တနင်္သာရီ လျှပ်စစ်ကိစ္စ လွှတ်တော်တွင် ကြားနာမည်

0
496

တနင်္သာရီတိုင်းအတွင်း လူအပြောများဆုံးဖြစ်သည့် လျှပ်စစ်ကဏ္ဍများတွင်ဆောင်ရွက်နေမှုအပေါ် ဇွန်လ ၅ ရက်နေ့နှင့် ၇ ရက်တို့တွင် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်တွင် ကြားနာကြမည်ဟု တိုင်းလွှတ်တော်ရုံး တာဝန်ရှိသူများထံမှ သိရသည်။အထက်ပါကိစ္စရပ်နှစ်ခုတွင်
အစိုးရမှ မည်သို့ ဆောင်ရွက်ထားသည်၊မည်သို့ လုပ်ဆောင်နေမည်၊ မည်သို့ဆက်လက်လုပ်ဆောင်သွားမည်တို့ကိုရှင်းလင်းစွာသိရှိပြီး အများပြည်သူအား
ရှင်းပြနိုင်ရန် ကြားနာပွဲ ပြုလုပ်ခြင်းဖြစ်ကြောင်းတိုင်းလွှတ်တော်ဥက္ကဋ္ဌဦးခင်မောင်အေးက ပြောသည်။

” အဓိက လျှပ်စစ်ကိစ္စ ဖြစ်နေတယ်၊လျှပ်စစ်ကိစ္စက လူတွေ အပြောများနေတယ်၊ ပြည်သူတွေ ပွင့်ပွင့်လင်းလင်းသိဖို့လိုတယ်၊ ကိုယ်စားလှယ်တွေ ကလည်း သိချင်တာတွေ မေးနိုင်တယ်ပေါ့” ဟု ဦးခင်မောင်အေးက ဆိုသည်။ ကြားနာပွဲတွင် တိုင်းအဆင့် ဌာနဆိုင်ရာများ၊ လွှတ်တော်မှ ဖွဲ့စည်းထားသည့် သက်ဆိုင်ရာအဖွဲ့အစည်းများ၊လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်မည်ဟုဆိုပြီး သက်ဆိုင်ရာ လျှပ်စစ် ဝန်ကြီး တက်ရောက်မည်မဟုတ်ဆိုသည်။သို့သော် ပြင်ပမှ လေ့လာသူများတက်ရောက်ခွင့်မပြုပေ။တနင်္သာရီတိုင်းလျှပ်စစ်အရေးဆောင်းပါးများ အစဉ်တစိုက် ရေးသားနေသည့် ဒေါက်တာဝင်းထိန်က လျှပ်စစ်ကိစ္စတွင် ရေရှည် မည်သည့်လမ်းကြောင်းဖြင့် သွားမည်ဆိုသည်ကို ကိုယ်စားလှယ်များမှ မေးမြန်းသင့်သည်ဟု ဆိုသည်။

နိုင်ငံတော်မှ လျှပ်စစ်စီမံကိန်းချမှတ်ထားပြီးဖြစ်သော်လည်း ယင်းစီမံကိန်းမှာ အချိန်ကြာဦးမည်ဖြစ်သည့်အတွက် ဒေသအတွင်း၌ လျှပ်စစ်ဖူလုံရန်မည်သို့ လုပ်ဆောင်ရမည်ကို အစီအစဉ်တိတိကျကျ ချမှတ်သင့်ကြောင်း ဒေါက်တာဝင်းထိန်က ထောက်ပြသည်။” နိုင်ငံတော် စီမံချက် ကို ဒီအတိုင်းထိုင်စောင့်မလားပေါ့၊ လာသည် မလာသည်တစ်ပိုင်းထား ထိုင်စောင့်တာချင်းတူရင် တိုင်းထဲမှာ ဘာတွေ လုပ်ထားရမယ် ဘယ်လမ်းကြောင်းနဲ့ သွားမယ်ဆိုတာမျိုး ဆွေးနွေးမေးမြန်းသင့်တယ်” ဟု ၎င်းက ပြောသည်။

တိုင်းအတွင်း လျှပ်စစ်အရင်းမြစ်အနေအထားမှာ ရေ အား၊ ဆိုလာ၊ ဂက်စ် ၊ ဒီဇယ်စသဖြင့် မရေမရာ ဖြစ်နေပြီး နောက်ဆုံးတွင် ဒီဇယ်သံသရာမှ ထွက်မရဖြစ်နေသည်ဟု ဒေါက်တာ ဝင်းထိန်က ထောက်ပြသည်။တနင်္သာရီတိုင်းတွင် လျှပ်စစ် တစ်ယူနစ်ကို ကျပ် ၃၀၀ ဝန်းကျင်မှ ကျပ်၇၀၀ ဝန်းအထိ ပေးဆောင်နေရပြီး ထားဝယ်ခရိုင် သဘာဝဓာတ်ငွေ့ မီးလိုင်းမှာထုတ်လုပ်အားထက် အသုံးပြုအားများသဖြင့် အလှည့်ကျ မီးဖြတ်တောက်နေသည်။

လျှပ်စစ်ကိစ္စအပြင် ပညာရေးကိစ္စကိုလည်း ကြားနာမည်ဟုဆိုသည်။သို့သော် ပညာရေးကဏ္ဍရှိ မည်သို့သော ကိစ္စရပ်များကိုကြားနာမည်ကို မသိရပေ။