လျှပ်စစ်

0
453

ကျွန်မတို့ ငယ်ငယ်တုန်းက စာကျက် ရင် ဆီမီးခွက် ဒါမှမဟုတ် ဖယောင်း တိုင် မီးနဲ့ပဲ ကျက်ခဲ့ရပါတယ်။ မူလတန်းအရွယ် ရွာမှာ ကျောင်းတက်ချိန်က ဒန်သတ္တုနဲ့ လုပ်ထားတဲ့ ဆီမီးခွက်နဲ့ စာကျက်ခဲ့ရပြီး၊ မြို့မှာ ကျောင်းနေချိန်မှာတော့ ဖယောင်း တိုင် မီးနဲ့သာ စာဖတ်ခဲ့ရပါတယ်။

ရွာမှာ မီးစက်နဲ့ ပထမဆုံးလျှပ်စစ် မီးရတဲ့အချိန်ကို ကျွန်မ အခုအချိန်ထိ မြင်ယောင်ပါသေးတယ်။ အိမ်တိုင်းလိုလို တီဗွီလေး တစ်လုံး၊ ပန်ကာလေးတစ်လက်၊ ထမင်းပေါင်းအိုး၊ လျှပ်စစ်မီးပူစတဲ့ ပစ္စည်းတွေကို မြို့တက်ပြီး အပြေးအလွှား ဝယ်ရတာ အမော။ လျှပ်စစ်မီးကျေးဇူး ကြောင့် ညတိုင်း တီဗွီကြည့်နိုင်သလို၊ ထမင်းချက်ရင် ထင်းတွေနဲ့မီးခိုးမွှန်စရာ မလိုတော့။ ခလုတ်တစ်ချက်နှိပ်ရုံနဲ့ ရေတွင်းထဲက ရေက အိမ်ပေါ်ကို ရောက် လာပြီ။
ဘယ်လောက်တောင် ဇိမ်ကျလိုက်တဲ့ အဖြစ်ပါလိမ့်။

ဒါပေမယ့် အဲဒီဇိမ်ခံပစ္စည်းတွေထက် ကျွန်မတို့ရဲ့ဘ၀မှာ ပိုပြီးအရေးကြီး တာတွေ ရှိပါတယ်။ ကျွန်မတို့ရဲ့ ကျန်းမာ ရေး၊ သဘာဝ ပတ်ဝန်းကျင်၊ သန့်ရှင်းတဲ့ သောက်သုံးရေ၊ အသက်မွေး ဝမ်းကျောင်း လုပ်ငန်း စတာတွေက ကျွန်မတို့ ဘ၀ရပ် တည်မှုအတွက် အဓိကအခန်းကဏ္ဍကနေ အရေးပါပါတယ်။ အထူးသဖြင့် စိုက်ပျိုး ရေးနဲ့ အဓိက အသက်မွေးဝမ်းကျောင်း ပြုကြတဲ့ ကျွန်မတို့ဒေသမှာ လျှပ်စစ်မီး ထက် စိုက်ပျိုးရေးအတွက် ဂေဟစနစ် ကောင်းမွန်တဲ့ အစိမ်းရောင် သဘာဝ ပတ်ဝန်းကျင်က ကျွန်မတို့ဘ၀အတွက် ပိုပြီးအရေး ကြီးတယ်ဆိုတာကို တွေ့ရ မှာပါ။

စိုက်ပျိုးရေး၊ ပင်လယ်ရေလုပ်ငန်း တို့နဲ့ အဓိက အသက်မွေးဝမ်းကျောင်း ပြုပြီး၊ အေးအေးချမ်းချမ်း နေထိုင်ကြတဲ့ ကျွန်မတို့ဆီကို ၂၀၁၄ ခုနှစ်က ကျောက်မီးသွေးစက်ရုံဆိုတဲ့ တစ္ဆေကြီးက စတင်ခြောက်လှန့် လာပါတော့တယ်။စက်ရုံ တည်ဆောက်ချင်တဲ့ အကြောင်းပြချက်က နိုင်ငံမှာ လျှပ်စစ် လိုအပ်နေလို့ပါတဲ့။

နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ လျှပ်စစ် က အဓိကအရေးပါတယ် ဆိုတဲ့စကားကို အခုတစ်လော ခဏခဏ ကြားရပါတယ်။ ဟုတ်တာပေါ့။ လျှပ်စစ်ဆိုတာ ခလုတ် တစ်ချက်နှိပ်ရုံနဲ့ အရာရာတိုင်း ဖြစ်နိုင်တဲ့ လိုတရ ပတ္တမြားကြီး မဟုတ်လား။ ဒီစကားကို ကျွန်မ ဝမ်းမြောက်ဝမ်းသာ လက်ခံပါတယ်။
ဇွန်လ ၇ ရက်က နေပြည်တော်မှာ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ဝန်ဆောင် မှုအသင်းက ဦးဆောင် ကျင်းပတဲ့ မြန်မာ နိုင်ငံရဲ့ လျှပ်စစ်ကဏ္ဍဆွေးနွေးပွဲမှာ လျှပ်စစ်မီးရရှိဖို့အတွက် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံတွေ ဆောက်လုပ်ဖို့ အစိုးရကို တိုက်တွန်းထားတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောပါတယ်။ဒါပေမယ့် ကျွန်မတို့ စဉ်းစားဖို့ လိုပါတယ်။

လျှပ်စစ်က အရေးကြီးတယ်ဆိုပြီး ပြည်သူတွေ သေသေရှင်ရှင် လျှပ်စစ်ရရင် ပြီးရောဆိုပြီး ထုတ်သင့်ပါသလား။
လျှပ်စစ်ထုတ်တဲ့ အရင်းအမြစ်က ဘယ်လို ကောင်းကျိုးကို ပေးနိုင်ပြီး၊ ပြည်သူတွေအတွက် ဘယ်လိုအန္တရာယ် ရှိတယ် ဆိုတာ စိစစ်ဖို့ မလိုဘူးလား။
ကောင်းကျိုးထက် ဆိုးကျိုးက အဆမတန် ပိုများနေတဲ့ အရင်းအမြစ် မျိုးကို သုံးစွဲသင့်ပါသလား။

ပြည်တွင်းပြည်ပ ပညာရှင်တွေ ရဲ့အသံကို နားထောင်ဖို့ရော မလိုဘူး လား။အစိုးရကို တိုက်တွန်းပြီး အစိုးရက လုပ်မယ်ဆိုရုံနဲ့ လုပ်လို့ရပါသလား။
အစိုးရအနေနဲ့ ပြည်သူလူထုတွေရဲ့ စိုးရိမ်သောကနဲ့ အသံတွေကို အလေး အနက်ထား နားထောင်ဖို့ မလိုဘူး လား။
ကျွန်မတို့ ဒီမိုကရေစီအစိုးရကို မျှော်လင့်တကြီး ရွေးချယ်ထားတဲ့ ရည်ရွယ်ချက်က ပြည်သူတွေရဲ့ အသံကို အလေးအနက်ထား နားထောင်ပြီး ပြည်သူ့ဆန္ဒအတိုင်း ဆောင်ရွက်ပေး နိုင်ဖို့ပါ။

တကယ်လို့ အစိုးရရဲ့တစ်သွေး၊ တစ်သံ၊ တစ်မိန့်အတိုင်း ဆက်လုပ်နေရင် “နောက်ကြောင်းပြန်တယ်” ဆိုတဲ့ စကားလုံးက ပြည်သူတွေရဲ့ ဘ၀ကို အမြဲတမ်း ခြောက်လှန့်နေတော့မှာ ဖြစ်ပါတယ်။ နောက်ကြောင်းပြန်မှာကို ကျွန်မတို့ပြည်သူတွေ အသေအလဲ စိုးရိမ်ကြသလို လက်ရှိ အစိုးရကလည်း နောက်ကြောင်းမပြန်အောင် ဂရုတစိုက် ထိန်းကျောင်းပြုပြင်ပြီး နိုင်ငံကို အုပ်ချုပ် လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

