှိတယ်”ဟု တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်ရဲထွန်းက ပြောသည်။
စီးပွားရေး လုပ်ငန်း ပြိုလဲပျက်စီး သည့်အတွက်အမှန်တကယ် မပေး ဆောင်နိုင်သူများကို အထောက်အထား ခိုင်လုံမှုရှိပါက အခွန်ကြွေးကျန်များကို လျော်ပေးရန်ရှိကြောင်း ၎င်းက ဆိုသည်။

တနင်္သာရီတိုင်းတွင် နှစ်စဉ် အခွန် ကောက်ခံရမှုမှာ တစ်နှစ်လျှင် ပျမ်းမျှ ငွေကျပ် ၃၅ ဘီလီယံခန့်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်တွင်း အခွန်များဦးစီးဌာနထံမှ သိရသည်။

ခရိုင်အလိုက်ကောက်ခံရန် ကျန်နေ သည့် အခွန်ကြွေးကျန် (ငွေကျပ်သန်း)

ထားဝယ် ၆၇၉.၈၄၈
မြိတ် ၈၃၇.၁၅၆
ကော့သောင်း ၃၈၉.၀၃၆