လေယာဉ်ပျောက်ည

0
531

မြင်းခွာအော်မှာ တွေ့နေပြီဟု အတိအကျနီးနီး သတင်းစကားရသည်။
သို့သော် . . . ။

။ ။။ ။။ ။

ညနေပိုင်းတွင် တပ်မတော် လေယာဉ်တစ်စင်း ပျောက်ဆုံးနေကြောင်း အတည်ပြုချက်ရသည်။ မောင်းမကန် ဘက်တွင်ဟု ဆိုသည်။
မောင်းမကန်ကို ရဲကားအချို့၊ လူနာ တင်ယာဉ်အချို့လည်း ဆင်းသွားသဖြင့် ဟုတ်မည်ဟု မှတ်လိုက်သည်။ လေယာဉ် ပျောက် အတည်ပြုချက် သတင်းပို့ရန် နည်းနည်းပါးပါး တည်းဖြတ်ပြီး နောက်ဆက်တွဲ ဆက်လိုက်သောအခါ မောင်းမကန်ဘက်မဟုတ်၊ ထားဝယ်မြို့ ၏ တောင်ဘက် မိုင် ၅၀ခန့်အကွာက မြင်းခွာအော်နားမှာ ပျက်သည်ဟု ဆိုပြန် သည်။

ဟုတ်ပြီ။ တော်တော်ဝေးပေမဲ့ သွားရမည်ပေါ့။

မကြာပါ။ မောင်းမကန်ဘက်မှ ပြန်လာပြီး မြင်းခွာအော်ရှိရာ ထားဝယ် ကျွန်းဆွယ် (လောင်းလုံးမြို့နယ်) ဘက် ဆင်းသွားသော ရဲကားများ၊ လူနာ တင်ယာဉ်များကြောင့် ဒီတစ်ခါတော့ သေချာပြီဟု တွက်လိုက်သည်။ မြေပြင်သတင်း မလိုက်ဖြစ်တာ ကြာနေတော့ ရင်တောင် ခုန်ချင်သလိုလို။
ညနေ ခြောက်နာရီခွဲလောက်မှ ထွက်ဖြစ်တာဆိုတော့ ဒီညအိမ်ပြန် လာချင်မှ လာဖြစ်မယ်ဆိုပြီး အဆင်ပြေ တဲ့နေရာ ထိုးအိပ်လို့ရအောင်ဆိုပြီး Sleeping Bag ရှာသည်။ မတွေ့။

ဪဟုတ်သားပဲ၊ ရန်ကုန်မှာ ကျန်ခဲ့တာကိုး။

ထိုနှင့် ကမ်းခြေသွားရင် ယူနေကြ စစ်ပုခက်ကိုပဲ ယူပြီး လက်နက်ကိရိယာ အစုံနဲ့ စလစ်တော့သည်။ အခြား မိတ်ဆွေ သတင်းထောက် တစ်ဦးကလည်း သွားခါနီးဆိုတော့ တူတူသွားမည်ဟု ချိန်းလိုက်သည်။ မှောင်ခါစလည်းဖြစ်၊ ဝေးကလည်း ဝေးဆိုတော့ အဖော်ပါမှ ကောင်းမှာကိုး။ ဆိုင်ကယ် တစ်ယောက် တစ်စီးစီ။ နှစ်ယောက်တစ်စီးဆို သိပ်မြန်မြန် မောင်းလို့ မကောင်းလှလေ။ ကံကောင်းသည့် တစ်ချက်က တစ်နေကုန် မိုးလေးရွာလိုက်၊ မိုးလေး အုံ့လိုက်ဖြစ်နေတဲ့ ထားဝယ်ရာသီဥတုက ညနေပိုင်းတွင် မိုးတိတ်နေသည်။ ဘယ်ရမလဲ ဆိုင်ကယ်ကတော့ မိုင်ကုန်ပဲပေါ့။

အဲဒီလေယာဉ်တွေ့တယ်ဆိုတဲ့ နေရာကို မြန်မြန်ရောက်ချင်ပြီလေ။ မျက်မြင် သတင်းပေးပို့ချက်တွေ လုပ်ချင်ပြီ။
မကြာပါဘူး၊ ၁၅ မိနစ်လောက်ပဲ မောင်းရသေးတယ်၊ အတူသွားတဲ့ မိတ်ဆွေ ဆိုင်ကယ်က ဖောက်လာရော၊ လီဘာဆွဲလို့ မလိုက်တော့ပေ။
အဲဒီအချိန် နည်းနည်း မိုးချုပ်စ ပြုနေပြီ။

