လာရာ နှင့် လားရာများ

0
618

ထားဝယ်သို့ အလည်လာသော ဧည့်သည်တစ်ယောက်က ” ရှမ်းလျှော်” ဆိုသော ဝေါဟာရ၏ အဓိပ္ပာယ်ကို မေးလာသည်။ မည်သူ တီထွင်လိုက်မှန်း မသိသော ထိုစကားလုံးကို နားလည် သလောက် ရှင်းပြဖြစ်၏။” ရှမ်း” ဆိုသည် မှာ ယိုးဒယား(ထိုင်းနိုင်ငံ)ကို ဆိုလိုပြီး “လျှော်” ဆိုသည်မှာ “လျှော်ပစ်ခြင်း” ဆိုသော အဓိပ္ပာယ် ရှိလေသလားမသိ။ သေချာသည်မှာ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်နေကြသော မြန်မာပြည်မှ ရွှေ့ပြောင်းလုပ်သားများမှ မွေးလာသော နို့စို့အရွယ်မှသည် အရွယ်အမျိုးမျိုးသော ကလေးများကို မြန်မာပြည်ရှိ အဘိုး အဘွားဆွေမျိုးများဆီသို့ ကျွေးမွေး စောင့်ရှောက်ပေးထားရန် ပို့ဆောင်ခြင်းခံ ရသော ကလေးများကို ခေါ်ဝေါ်သော အသုံးဖြစ်သည်။

ကိန်းဂဏန်းများ
ထိုင်းနိုင်ငံသို့ရောက်ရှိနေသော မြန်မာအရေအတွက် တစ်သန်း ဝန်းကျင် ခန့်ရှိကြောင်း သိရ၏။ တရားမဝင်ရောက် ရှိသော ကိန်းဂဏန်းအရဆိုလျှင် ထိုထက် နှစ်ဆ သုံးဆမက ပိုနိုင် ကြောင်း ခန့်မှန်း ကြသည်။ ထိုင်းရောက် မြန်မာအများစုက အလုပ် အချိန်ပြည့် လုပ်ကိုင်နိုင်ရန် သားသမီးများကို မြန်မာပြည်ရှိ ဘိုးဘွား ဆွေမျိုးများထံ ပို့ထားကြသည်က များ၏။ ယင်းကြောင့် ” ရှမ်းလျှော်” ကလေးများမှာ သန်းဂဏန်းမရှိလျှင် သည်ပင် သိန်းဂဏန်းခန့် ရှိပေမည်။

မိဘရင်ခွင်၏ အဝေးမှာ
မိဘနှင့်ဝေးနေသော ကလေးများ အတွက် မေတ္တာတရားနှင့် လုံခြုံမှုမှာ အဘယ်သို့ ရှိအံ့နည်း။ ငယ်စဉ်ကလေးဘ၀ ၏ မှန်ကန်စွာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘေးကင်း လုံခြုံသည့် ပတ်ဝန်းကျင် ကောင်းတို့သည် ၎င်းတို့၏အနာဂတ်နှင့် တစ်နည်း တစ်ဖုံ ပတ်သက် နေနိုင်ပေ သည်။ တချို့ ” ရှမ်းလျှော်” ကလေးများ သည် နွေးနွေးထွေးထွေး ဂရုတစိုက်ရှိ သော အဘိုး အဘွားဆွေမျိုးများ ရင်ခွင် တွင် ကြီးပြင်းရသည်ကို မြင်ဖူး၏။ သို့သော် တချို့ ကလေးများမှာ ထိန်းသိမ်း စောင့်ရှောက် ပေးရသော အဘိုးအဘွား ကိုယ်၌က မကျန်းမာ။

