ထောင်ချီဖမ်းမိသော စိတ်ကြွဆေးပြားအမှု အဓိက တရားခံ ဆယ်ကျော်သက်ကို ဖမ်းဆီး

0
444

ထားဝယ်မြို့တွင် မေလ ၂၄ရက်က WY စိတ်ကြွဆေးပြား လေးထောင်ကျော် ဖမ်းမိသည့် ဖြစ်စဉ်များမှအဓိက တရားခံ ဆယ်ကျော်သက်လူငယ်တစ်ဦးကို တစ်ပတ်အတွင်းဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။မူးယစ်ဆေးဝါး ဖမ်းမိမှုဖြစ်စဉ်နှစ်ကြိမ်တွင် ကွင်းဆက်တရားခံအဖြစ် အဓိကရောင်းချသူ အသက် ၁၉ နှစ်အရွယ်ရှိ အမျိုးသားကို မေလ ၃၀ ရက်နေ့က ကံပေါက်ရွာတွင် ဖမ်းမိခဲ့ကြောင်းတိုင်းရဲ တပ်ဖွဲ့မှူးရုံး မှတ်တမ်းအရသိရသည်။

ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက်ရှိနေအိမ်ကို မေလ ၂၄ ရက်နေ့က ဝင်ရောက်ရှာဖွေရာ အသက် ၂၁ နှစ်အရွယ်ရှိအမျိုးသားနှင့် အသက် ၁၉ နှစ်အရွယ်
အမျိုးသမီး လင်မယားထံမှ WYစိတ်ကြွဆေးပြား ၁၆၀ ကို ဖမ်းမိခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။ယင်း နောက် အိမ်ရှေ့ပြင်ရပ်ကွက်ရှိ အခြားနေအိမ်ကို ထပ်မံရှာဖွေရာ အသက် ၂၇ နှစ်အရွယ် အမျိုးသမီး တစ်ဦးနှင့် အမျိုးသား ၂ ဦးထံမှ WY စိတ်ကြွဆေးပြား ၁၃၈ ပြား ဖမ်းမိခဲ့ကြောင်း
ရဲမှတ်တမ်းတွင် ဖော်ပြ ထားသည်။

မူးယစ်ဆေးများနှင့် အတူဖမ်းမိသူများကို စစ်ဆေးချက်အရ ထားဝယ်လေယာဉ်ကွင်းအနီး သားသတ်ရုံတွင်နေထိုင်သည့် အသက် ၁၉ နှစ်အရွယ်
အမျိုးသားထံမှ မူးယစ်ဆေးတစ်ပြားလျှင်ငွေကျပ် ၁၅၀၀ ဖြင့် ဝယ်ယူခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ရဲမှတ်တမ်းအရ သိရသည်။

မေလ ၂၄ ရက်တွင် ကွင်း ဆက်အဖြစ် အဓိက တရားခံဖြစ်သည့် အမျိုးသား၏ နေအိမ်ကို ဝင်ရောက် ရှာဖွေရာအဆိုပါ အမျိုးသားကို မတွေ့ရဘဲ
အသက် ၅၉ နှစ်အရွယ်ရှိ မိခင်ဖြစ်သူကိုတွေ့ရပြီး နေအိမ်ကို ရှာဖွေခဲ့ကြောင်းရဲမှတ်တမ်းတွင် ဖော်ပြထားသည်။ယင်းနေအိမ်ရှိ ဆန်ထည့်သည့်ကော်ပုံးအတွင်း ထည့်ထားသည့် WYစိတ်ကြွဆေးပြား ၃၉၉၀ ပြားကို ဖမ်းမိခဲ့ကြောင်း တိုင်းရဲမှတ်တမ်းအရ သိရသည်။

ကံပေါက်တွင် ဖမ်းမိခဲ့သည့်အသက် ၁၉ နှစ်အရွယ် အဓိက တရားခံကို စစ်ဆေးရာ သဗြေချောင်းရွာနေကွင်းဆက် တရားခံများထံမှ WY စိတ်ကြွဆေးပြား ၁ပြား တွေ့ရှိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။မူးယစ်ဆေးဝါးများနှင့် ဖမ်းမိသူများကို သက်ဆိုင်ရာ မူးယစ်ပုဒ်မများဖြင့် ထားဝယ်မြို့မ ရဲစခန်းနှင့် ကံပေါက်
နယ်မြေရဲစခန်းတို့တွင် အမှုဖွင့် အရေးယူထားကြောင်း ရဲမှတ်တမ်းအရ သိရသည်။