ရှင်ဓာတ်ဝဲဘုရား ဆက်ပြင်နေမှု ဥပဒေကို ဆန့်ကျင်ဟု တနင်္သာရီလွှတ်တော် ဥက္ကဋ္ဌပြော

0
358

ထားဝယ် ရှင်ကိုးရှင်သမိုင်းဝင် ရှင် ဓာတ်ဝဲဘုရား ပြင်ဆင်နေမှု ရပ်ဆိုင်း ထားရန် တနင်္သာရီတိုင်းဒေသကြီး လွှတ် တော်က ဆုံးဖြတ် အတည်ပြုပြီးသော် လည်း လုပ်ငန်းဆက်လုပ်နေသည်မှာ ဥပဒေကို ဆန့်ကျင်သည့်သဘော ဖြစ် သည်ဟု တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောကြား လိုက်သည်။
ဇွန်လ ၂၈ ရက်နေ့တွင်ကျင်းပသော တိုင်းလွှတ်တော် ပဉ္စမပုံမှန်အစည်း အဝေးတွင် ရှင်ဓာတ်ဝဲဘုရားအား ပြန် လည်မွမ်းမံပြင်ဆင်နေမှုကို ဥပဒေ၊ နည်း ဥပဒေများအတိုင်း မလုပ်ဆောင်နိုင်မီ ရပ်ဆိုင်းထားရန် မဲခွဲဆုံးဖြတ်ခဲ့သော် လည်း ဇွန်လ ၃၀ ရက်နေ့ ညနေအထိ လုပ်ငန်းများဆောင်ရွက်နေခြင်းအပေါ် ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“လွှတ်တော်က အရေးကြီးလို့ ဆုံး ဖြတ်တာကို ချက်ချင်းဆောင်ရွက်ရမယ်၊ ခုလို နေ့တွေ ရက်တွေ ရွှေ့ထားလို့ မရ ဘူး၊ ခု ၃၀ ရက်နေ့မှာတောင် ဆောင်ရွက် နေတဲ့သဘောဆိုရင်တော့ ဒါ ဥပဒေကို ဆန့်ကျင်တဲ့သဘော ဖြစ်သွားပြီ၊ ဒါသည် တော်တော်လေးကို လွန်ကဲတဲ့ သဘောလို့ ယူဆရမှာပေါ့၊ ဥပဒေစိုးမိုး မှုလုပ်နေဆဲကာလမှာ ဥပဒေကို ဆန့်ကျင်တဲ့သဘော ဖြစ်သွားတယ်”ဟု ဦးခင်မောင်အေးက ဆိုသည်။

ရှင်ဓာတ်ဝဲဘုရားတည်ရှိရာ ထား ဝယ် မောင်မယ်ရှောင် ကျေးရွာသားများ ကလည်း ဘုရားပြုပြင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေဆဲဟု ပြောကြ သည်။
“အခု ကျွန်တော် ဘုရားနားမှာပါ၊ အထဲကို မမြင်ရအောင် အစိမ်းပိုင်းတွေ ကာပြီး လုပ်နေတယ်၊ ချောင်းကြည့်မှ မြင်ရတာ၊ ဘုရားပလ္လင်တော်တောင် တော်တော် မြင့်သွားပြီ” ဟု မောင်မယ် ရှောင်ရွာသား ဦးသက်ဝင်းက ဇွန် ၃၀ ညနေ ၄ နာရီတွင် ပြောသည်။

ယင်းသို့ လုပ်ငန်းဆက်လက် ဆောင် ရွက်နေခြင်းမှာ လုပ်ကိုင်နေသူ များထံ အကြောင်းကြားစာ မရောက် သေး၍ ဖြစ်နိုင်ကြောင်း တိုင်းဒေသကြီး လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင် ဖြေဆိုသည်။
“လွှတ်တော်က ဆုံးဖြတ်ကြောင်း သူတို့ မသိဘူးလေ၊ ဆုံးဖြတ်ထားပြီးပြီ ရပ်နားပေးပါဆိုတာ (လွှတ်တော်က) ပို့ရမယ်၊ တို့ရုံးကို ပို့ရမယ်၊ အစိုးရဖွဲ့ကို ရောက်လာပြီ၊ အစိုးရအဖွဲ့က ညှိနှိုင်း ရမယ်၊ ဒါသည် တို့အစိုးရရဲ့ ဥပဒေလုပ် ထုံးလုပ်နည်းနဲ့ ကိုက်၏ မကိုက်၏ ဥပဒေချုပ်နဲ့ ညှိနှိုင်းပြီး စကားပြောရ မယ်” ဟု ဝန်ကြီး ဦးဟိုပင်က ပြောသည်။

ယင်းသို့ညှိနှိုင်းပြီး သာသနာရေး ဌာနမှတစ်ဆင့် လုပ်ဆောင်နေသူများထံ စာပို့ညွှန်ကြားလိမ့်မည်ဟု ဦးဟိုပင်က ပြောသည်။
“ကြားထဲမှာ တို့က သာသနာရေးကို ညွှန်ကြားထားတယ်၊ သွားရပ်ထားပါလို့၊ တို့ဘက်က ပြီးသွားပြီ” ဟု ၎င်းက ဆို သည်။
ရှင်ဓာတ်ဝဲဘုရား ပြင်ဆင်နေမှုကို ရပ်တန့်ထားရန် ယနေ့ခေါ်ယူ အသိပေး ထားကြောင်း တိုင်းသာသနာရေးဦးစီးမှူး ဦးရဲနိုင်ဝင်းက ဇွန်လ ၃၀ ရက်နေ့တွင် ပြောသည်။

“ဂေါပကဥက္ကဋ္ဌကို ဒီနေ့ပဲ ခေါ်ပြီး ဆက်မလုပ်ဖို့၊ လွှတ်တော်က တားလိုက် လို့ အမိန့်တစ်စုံတစ်ရာမရမချင်း ဆက် မလုပ်ဖို့ ခေါ်ပြောလိုက်ပါတယ်။ ဆက်လုပ် မယ်ဆိုရင် ရှေးဟောင်းဥပဒေအရ အရေး ယူသွားမှာပေါ့” ဟု ၎င်းက ဆိုသည်။
တိုင်းလွှတ်တော်ဥက္ကဋ္ဌကမူ လွှတ် တော်တွင် ဆုံးဖြတ်ပြီးပြီးချင်း ဆုံးဖြတ် အတည်ပြုချက်အား ဇွန် ၂၈ ညနေ တွင်ပင် တိုင်းအစိုးရအဖွဲ့သို့ စာပို့ခဲ့ပြီး နောက်တစ်နေ့ ဇွန် ၂၉ နံနက်တွင်လည်း မည်သို့ဆောင်ရွက်နေသည်ကို စာပေးပို့ မေးမြန်းခဲ့သေးကြောင်း ပြောသည်။
ရှင်ဓာတ်ဝဲဘုရားသည် တနင်္သာရီ တိုင်းအတွင်း နိုင်ငံတော် ပြန်တမ်းဝင် ဘုရား ၃ ဆူတွင်ပါဝင်ပြီး ယခုကဲ့သို့ ပြင်ဆင်နေမှုအပေါ် နိုင်ငံရေး ပါတီ၊ အရပ်ဘက်အဖွဲ့အစည်း အချို့က အစဉ် တစိုက် ကန့်ကွက်နေကြသည်။