အယ်ဒီတာအာဘော်

0
526

အခုတလောကျောက်မီးသွေး ဓာတ်အားပေး စက်ရုံကိစ္စ ပွဲပြန်ဆူလာသည်။ကျောက်မီးသွေးအား ကန့်ကွက်သူခဲ့သူအချို့ ထောက်ခံသူဖြစ်လာသည်။ တနည်းအားဖြင့် ရပ်တည်ချက်ပြောင်းလာသည်။

ရပ်တည်ချက်တိုင်းတွင် အားသာချက် အားနည်းချက်ကိုယ်စီရှိသည့်အတွက် အထူးအထွေ မပြောလိုပေ။ သို့သော် ရပ်တည်ချက်များနှင့်ပတ်သက်ပြီး ရှင်းလင်းစွာသိရမည့်ကိုယ့် ကိုကိုယ် မေးခွန်းထုတ်ရမည့်ကိစ္စကိုမူ ဆွေးနွေးချင်ပါသည်။ ကန့်ကွက်သည်ဆိုပါစို့။ ဘာကြောင့်လဲ။ ဘာအတွက်လဲ။

ထောက်ခံသည်ဆိုပါစို့။ ဘာကြောင့်လဲ ။ ဘာအတွက်လဲ။

ကိုယ့်ကိုကိုယ် ပြင်းပြင်းထန်ထန် မညှာမတာမေးခွန်း မေးရမည်ဖြစ်သည်။ ထို့အပြင် ကိုယ့်ရပ်တည်ချက်နှင့်ပတ်သက်ပြီး ကိုယ့်၏ သိမှုသည်မည်သည့် အဆင့်တွင်ရှိပြီး မည်သည့်ရှုထောင့်ဖြင့် ကြည့်သည်ကိုလည်း ရှင်းလင်းစွာ သိရ မည်ဖြစ်သည်။သို့မှသာကန့်ကွက်မှုထောက်ခံမှုများသည်အားကောင်း မောင်းသန်ဖြစ် မည်ဖြစ်သည်။ ခိုင်မြဲမည်ဖြစ်သည်။

မီးကျိုးမောင်းပျက်အသိလောက်ဖြင့် ကန့်ကွက်၊ ထောက်ခံမလုပ်သင့်။ သူများ ယောင်၍ ယောင် အမောင်တောင်မှန်း မြောက်မှန်း မသိဆိုသလိုမဖြစ်သင့်။
ထို့သို့ဖြစ်က လေပြင်း မပြောနှင့် လေညှင်းတောင်တိုက်၍ မဖြစ်။ ယိမ်းနွဲ့လဲခွေ သွားမည်ဖြစ်သည်။

ရပ်တည်ချက်များ အခြေခိုင်ရန်လိုပေသည်။ ရပ်တည်ချက်များ မြန်ဆန် စွာပြောင်းလဲမှုအပေါ် သံသယ ဖြစ်သည်။
သင်ခန်းစာ ယူစရာလည်း ဖြစ်သည်။

ကိုယ့်ရပ်တည်ချက်အတွက် မေးခွန်းများ မညှာမတာမေးရန်လိုပေသည်။ သို့မှသာခိုင်မြဲသည့် ရပ်တည်ချက်များကို ပိုင်ဆိုင်မည်ဖြစ်သည်။