ထိုအထဲ ငွေကြေး မပြည့်စုံ၊ ယိုးဒယားမှ ကလေးတို့၏ အဖေအမေကလည်း လစဉ်ပုံမှန်ငွေမပို့ နှင့် ဘ၀ကို ပင်ပင်ပန်းပန်း ဖြတ်သန်း နေကြရသည်ကိုလည်း တွေ့ဖူးသည်။ တစ်ခါတစ်ရံ ” ရှမ်းလျှော်” လေးများ နေမကောင်းဖြစ်၍ ဆေးရုံတက်လျှင် မသန်မစွမ်း နေမကောင်းသည့် ဘိုးဘွား များကသာ ဖြစ်သလို စောင့်ရှောက် ပေးနေကြသည်များ တွေ့ရှိရသည်။

ရှမ်းလျှော်လေးများကို အုပ်ထိန်း နေသော တချို့ အဘိုးအဘွားများကိုယ် တိုင်က အိုမင်းပြီး မစွမ်းတော့။ မြေးများ ဘယ်သွားကာ ဘာလုပ်မှန်း သေချာ ကြည့်ရှု စောက်ရှောင့်မပေးနိုင်ကြတော့။ မှန်ကန်သည့် ပတ်ဝန်းကျင်တစ်ခုကို စည်းချက်ညီညီ ထိန်းကျောင်း ဖန်တီးပေး ဖို့ရာလည်း အားနည်းချက်များ ရှိပေမည်။
တချို့က တစ်နှစ်နေလို့မှ မိဘနှင့် တစ်ကြိမ် မတွေ့ရ။ အရွယ်အနည်းငယ် ရောက်လာလျှင် မိဘရှိရာ ယိုးဒယားသို့ လိုက်သွားကြ။ ရွှေ့ပြောင်းအလုပ်သမား ထပ်ဖြစ်။ ထိုသို့ သံသရာလည်နေသော ကလေးအချို့ကိုလည်း မြင်ဖူး၏။

အိုဘားမား ငယ်ဘ၀နှင့် ပတ်ဝန်းကျင်
အမေရိကန်နိုင်ငံ ၄၄ ဦးမြောက် သမ္မတ ဘားရက်အိုဘားမား၏ ငယ်ဘ၀ မှာ အဘိုးအဘွားတို့၏ ထုဆစ်မှုကြောင့် အရောင်တောက်လာသည်ဟု ဆိုနိုင် သည်။ အိုဘားမား အဖေက အမေရိကန် သို့ ပညာတော်သင်လာသော ကင်ညာ နိုင်ငံသားဖြစ်ပြီး အမေက အမေရိကန် နိုင်ငံသူ အိုဘားမား ငယ်စဉ်ကပင် လင်မယားကွာရှင်းခဲ့ကြသည်။ ကလေး တစ်ယောက်မိခင် အိုဘားမား အမေက ၂၄ နှစ်အရွယ်တွင် အင်ဒိုနီးရှား နိုင်ငံသားတစ်ဦးနှင့် နောက်အိမ်ထောင်ပြု သည်။ မိခင် ပထွေးနှင့်အတူ အင်ဒိုတွင် နေဖူးသည်။ နောက်ပိုင်းတွင် အမေရိ ကန်ရှိ အဘိုးအဘွားထံတွင် အနေများပြီး ပညာသင်၏။

ပရိဘောဂ လုပ်ငန်းလုပ်သော သာမန်လူတန်းစား အဘိုးအဘွားတို့၏ ဆုံးမသွန်သင်မှုသည် အတုယူစရာကောင်း ၏။ သူ ငယ်စဉ်က အမေရိကန်မှာ လူဖြူ လူမည်း ခွဲခြားမှုများ အတန်အသင့် ရှိသေးသော်ငြား သူ့အဘိုးအဘွားများက ” ပန်နာရ အကယ်ဒမီ” ကျောင်းတွင် ကျောင်းတက်ခွင့်ရရန် စီစဉ်ပေး၏။ ထိုကျောင်းတွင် လူမည်းအနည်းငယ် သာရှိပြီး လူတိုင်းတက်ခွင့်မရ။ အဘိုး၏ အလုပ်ရှင်သူဌေးက ထောက်ခံပေး၍ တက်ခွင့်ရ၏။

