လယ်မြေကိစ္စ ငါးပွင့်ဆိုင် ဆွေးနွေးပွဲ ရက် ၂၀ အတွင်း ပြုလုပ်ပေးရန် တောင်းဆို

0
376

ထားဝယ်မြို့ပြ ဧရိယာစီမံကိန်း အတွင်းရှိ လယ်ယာမြေပြဿနာကို ဖြေ ရှင်းရန်အတွက် ငါးပွင့်ဆိုင်ဆွေးနွေးပွဲကို ရက်နှစ်ဆယ်အတွင်း ပြုလုပ်ပေးရန် တိုင်းအစိုးရအဖွဲ့ထံ ထားဝယ်ခရိုင် တောင်သူလယ်သမားသမဂ္ဂက တောင်း ဆိုလိုက်သည်။

ဇူလိုင်လ ၁၄ ရက်တွင် ပြုလုပ် သည့် “လယ်တောထဲက ဒုက္ခသံ ဘယ်သူ နားထောင်မလဲ” ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် ရှင်းလင်းပွဲအပြီးတွင် ထားဝယ်ခရိုင် တောင်သူလယ်သမား သမဂ္ဂက သဘောထားထုတ်ပြန်ချက် ထုတ်ပြန်ကာ ယင်းသို့ တောင်းဆို လိုက် ခြင်း ဖြစ်သည်။

တိုင်းဒေသကြီး အစိုးရ၊ လယ် သမား၊ တတ်သိပညာရှင်၊ လယ်သမား များက ရွေးချယ်သော လယ်သမား ကိုယ်စားလှယ်နှင့် နိုင်ငံရေးပါတီများ ပါဝင်သည့် ဆွေးနွေးပွဲ ပြုလုပ်ရန် တောင်းဆိုခြင်း ဖြစ်သည်။
“လယ်သမားကိုယ်စား ကျွန်တော် လိုချင်တာက စားပွဲဝိုင်းထက်မှာ ပြေ လည်သည် မပြေလည်သည် အကြောင်း မဟုတ်ဘူး။ စကားပြောပေးပါ။ ရက် ၂၀ အတွင်းမှာ”ဟု ထားဝယ်ခရိုင် တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက ဆိုသည်။

မြို့ပြစီမံကိန်းဧရိယာအတွင်းရှိ မြေယာပြဿနာနှင့် ပက်သက်၍ မေလ ၂၅ ရက်က တိုင်းအစိုးရအဖွဲ့မှ သတင်း စာရှင်းလင်းပွဲ ပြုလုပ်ကာ ၁၄ရက် အတွင်း ပြဿနာအား ဖြေရှင်းပေး မည်ဟု ပြောကြားခဲ့သော်လည်း ယနေ့ အထိ ဖြေရှင်းပေးခြင်းမရှိကြောင်း ထုတ် ပြန်ချက်တွင် ပါရှိသည်။

ယင်းပြဿနာများအား ရက် ၂၀ အတွင်း တွေ့ဆုံပွဲပြုလုပ်ပြီး မဖြေရှင်း ပေးပါက တောင်သူလယ်သမားများ ဘက်မှ တရားဥပဒေနှင့်အညီ ဆက် လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။