“ဒီ ကျောက်မီးသွေးနဲ့ ပတ်သက်ရင် မြန်မြန်လုပ်ရမှာ။ မြန်မြန်လုပ်ရမှာမို့လို့ ဆန္ဒပြတဲ့သူတွေ ရှိနေရင် ဆန္ဒပြတဲ့ သူတွေကို ကြောက်စရာမလိုဘူး။ အဲဒီ ပတ်ဝန်းကျင်မီးရပြီး ဟန်ကျသွားပြီဆိုရင် ဆန္ဒပြတဲ့သူတွေငြိမ်သွားလိမ့်မယ်”လို့ ဦးဝင်းထိန်က ပြောပါတယ်။
ကျွန်မတို့ ဒေသခံတွေ ဆန္ဒပြနေတာ က တမင်တကာ အကြောင်းမရှိ အကြောင်းရှာပြီး ပြနေတာ မဟုတ်ပါဘူး။

ကျွန်မတို့ရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ သယံဇာတ အရင်းအမြစ်တွေကို ကာ ကွယ်ဖို့ ကျောက်မီးသွေးစက်ရုံကို ကန့်ကွက်ကြရတာပါ။ တစ်နည်း ပြောရ ရင် နိုင်ငံတော်ရဲ့ သဘာဝသယံဇာတ တွေ မပျက်စီးဖို့အတွက် ထိန်းသိမ်း စောင့်ရှောက်ပေးနေတာပါ။ ဒါ့ကြောင့် ဆန္ဒပြနေသူတွေကို မီးပေးမယ်ဆိုတဲ့ မက်လုံးမျိုးနဲ့တော့ ဆွယ်လို့ရမယ် မထင် ပါဘူး။မြန်မာနိုင်ငံရဲ့ စက်မှုကဏ္ဍဖွံ့ဖြိုး ရေးအတွက် လျှပ်စစ်မီးရရှိရေးဟာ အရေးကြီးနေလို့ ကျောက်မီးသွေးစက်ရုံကို မဖြစ်မနေ အရေးပေးလုပ်ရမယ်လို့ သူက ဆက်ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ဖို့အတွက် စက်မှုလုပ်ငန်းတွေ တိုးတက်ရမယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် စက်မှုလုပ်ငန်းတစ်ခုတည်း တိုးတက်ရုံနဲ့ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်နေပါပြီလို့ ပြောလို့ရနိုင်ပါ သလား။ ကျောက်မီးသွေး ကနေ လျှပ်စစ်တွေရလို့ စက်မှုလုပ်ငန်းကတော့ တိုးတက်ပါရဲ့။ ပြည်သူလူထုတွေက ရောဂါထူပြော၊ အရွယ်မတိုင်မီသေဆုံး၊ သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟစနစ်တွေ ပျက်စီးပြီး ငတ်မွတ်ခေါင်းပါးတဲ့ဘေးနဲ့ ရင်ဆိုင်နေရရင် အဲဒီနိုင်ငံ တိုးတက် နေပါတယ်လို့ ဘယ်လိုလုပ်ပြီး ပြောနိုင် မှာပါလဲ။

တိုင်းပြည်တစ်ပြည်ရဲ့ တိုးတက်မှု ကို အဲဒီတိုင်းပြည်ရဲ့ ရုပ်ဝတ္ထုပစ္စည်း တိုးတက်ရုံနဲ့ တိုင်းတာလို့မရပါဘူး။ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ စိတ်ချမ်းသာ ပျော်ရွှင်မှုကိုလည်း ထည့်သွင်းစဉ်းစား ရမယ်လို့ ပညာရှင်တွေက ပြောကြပါ တယ်။ ပြည်သူတွေ စိတ်ချမ်းသာ ပျော်ရွင်ဖို့အတွက် လိုအပ်တဲ့ အချက် များစွာထဲက ကောင်းမွန်တဲ့ သဘာဝ ပတ်ဝန်းကျင်နဲ့ သန့်ရှင်းတဲ့လေရရှိဖို့ ဆိုတဲ့ အချက်လည်း ပါပါတယ်။
မြန်မာနိုင်ငံရဲ့ ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေ လည်ပတ်ခဲ့မယ်ဆိုရင် အဲဒီ စက်ရုံတွေက ထုတ်လွှတ်မှုတွေကြောင့် အချိန်မတိုင်ခင် နှစ်စဉ်သေဆုံးမှုမှာ လူဦးရေ ၇၁၀၀ ခန့် ရှိမယ်လို့Harvard တက္ကသိုလ်နှင့် Greenpeace အဖွဲ့တို့ သုတေသန ပြုလုပ်ထားတဲ့ စာတမ်းမှာ ဖော်ပြထားပါတယ်။