ဆိုရလျှင် ဖခင်မဲ့ကလေးတစ်ဦး အဖြစ် ဖြတ်သန်းရသော အိုဘားမားတွင် ငယ်ဘ၀ အိမ်မက်ဆိုးများ၊ အဖြူအမည်း ခွဲခြားဆက်ဆံခံရသော မလှပသည့် ဘ၀ များ ရှိပေမည်။ သို့သော် အဘိုးအဘွား များ၏ မှန်ကန်သော မေတ္တာတရား ကြောင့်သာ ပွင့်လန်းလာလေ သလား။ဤတွင် တစ်ခုသဘောကျစရာ ကောင်းသည်ကား အိုဘားမား၏အဘိုးအဘွားများသည် သူ့တို့သမီးနှင့် အိမ်ထောင်ကွဲသွားသော သားမက် (အို ဘားမား အဖေရင်း)အပေါ် အဆိုးမဆို။ သားမက် အမေရိကားသို့ ကိစ္စတစ်ခုခုဖြင့် လာလျှင်ပင် အိမ်တွင်တည်းခိုင်းပြီး အို ဘားမားနှင့်သူ့အဖေ ရင်းနှီးစေရေး လုပ်ဆောင်ပေးကြောင်း ဖတ်ဖူးသည်။

ကျွန်ုပ်တို့ဝန်းကျင်တွင်ကား အများ အားဖြင့် အိုဘားမား ဘိုးဘွားများကဲ့သို့ မဟုတ်။ တစ်ခြမ်းပဲ့နှလုံးသား ကလေး များကို အုပ်ထိန်းသူများက တစ်ခြမ်းပဲ့ အသိသာ ရိုက်သွင်းသွန်သင်တတ်ကြ ပေသည်။ ဥပမာ-အိမ်ထောင်ကွဲနေသော ဖခင်ကို မည်သို့ဆိုးသွမ်းကြောင်း၊ ဖခင် အရက်သောက်တတ်ပါက သားကို ငမူး သား၊ မိဘရင်ခွင်နှင့် ဝေးနေသောကလေး များကို ” ရှမ်းလျှော်” စသည် …. စသည်။

ဆက်ဒမ်ဟူစိန် ငယ်ဘ၀နှင့် ပတ်ဝန်းကျင်
အီရတ် အာဏာရှင် ဆက်ဒမ်ဟူစိန် အကြောင်းလည်း တင်ပြချင်ပါသည်။ သူ့ကို တိကရစ်မြို့(Tikrit) အနီး အဲလ် အောဂျာဆိုသည့် ကျေးရွာတွင် မွေးခဲ့ သည်။ ကလေးမမွေးမီ လအနည်းငယ် ကတည်းက ဖခင်ကွယ်လွန်ခဲ့ပြီး ပထွေး နှင့် နေခဲ့ရသည်။ ဆက်ဒမ်က ကျောင်း တက်ချင်သော်ငြား ပထွေးကမကြိုက်။ ငယ်ငယ်ရွယ်ရွယ် ကလေးဘ၀၌ပင် ပထွေးက လယ်ယာလုပ်ငန်းခွင်တွင် အလုပ်လုပ်ခိုင်းခဲ့သည်။ ကလေးဘ၀၌ သူ့ကို လူတွေက ပစ်ပယ်ထားခဲ့ ကြသည်။
မိသားစုနှင့် သူ့ဝန်းကျင်၏ အနိုင် ကျင့်မှုကို အမြဲခံရသည့်အတွက် သူ့ကိုယ် သူ ကာကွယ်ရန် သံတုတ်တစ်ချောင်း အမြဲဆောင်ထားသည်။
သည်လိုနှင့် သူယုံကြည်အားအကိုး ဆုံးအရာသည် သံတုတ်သာ ဖြစ်သည်ဟု ယုံကြည်ရင်း ကြီးပြင်းခဲ့ရသည်။

