မွန်လွှတ်တော် အငယ်တန်းစာရေးထံ ငွေတောင်းသည့်ကိစ္စ အမှန်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ

0
415

စစ်ဆေးချက်များအရ မွန်ပြည်နယ်လွှတ်တော်တွင် အသစ်ခန့်အပ်ခံရသည့် အငယ်တန်းစာရေးထံမှ ငွေကြေးတောင်းခံသည့်ကိစ္စသည် အမှန်တကယ်ဖြစ်ခဲ့သည်ဟု မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာနှင့် အသနားခံစာ စိစစ်ရေးကော်မတီမှ သိရသည်။

အသစ်ခန့်အပ်ခံရသည့် အငယ်တန်းစာရေး ၅ ဦးထံမှ လွှတ်တော်ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌနှင့် ညွှန်ကြားရေး မှူးတို့အား ကန်တော့ရန်ဟုဆိုပြီး တစ်ဦးလျှင် လစာနှစ်လစာနှင့်ညီမျှသည့် ငွေကျပ် ၃ သိန်း တောင်းခံ သည့်ကိစ္စနှင့် ပတ်သက်ပြီး ဦးစီးမှူးအဆင့်ရှိ လွှတ်တော်ဝန်ထမ်း ၃ ဦးကို အရေးယူပေးပါရန် အငယ်တန်း စာရေးအသစ်တစ်ဦးက ဇူလိုင် ၄ ရက်က လွှတ်တော်သို့ တိုင်ကြားခဲ့သည်။

အဆိုပါတိုင်ကြားမှုနှင့် ပတ်သက်ပြီး လိုအပ်သည့် စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နိုင်ရန် လွှတ်တော် ဥက္ကဋ္ဌက လွှတ်တော်၏တိုင်ကြားစာနှင့် အသနားခံစာ စိစစ်ရေးကော်မတီသို့ တာဝန်ပေးခဲ့ရာ ကော်မတီမှ စစ်ဆေးဆောင်ရွက်ခဲ့ပြီး ထိုကဲ့သို့ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

“အမှန်တကယ်ပဲ ဖြစ်ခဲ့တယ်ဆိုတာကို စစ်ဆေးတွေ့ရှိတယ်”ဟု မွန်ပြည်နယ်လွှတ်တော် တိုင်ကြား စာနှင့် အသနားခံစာ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်သူက ပြောသည်။
အထက်ပါ ကော်မတီ၏ တင်ပြချက်အပေါ် သုံးသပ်မှုပြုလုပ်ပြီး အုပ်ချုပ်ရေး အပိုင်းကို တင်ပြသွားမည်ဟု မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ပြောသည်။

တိုင်ကြားသူ အသစ်ခန့်အပ်ခံရသည့် အငယ်တန်းစာရေးသည် လွှတ်တော်တွင် တာဝန်ထမ်းဆောင် လိုခြင်း မရှိတော့သည့် အတွက် စတင် တာဝန် ထမ်းဆောင်ရမည့် ဇူလိုင်လ ၁ ရက်နေ့တွင်ပင် နုတ်ထွက်စာ တင်ထားကြောင်း လွှတ်တော်ထံမှ သိရသည်။

မွန်ပြည်နယ်လွှတ်တော်သည် သီးခြားဝန်ထမ်းများဖြင့် လည်ပတ်နိုင်ရန် လိုအပ်သည့် ဝန်ထမ်းအတွက် အငယ်တန်းစာရေး ဝန်ထမ်းအသစ်ကို ခေါ်ယူခဲ့သည်။
အငယ်တန်း စာရေးဝန်ထမ်းအတွက် ဝင်ရောက်ဖြေဆိုသူ ၁၅၀ ဦး အနက်မှ အရည်အချင်းပြည့်မီသူ ၉ ဦးကို ရွေးချယ်ခန့်အပ်ခဲ့ကာ ဇူလိုင်လ ၁ ရက်က စတင်တာဝန်ထမ်းဆောင်ခဲ့ကြသည်။