သို့နှင့် ရောက်နေသည့် ရွာမှာပဲ အိမ်တစ်အိမ်ဝင်၊ ကျွန်တော်တို့ ဘယ်သူ ဘာညာ ဘယ်ကပါပေါ့၊ အဲဒီ လေယာဉ် သတင်းသွားလိုက်မလို့ဟာ အခု ဆိုင်ကယ် ပျက်သွားလို့ ခဏထားခဲ့ပါရစေပေါ့။ အိမ်ရှင်ကလည်း လိုလိုလားလား ပါပဲ၊ ကိုယ့်စာစောင် စာဖတ်ပရိသတ် တောင် ဖြစ်နေသေး။
“အေး ရပါတယ် ထားခဲ့၊ ငါတို့ လည်း အဲဒီ လေယာဉ်ပျက်အကြောင်း ပြောနေတာ” တဲ့။

စိတ်မပူနဲ့ ဘာညာပြောလိုက်သေး။ မေးတောင်လိုက်သေး၊ မိုးကာပါလား၊ ယူသွားကြမလားတဲ့၊ ကိုယ်တွေက ရပါတယ် ဆိုပြီး။
အခုတော့ နှစ်ယောက်တစ်စီး ဖြစ် သွားလေပြီ။ လမ်းမှာမောင်းရင်း သူ့ကိုပြော ကြည့်သည်။ နှစ်ယောက်ဆို သိပ်ခရီး မတွင်လှ၊ ကိုယ့်ထက် ခန္ဓာကိုယ်နှစ်ဆ ကြီးသည်။ ကိုယ်က ဆိုင်ကယ်မောင်းရ တာ သိပ်မတွင်လှ။

ထိုကြောင့် လမ်းက လောင်းလုံးမြို့ ပေါ်ရှိ အမျိုးအိမ်တစ်အိမ်မှာ ဆိုင်ကယ် ဝင်ငှားသည်။ တစ်ယောက်တစ်စီးစီနဲ့ ထပ်ခရီး ဆက်ရင်း သိပ်မကြာလှ ရွာကြီးနှစ်ရွာ ခန့် ဖြတ်ပြီးနောက် ဂေါ့အင်းရွာအထွက် တွင် သူ့ဆိုင်ကယ်ဘီး လေနည်းလာပြန် သည်။ သို့နောက် နောက်တစ်ရွာ အောက် ရေဖြူရွာအဝင်တွင် လေထိုးသည့် ဆိုင်လိုက်ရှာသည်။ နည်းနည်းလည်း မိုးချုပ်နေပြီမို့ ဆိုင်တွေက ပိတ်ကုန်ပြီ။

ရွာခံတွေကို မေးစမ်းနေတုန်း လူနာ တင်ယာဉ်တစ်စီး ဥဩဆွဲရောက်လာရော။ သေချာသည်။ ဟို လေယာဉ်ပျက်နေရာကို သွားမည့် ယာဉ်ပဲ။ ဒါနဲ့ ခင်ဗျား လိုက် သွားတော့ ဆိုတော့ သူက လက်တားသည်။ ဟိုယာဉ်ကလည်း ရပ်ပေးသည်။ လိုက်လို့ရမလားဆိုတော့၊ ရ၏။ အသို့ဖြင့် ငှားလာသော ဆိုင်ကယ် ကို ထိုနားက ဘုန်းကြီးကျောင်းအတွင်း ခဏထားခဲ့ရပြန်သည်။

ဆိုတော့ တစ်ကိုယ်တော် ခရီးဆက် ပေါ့။

မွေးသည့်မြေ (မြို့နယ်) ဆိုပေမဲ့ အောက်ရေဖြူရွာအထိသာ သွားသွား လာလာ အကြိမ်ကြိမ်လုပ်ဖူးတာ၊ အဲဒီ တောင်ဘက်ရွာတွေ သိပ်မသွားလှ၊ တစ်ခါခါ ရှင်မော် ဘုရားဖူးလေး ဘာ လေးတော့ ရောက်သည်ရှိသည်ပေါ့လေ။ ကျောက်နီမော်ရွာမှာ တွေ့တယ်လို့ သတင်းအချို့မှာ တွေ့လို့ အဲဒီရွာဘက် ရောက်တော့ နည်းနည်းလေး စူးစမ်း ကြည့်သေးသည်။