ပြည်သူတွေ တင်မြှောက်ထားတဲ့ ဒီမိုကရေစီအစိုးရဟာ ပြည်သူတွေကို အဲဒီအဖြစ်ဆိုးမျိုး ကြုံတွေ့ရအောင် လုပ်မှာ မဟုတ်ဘူးလို့ မျှော်လင့်ပါတယ်။
မြန်မာနိုင်ငံရဲ့ နေရာတော်တော် များများမှာ ကျောက်မီးသွေးစက်ရုံ တည်ဆောက်ထားတဲ့နေရာနဲ့ တည် ဆောက်ဖို့ လျာထားတဲ့ နေရာတွေဟာ တိုင်းရင်းသားတွေ အများဆုံး နေထိုင်တဲ့ ဒေသတွေ ဖြစ်ပါတယ်။ ဒေသခံတွေ ကျောက်မီသွေး စီမံကိန်းကို ပြင်းပြင်း ထန်ထန် ကန့်ကွက်နေကြတာကိုလည်း အစိုးရအနေနဲ့ သိပြီးသားပါ။

လက်ရှိအစိုးရအနေနဲ့ ဒီမိုကရေစီ စနစ်နဲ့ ဖက်ဒရယ်ပြည်ထောင်စုကို အမှန်တကယ် လိုလားတယ်ဆိုရင် တိုင်း ရင်းသားတွေရဲ့ အသံကို နားထောင်ဖို့ တိုက်တွန်းပါရစေ။တိုင်းရင်းသားပေါင်းစုံ နေထိုင်ကြ တဲ့ ကျွန်မတို့နိုင်ငံမှာ ပြည်တွင်းစစ်တွေ ရပ်စဲပြီး၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရဖို့ အစိုးရက ကြိုးစားအကောင်အထည် ဖော်နေတာ တွေ့ရတဲ့အတွက် အများကြီး ဝမ်းသာရပါတယ်။

တကယ်လို့များ အစိုးရကတိုင်း ပြည်အတွက် လျှပ်စစ်လိုအပ်ချက်ဆိုတဲ့ အကြောင်းပြချက်နဲ့ တိုင်းရင်းသားများ နေထိုင်တဲ့ဒေသမှာ သူတို့ကန့်ကွက်နေ တဲ့ကြားက ကျောက်မီးသွေး စက်ရုံတွေ တည်ဆောက်ဖို့ ဇွတ်ကြိုးစားခဲ့မယ် ဆိုရင် အစိုးရအနေနဲ့ အမှန်တကယ် ငြိမ်းချမ်းရေးရဖို့ လိုလားတယ်ဆိုတာ တိုင်းရင်းသားတွေအနေနဲ့ ဘယ်လိုများ ယုံကြည်ရမှာပါလဲ။

ဒါ့ကြောင့် လက်ရှိအစိုးရအနေနဲ့ ပြည်သူတွေ ကန့်ကွက်နေတဲ့ ကျောက်မီး သွေးစက်ရုံ တည်ဆောက်မယ့် စီမံကိန်း များကို ပယ်ဖျက်လိုက်မယ်ဆိုရင် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာလည်း ရောက်သလို၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့ အတွက် လမ်ကြောင်းမှန်ကို ရှေးရှု နေပြီလို့ ပြည်သူတစ်ယောက်အနေနဲ့ ယုံကြည်မိပါကြောင်း။