နောက်ပိုင်းတွင် ဦးလေး (ပညာ တတ်ကျောင်းဆရာ)၏ အိမ်သို့ ရောက်ရှိ ခဲ့သော်လည်း ငယ်စဉ်က ကိုယ်၊ စိတ် မလုံခြုံစွာ ကြီးပြင်းခဲ့ရခြင်းကြောင့် လူတွေကို မယုံတော့ပေ။ နောက်ဆုံး အာဏာရှင်ဘ၀နှင့်လူ အစုလိုက်အပြုံ လိုက် သတ်ခြင်းများရှိခဲ့ပြီး သမိုင်းမလှခဲ့။ သူ့ဘ၀၏ နိဂုံးလည်း ကြိုးစင်နှင့် အဆုံး သတ်ခဲ့ ရသည်။ဖြတ်သန်းခဲ့သော ငယ်ဘ၀များနှင့် တစ်စိတ်တစ်ပိုင်း ပတ်သက်လေသလား ထင်ရ၏။

ရှမ်းလျှော်နှင့် မျှော်လင့်ခြင်း အတွေးများ
သိန်းချီရှိနိုင်သော မြန်မာပြည်မှ ရှမ်းလျှော်ကလေးများအနေနှင့် မှီခိုရာ အဘိုးအဘွား၊ ဆွေမျိုးများ၏ မေတ္တာ ဓာတ်ကို ရနိုင်သော်လည်း လိုချင်သော မိဘရင်ငွေ့ အရိပ်ကိုလည်း တစ်ခါတစ်ရံ မက ခိုလှုံချင်မိမည်ထင်သည်။ မိဘစုံစုံ လင်လင်နှင့် ဖြတ်သန်း နေကြသော သူငယ်ချင်းများ၏ ဘ၀ပုံရိပ်များကို အားကျပြီး အားငယ်နေလေမလား..၊ ဘ၀ ကိုအရွဲ့တိုက် လေမလား..၊ အခက်အခဲကို ကျော်လွှားပြီး ဘ၀ကို မှန်ကန်စွာ ပုံဖော် လေမလား..၊ အနာဂတ်အတွက် မေးခွန်း များစွာ။

လာရာနှင့် လားရာသို့
ယိုးဒယားနိုင်ငံ အပါအဝင် ပြည်ပ သို့ ထွက်ပြီး လုပ်ကိုင်နေရသော လုပ် သားများ များပြားခြင်းသည် ကျွန်တော် တို့ တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးမှု နိမ့်ကျနေ၍ဖြစ်သည်။ တိုင်းပြည် ဆင်းရဲလေ…. ” ရှမ်းလျှော်” ဦးရေများလေ ဖြစ်မည်။ ” ရှမ်းလျှော်” များ၏ မိဘများနှင့် ဝေးရသော ဘ၀လာရာချင်း တူသော်လည်း ပြုစုသူ ဘိုးဘွားဆွေမျိုး တို့၏ထုဆစ်မှုအောက်မှာ ဘ၀လားရာ များ ကွာဟသွားကြလိမ့် မည်ထင်သည်။ အိုဘားမားနှင့် ဆက်ဒမ်တို့၏ ငယ်ဘ၀ ဖြတ်သန်းခဲ့ရသည့် ပတ်ဝန်းကျင်များက သူတို့ဘ၀အနာဂတ်နှင့် တစ်စိတ်တစ်ပိုင်း ဆက်စပ်မှုရှိသကဲ့ သို့ပင်။

ထို့ကြောင့် ယနေ့ လူငယ် နောင်လူ ကြီးဖြစ်လာမည့် မိဘရင်ခွင်နှင့်ဝေးနေရ သည့် ” ရှမ်းလျှော်” ကလေးများ၏ ငယ်ဘ၀ ဖြတ်သန်းရသော ပတ်ဝန်းကျင် များသည် အရေးပါနေပေသည်။ ထို ပတ်ဝန်းကျင်သည် အေးမြလုံခြုံမှု ရှိသော မေတ္တာ၊ နက်ရှိုင်းကျယ်ပြန့် ကြီးမား သော ပညာများဖြင့် ထုံမွှမ်းပြည့်စုံ နေစေချင်ပါသည်။