သို့သော် မရှိ၊ မြင်းခွာအော်ဟု သာပြောသည်။ ကျောက်နီမော်ကနေ မြင်းခွာအော် အတော်သွားရသေးသည်။
အဲဒီရွာတွေကနေစပြီး လူတွေ စုစု၊ စုစုနဲ့ တစ်စုံတစ်ရာကို တွတ်ထိုး ပြောနေပုံ များ တော်တော်များများ တွေ့ရသည်။
ဒေသထုံးစံအရ တစ်ခုခု ထူးခြားမှု ရှိနေသည်မှာ သေချာသလောက်။

စိတ်ထဲတွင် တစ်ခုခုတော့ သေချာ နေပြီ ထင်လိုက်သည်။

ကျောက်နီမော်နှင့် ထားဝယ်အငူ အစွန်းဆုံး ရှင်မော်ဘုရား လမ်းသည် တော်တော်လှသည်။ မှောင်နေပေမယ့် လရောင်အသင့်အတင့်ရှိနေတာ၊ မိုးလေး ကလည်း တိတ်နေတာဆိုတော့ တကယ့် ကို ပင်လယ်အလှတွေ့ရသည်။ ငါးဖမ်း လှေကလေးတွေဆို မီးလေး မှိတ်တုတ် မှိတ်တုတ်။
သို့သော် အဲသည်တို့ကို မခံစားနိုင်၊ စိတ်ထဲမှာ မြင်းခွာအော် မြန်မြန် ရောက်ဖို့ သာ ဇောကပ်နေသည်။ မြေပြင်အခြေအနေ ကို မြန်မြန် သတင်းပို့ချင်နေသည်။
ဒါမှ ရန်ကုန်ရုံးက မနက်ဖြန် သတင်းစာ အထွက်မီမည်ကိုး။

ကဲ . . . ရောက်ပါပြီ၊ မြင်းခွာအော်။
တကယ့်ကို စိတ်ခြောက်ခြားစရာပင်၊ အက်ရှင်ရုပ်ရှင်ကားတွေထဲက မှုခင်း မြင်ကွင်း လိုဖြစ်နေသည်။ လူနာတင် ယာဉ်တွေ မနည်းမနော၊ သုံးလေးဆယ် လောက်ရှိမည်၊ မီးသတ်ကားလည်း ရှိသည်။

ကိုယ်နားမလည်သော ကယ်ဆယ် ရေး ကားအချို့ပင်ပါသေး။
မီးသတ်သမားဝတ်စုံ ဝတ်ထားသူ ရာချီသည်၊ အခြားကြက်ခြေနီ၊ လူမှုရေး အသင်းအဖွဲ့ ဝတ်စုံတွေ ဝတ်ထားသူ လည်း ရာချီသည်။
သို့သော် သူတို့ကြည့်ရတာ သိပ်လှုပ်လှုပ်ရှားရှား မရှိလှ၊ အေးဆေး။

မေးစမ်းကြည့်လိုက်တော့၊ ဘာမှ မတွေ့သေးဘူး၊ သူတို့လည်း သတင်းတွေ မှာ တွေ့လို့လာတာတဲ့။ အချို့ သတင်း ဌာနတွေကို နာမည်တပ်ပြီး အဲလိုတော့ မသေချာဘဲ မရေးသင့်ဘူး ပြောနေတာ ကြားခဲ့။

ကယ်ဆယ်ရေးယာဉ် တစ်စီးကမူ လှိုင်းပုတ်သံ ခပ်ကြမ်းကြမ်းရှိကာ ကမ်းခြေ ဘက်ကို ကယ်ဆယ်ရေးသုံး မီးဖြင့် မီးအားကုန်ထိုးထားသည်။
ကမ်းခြေမှာလည်း လူတွေ ရာဂဏန်း၊ ယူနီဖောင်းနဲ့ကော၊ သာမန် အရပ်သားဝတ်စုံနဲ့ကော။
ဟ . . . ဘာဖြစ်တာလဲပေါ့။

တွေးပြီး ဆင်းသွားရုံရှိသေး၊ သွားမယ်၊ သွားမယ်ဆိုပြီ အဲဒီလူအများစု ပြန်တက်လာကော။
ဘာဖြစ်လို့လဲ မေးလိုက်တော့၊ တီဇစ်သွားစောင့်မှ ရမယ်တဲ့။

