ထီးခီးကုန်သွယ်ရေးစခန်းတွင် သွင်းကုန်ထက် ပို့ကုန်ပမာဏ အဆနှစ်ဆယ်ကျော်ပို

0
473

ထိုင်း-မြန်မာနယ်စပ် ထီးခီးကုန်သွယ်ရေးစခန်းမှ ကုန်ပစ္စည်းတင်ပို့မှုမှာ တင်သွင်းသည့် ပမာဏ ထက် အဆ ၂၀ ကျော်ပိုများကြောင်း ထီးခီးကုန်သွယ်ရေး စခန်းထံမှ သိရသည်။
၂၀၁၇ ခုနှစ် ဧပြီလမှ ဇွန်လအထိ ၃ လတာ တရားဝင် ကုန်သွယ်မှုစာရင်းများကို နှိုင်းယှဉ်ရာတွင် ပို့ကုန်ပမာဏက သွင်းကုန်ပမာဏထက် ၂၂ ဆကျော် ပိုများနေခြင်း ဖြစ်သည်။

အဆိုပါ ၃ လတာ ကာလအတွင်း ထီးခီးကုန်သွယ်ရေးစခန်းမှ ကုန်ပစ္စည်းတင်သွင်းမှုမှာ အမေရိကန် ဒေါ်လာ ကိုးသောင်းနီးပါးရှိပြီး တင်ပို့မှု ပမာဏ အမေရိကန်ဒေါ်လာ နှစ်သန်းနီးပါးရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်း၊ ကျောက်မီးသွေးနှင့် သလင်းကျောက် အစရှိသည့် ပစ္စည်းများကို အဓိကတင်ပို့ပြီး စက်သုံးဆီ၊ သဘာဝဓာတ်ငွေ့၊ အိမ်သုံးပလပ်စတစ်ပစ္စည်းနှင့် သစ်သီးများကို အဓိက တင်သွင်းနေကြောင်း ထီးခီးကုန်သွယ်ရေးစခန်း ကုန်သွယ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေး မှူး ဦးအောင်ဝင်းခိုင်က ဆိုသည်။

“တရားမဝင် တင်သွင်းတာလည်း ရှိနိုင်တယ်၊ ဒီလမ်းကမဟုတ်ဘဲ အခြားလမ်းတွေလည်းရှိနေတော့”ဟု လ/ထ ညွှန်ကြားရေးမှူး ဦးအောင်ဝင်းခိုင်က ပြောသည်။
ဝါးတော-ဗောဓိလမ်း၊ အမို-ဗောဓိလမ်း၊ ကတ္တရာခီး- ဖူနမ်ရွန် အစရှိသည့် ထားဝယ်- ထီးခီး လမ်းပိုင်းတွင် ထိုင်းနိုင်ငံသို့ တရားမဝင် နယ်စပ်ဝင်ပေါက် ၅ ခုခန့် ရှိသည်။

တရားမဝင် လမ်းကြောင်းများရှိသည့်အတွက် ထီးခီးနယ်စပ်မှ ပို့ကုန်/သွင်းကုန်ပမာဏမှာ ယင်း ပမာဏထက် ပိုမိုများပြားနိုင်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်သည်နှင့် စက်မှုလက်မှု လုပ်ငန်း ရှင်များအသင်း အတွင်းရေးမှူး ဦးကျော်ကျော်ဦးက ဆိုသည်။
“ဒေသထွက် ပစ္စည်းတွေကို တန်ဖိုးမြင့် ထုတ်ကုန်ထုတ်နိုင်တဲ့ အနေအထားမရှိသေး၊ ဈေးကွက်လည်း မရှိသေးတော့ ဒါကို ကြိုးစားရဦးမယ်”ဟု ၎င်းက ပြောသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ထီးခီးနယ်စပ်ဂိတ်မှ အခွန်ငွေကျပ် ၃၉၃.၃၃၃ သန်းရရှိခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင်မူ ကျပ် ၂၃.၅၃၆ သန်းသာ ရရှိခဲ့ကြောင်း ထားဝယ်မြို့နယ် အကောက်ခွန် ဦးစီးဌာနထံမှ သိရသည်။
ထီးခီးကုန်သွယ်ရေးစခန်းမှ တင်ပို့ရာတွင် လယ်ယာထွက်ကုန်အချို့ (ဆန်မပါ)၊ ခြံထွက်သီးနှံများနှင့် ရေထွက်ကုန်ပစ္စည်းများ အပါအဝင် ကုန်ပစ္စည်း ၁၅၂ မျိုးကို စီးပွား/ ကူးသန်းဝန်ကြီးဌာန တင်ပို့(ပို့ကုန်) ခွင့်လိုင်စင် လျှောက်ထားရန် မလိုအပ်သည့် ကုန်ပစ္စည်းများအဖြစ် သတ်မှတ်ထားသည်။

ကုန်ပစ္စည်း တင်သွင်းရာတွင် သစ်သီးအချို့၊ ဂက်စ်မီးဖို၊ အလှကုန်ပစ္စည်း အမျိုးမျိုးအပါအဝင် ကုန် ပစ္စည်း ၁၆၆ မျိုးကိုလည်း သွင်းကုန် လိုင်စင်လျှောက်ထားရန် မလိုအပ်ကြောင်းသိရသည်။
ထီးခီးကုန်သွယ်ရေးစခန်းကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် မေလတွင် စတင်ဖွင့်လှစ်ခဲ့သည်။