တီဇစ်ဆိုသည်မှာ ပင်လယ်ကမ်းခြေ ရွာတစ်ရွာဖြစ်သည်။ လမ်းမှာ ဖြတ်ခဲ့ပြီး သော ရွာဖြစ်သည်။ (ရွာကတော့ လမ်းမ ကြီးကနေ ပင်လယ်ဘက် သီးခြား ထွက်သွားရသည်) မြင်းခွာအော်ကို ရည်ညွှန်းရင်း ဒီမှာလည်း မရှိဘူး၊ ဟိုမှာ သွားစောင့်ရမည်ဟု ပြန်ထွက်သွား ကြပြန်သည်။

မကြာပါ၊ သုံးလေးဆယ်သော လူနာတင်ယာဉ်တွေသည်လည်း အလျှိုလျှိုပြန်ကုန်ကြလေသည်။ ထို မြင်းခွာအော်တွင် စားသောက်ဆိုင် တစ်ဆိုင်ကလွဲပြီး နေစရာ၊ စားစရာ များများစားစား မရှိလှရာ ရွာကြီးအချို့ တွင် ကားရပ်ရင်း ညအိပ်မည်၊ စတည်း ချရင်း ကယ်ဆယ်ရေးအတွက် အသင့် စောင့်နေမည်ဟု သူတို့ တွက်ဆကြသည်။

နောက်ဆုံး လောင်းလုံးမြို့ပေါ်တွင် စတည်းချသူချ၊ အချို့ကလည်း ထားဝယ် ပြန်သူပြန်ပေါ့လေ။ ဆိုတော့ အနေအထားအချို့ သိလိုက်ရသဖြင့် သတင်းတော့ ပို့မှ ဖြစ်မယ်ဟု တွေးကြံကာ အနီးအနား တွင် တယ်လီဖုန်းနှင့် အင်တာနက်လိုင်း ရနိုင်တာ ဘယ်နားဟု မေးစမ်းရသည်။ လိုင်းမိနိုင်တာနော်၊ ကောင်းတာမဟုတ်။
သို့ဖြင့် လူနာတင်ယာဉ်ဖြင့် မြင်းခွာအော်ကို စောရောက်နေသော မိတ်ဆွေနှင့် အတူ ထားဝယ်အငူအစွန်းက ရှင်ကိုးရှင်သမိုင်းဝင် မြတ်ရှင်မော်သို့ ရောက်သွားတော့သည်။

ပထမဆုံး ရန်ကုန်ကို သူများဖုန်း ဖြင့် လှမ်းဆက်တော့ (ကိုယ့်ဖုန်းက လိုင်း မမိ) မနက်ဖြန် သတင်းစာအတွက် မမီ တော့။ နောက်ဆုံး ထားဝယ်က စောင့်နေ သည့် အယ်ဒီတာဆီ မိတ်ဆွေသတင်း ထောက်နှင့်အတူ လှမ်းချိတ်၊ ရသလောက် သတင်းတွေ ပို့ပေါ့။
လိုင်းက ဘယ်လောက်ထိဆိုးလဲဆို ဓာတ်ပုံချည်းဆို ဆိုက်ကြီးလို့ ဓာတ်ပုံကို Word File ထဲထည့်ပြီး ပို့မှ ထွက်သည့် အဖြစ်။
သတင်းလေး ဘာလေးပို့ပြီးမှ ဘုရား လေးဘာလေး ဦးချ။

ပြန်မယ်ဆိုပြီး အထွက်မှာမှ ဂေါပက အဖွဲ့ခေါင်းဆောင်နဲ့တွေ့၊ စကား ပြောဖြစ်။
လေယာဉ်ကိစ္စပြောတော့ သူက ရှင်းပြရှာသည်။

” အဲဒီ (လေယာဉ်ပျက်ကျတယ်ဆို တဲ့) နှစ်နာရီခွဲ သုံးနာရီ အချိန်က ဒီနား မှာ မိုးတစ်အားရွာ၊ လေတစ်အားတိုက် နေတာ”

” ဒီနေ့ ရွာက ငါးဖမ်းလှေတွေတောင် မထွက်ဘူး”

သူနဲ့စကားပြောပြီးတော့ ည ၁၀ နာရီ ခွဲနေပြီ။ ဘုရားစောင်းတန်းက စားသောက်ဆိုင်တွေလည်း ပိတ်ပြီ။ ညစာ ငတ်ပြီ။
ဘယ်တတ်နိုင်မလဲလေ ဆိုပြီး ပြန်လာတော့ မြင်းခွာအော်မှာ လူနည်း နည်းကျန်သေးသည်။ ပုံမှန်အားဖြင့် ရှင်မော်ဘုရားဖူး ဧည့်သည်တွေ ထိုင် တတ်၊ မြင်းခွာအော်ကမ်းခြေ လာသူများ စားသောက်တတ်သော ရွာဖြစ်၍ စားသောက် ဆိုင်လေးမှာ မီးလင်းနေ၊ လူရှိနေသည်။
တစ်ခုခုတော့ စားစရာရှိမှာပါလေ ဆိုပြီးဝင်သွား၊ အထဲမှာ မီးသတ်တပ်ဖွဲ့ ဝင်အချို့၊ ကယ်ဆယ်ရေး ဝတ်စုံဝတ် အချို့နှင့်အတူ တပ်မတော်အရာရှိ အချို့ ပါ တွေ့ရသည်။

စားစရာမှာတော့ ထမင်း၊ လက်ဖက် သုပ်နှင့် ခေါက်ဆွဲပြုတ်ရသည်။ သည် လိုပဲ လွေးပေါ့။ ညနက် စာနီးနေပြီဖြစ်တဲ့ ထမင်းက ကျက်ခါစ၊ ပူပူနွေးနွေး။
ထမင်းစားနေရင်း တပ်မတော်သား အချို့ ထပ်ရောက်လာသည်။

ဆက်သွယ်ရေးစက်ဆင်သူက ဆင်၊ စားသောက်စရာ မှာသူကမှာ၊ အဲ . . . ဖုန်းဘက်ထရီသွင်းဖို့ လျှပ်စစ်ပလပ် ပေါက်ရှာသူက ရှာ။
ဘယ်လိုပဲ ဖြစ်ဖြစ်၊ မိုးရာသီမို့ ပိတ်ထားတာကြာပြီဆိုသော ဆိုင်ကလေး မှာ သည်နေ့ လူစည်နေသည်။ စစ်သား တစ်အုပ်အတွက် ထမင်းနှင့် ကြက်ကာလ သားဟင်း ချက်ပေးနေသည်။

သို့နှင့် စားသောက်ပြီးတော့ မိတ်ဆွေသတင်းထောက်က အကြီးဖြစ် ဟန်တူသည့် တပ်မတော်အရာရှိထံ ချည်းကပ်စနည်းနာသည်။
သူကဖော်ဖော်ရွေရွေပင်” ကျွန်တော် တို့ ဘာမှ မတွေ့သေးဘူး။ မထူးသေးဘူး၊ ထူးရင်ပြောပါ့မယ်”ဟု ပြန်ဖြေသည်။ ထိုနောက်သူတို့လည်း သူတို့အလုပ် သူတို့ ရှုပ်နေသည်။ အခြားတစ်ဖွဲ့လည်း တီဇစ်မှာ သွားပြီး အသင့်ပြင်နေပုံရသည်။

” မနက်ဖြန် မနက် ၅ နာရီ တီဇစ်မှာ မင်းသား” ဟု တစ်ချက်ကြားလိုက်သည်။

နောက်ပြီး တီဇင်ရွာတွင် ညအိပ်ဖို့ ဘာညာ အဆင်ပြေအောင် စီစဉ်ရန် မှာနေသည်။
ဆိုတော့ နောက်ထပ်ရသည့် သတင်း များအရ ဇွန်လ ၇ ရက်နေ့ လေယာဉ် ပျောက်ရှာသည့် အစီအစဉ် ရပ်လိုက်ပြီ။ မနက်မှ ထပ်ရှာမည်။
ဒီတော့ ပြန်ရုံပဲ ရှိတာပေါ့။

ဆိုင်ပြင်ကို ကြည့်လိုက်တော့ မိုး ကနည်းနည်း စရွာနေပြီ။ ည ၁၂ နာရီ လည်း ထိုးနေပြီ။ နောက်ထပ်မိုင် ငါးဆယ် လောက်ခရီးနှင်မှ အိမ်ပြန်ရောက်မည့် ကိန်း၊
သို့သော် မတတ်နိုင်၊ ဒီမှာတော့ အိပ်ဖို့ အဆင်မပြေ၊ ရှင်မော်ဘုရား ဂေါပကတော့ သူတို့ဆီမှာ အိပ်ဖို့ စောစောက ဖိတ်သေးသည်။ သို့သော် အိမ်သာပြန်ချင်နေသည်။

ထိုသို့ဖြင့် သည်နေ့ အဖို့ လေယာဉ် ပျောက်ည ရှာပုံတော်ခရီး တပ်ခေါက် ရမည်ပေါ့။
အပြန်လမ်းချီလို့ စပြီးသိပ်မကြာ၊ မိုးက တဖွဲဖွဲမှ ခပ်သည်းသည်း ရွာ တော့သည်။ ဆိုင်ကယ်မီးရောင်ကလည်း သိပ်မကောင်း၊ မိုးကလည်းသည်းဆိုတော့ အလာတုန်းက ဒုန်းစိုင်းခဲ့သော ဆိုင်ကယ်ကို ဇက်ကြိုးတပ်မောင်းရသည်။

လာတုန်းက လူစုစု၊ စုစုနှင့် ရွာကလေးများမှာ အားလုံးအိပ်မော ကျကုန်ပြီ။ မီးအားလုံးမှိတ်ကုန်ပြီ။
မျက်တောင်ကို လာလာရိုက်တော့ မိုးစက်များကို အန်တု၊ လမ်းကို (လမ်းဟု သိရုံကလွဲပြီး) ရှင်းရှင်းလင်းလင်းမမြင်ရ၊ ဘေးက အပင်တွေ၊ အိမ်တွေနဲ့ မှန်းဆပြီး အပြန်လမ်းက တော်တော်စိတ်ရှည် သည်းခံ ခဲ့ရသည်။

ကြားထဲ ဆိုင်ကယ်ဆီအပ်က သုည နား နီးလာ၊ ဓာတ်ဆီဝယ်ဖို့ဆိုင်လိုက် ရှာတော့ အကုန်ပိတ်၊ အိမ်း . . . ည ၁၂ နာရီလည်း ကျော်ပြီကိုး။ ဆိုင်တွေ နှိုးလို့လည်း မရ။

နောက်ဆုံး လေယာဉ်ပျက်ဆိုတဲ့ နေရာကို ယုံမှားလာမိပြီး မိုးအေးလို့ ပိတ်သိမ်းထားတဲ့ လမ်းဘေးဆိုင်မှာ နားနေတဲ့ ချာတိတ်သုံးဦး ကူညီလို့သာပဲ ဓာတ်ဆီရသွားသည်။

နို့မို့ဆို မိုင် ၅၀ ကျော်ခရီး ဘယ်နားဆီပြတ်မည်ဆိုတာ မပြောနိုင်။ မှောင်မှောင်နှင့် မည်းမည်းဆိုင် ကယ်တွန်း ပြန်ရမည့် အဖြစ်လားမသိ။
မိုးကလည်းသည်း၊ ဆိုင်ကယ်စီး ရလည်း ခက်လာတော့၊ ကြားထဲက ရွာတစ်ရွာမှာ ဝင်အိပ်ကြမလားဆိုပြီး နှစ်ဦးသား ညှိကြသေးသည်။
နောက်ဆုံးတော့ အရောက်သာ ပြန်ခဲ့တော့သည်။

လောင်းလုံးနဲ့ ထားဝယ်ကြား ကတော့ လမ်းမီးတိုင်လေးရှိလို့ နည်း နည်းသက်သာသည်။ သို့သော် မိုးက သည်းတုန်း။
အသွားအပြန် မိုင် ၁၀၀ ကျော် ဆိုင်ကယ်ခရီးကနေ အိမ်ပြန်ရောက်တော့ ည ၂ နာရီ ခွဲ နေပြီ။ အိပ်ယာပေါ်တစ်ခါခါ စောင့်နေတတ်တဲ့ ဖိုးညိုလေးတောင် ဒီနေ့ မတွေ့တော့ပါလား။

အင်း . . . ၊
လေယာဉ်ပျောက်ညလည်း တော် သေးသည်ပေါ့လေ။ သူများတွေ ဘယ်လို လွယ်လွယ်တွေ့နေလဲတော့ မသိ၊ ကိုယ် တွေခမျာ မလွယ်။
ဘာပဲ ဖြစ်ဖြစ် ကိုယ့်အိပ်ယာလေးကို ဘေးမသီဘဲ ပြန်ရောက်ပေလို့။

အခုတော့ မနက်ဖြန်အတွက် အားမွေးရဦးမယ်လေ။ လေယာဉ်ပျောက် က မနက်ဖြန်တွေ့ချင်လည်း တွေ့နိုင်တာ ကိုး။ ။

ခွန်းသု
ဇွန် ၈၊ ၂၀၁၇၊
နံနက် လေးနာရီ၊
သောကြာပြင်ရွာ၊ လောင်းလုံး မြို့နယ်၊ ထားဝယ်။