အဂတိလိုက်စားမှုကြောင့် လျှပ်စစ် ဈေးပိုကြီးဟုဆို

0
552

အမျိုးမျိုးသော အဂတိ လိုက်စားမှု များကြောင့် ထားဝယ်ခရိုင်အတွင်း လက်ရှိ ဖြန့်ဖြူးနေသည့် လျှပ်စစ်မီးကို ရှိသင့်သည်ထက် ပိုပေးနေရကြောင်း တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောကြားလိုက်သည်။

လက်ရှိသုံးစွဲနေသည့် လျှပ်စစ်မီး ကို တစ်ယူနစ်လျှင် ၂၅၀ ကျပ်ခန့်ဖြင့် ပေးနိုင်သော်လည်း အဂတိ လိုက်စား မှုများ ကြောင့် ၃၀၀ ကျပ် ပေးနေရပြီး ယင်းထက်ဈေးလျော့နည်းစေရန် အတိုက် အခံလုပ်ပြီးကြိုးစားခဲ့ရကြောင်း တိုင်း ဒေသကြီး ဝန်ကြီးချုပ်က ဆိုသည်။ထားဝယ်မြို့ ဇေယျာထက်စံ ဟိုတယ် တွင် မေလ ၆ ရက်နေ့က ပြုလုပ်သည့် လူငယ်၊ အလုပ်အကိုင်နှင့် စီးပွားရေး အခွင့်အလမ်းအတွက်” သမုဒ္ဒရာ ဝမ်း တစ်ထွာ” အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနား မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ထားဝယ်ခရိုင်အတွက် သဘာဝ ဓာတ်ငွေ့ဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ပေးသည့် ကိစ္စတွင် သဘာဝ ဓာတ်ငွေ့ စယူသည့် နေရာမှစ၍ ဖြန့်ဖြူးရေးပိုင်း အထိ လာဘ်စားမှုများရှိကြောင်း ဝန်ကြီး ချုပ်က ဆိုသည်။

” ကျွန်မတို့အခု မကွေးတိုင်းမှာ ဖြစ်သလိုမျိုးပဲ ကျွန်မတို့ တနင်္သာရီ တိုင်း မှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် သေသေ ချာချာ ပြောလို့မရတဲ့ အကြောင်းအရာ တွေ အများရှိလို့ ကျွန်မတို့အနေနဲ့ အမျိုး သားပြန်လည် သင့်မြတ်ရေးကို ဦးတည် ပြီး ကျွန်မတို့ မပြောခြင်း ဖြစ်ပါတယ်” ဟု တိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့ မော်က ဆိုသည်။ထားဝယ်ခရိုင်ကို လျှပ်စစ်မီးပေးရန် သဘာဝဓာတ်ငွေ့ ရယူချိန်တွင် လာဘ် စားမှုများရှိကြောင်းကို မျက်ကန်း စွပ်စွဲ နေခြင်းမဟုတ်ဘဲ ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင် ထုတ်ဖော်ပြောဆိုခြင်းဖြစ် ကြောင်း ဝန်ကြီးချုပ်က တနင်္သာရီ အပတ် စဉ်ကို ပြောသည်။
ယခင်တိုင်းအစိုးရအဖွဲ့၏ ဝန်ကြီး ချုပ် ဦးမြတ်ကို ကို တနင်္သာရီအပတ်စဉ်က ဆက်သွယ်မေးမြန်းရာ ယင်းကိစ္စနှင့် ပတ်သက်၍ ပြောစရာမရှိကြောင်း ပြန် လည်ဖြေကြားသည်။

” ကိုယ့်ဖက်ကတော့ အကောင်းဆုံး ဖြစ်အောင် လုပ်ခဲ့တာပဲ” ဟု ၎င်းက ပြောသည်။ရှင်းရှင်းလင်းလင်းဖြစ်စေရန် ပုဂ္ဂလိ ကကို လုပ်ပိုင်ခွင့်မပေးဘဲ အများပိုင် ကုမ္ပဏီတစ်ခုကို ခွင့်ပြုပေးခဲ့ခြင်းဖြစ် ကြောင်း ၎င်းက ဆိုသည်။ယင်းကိစ္စနှင့် ပတ်သက်၍ မဟုတ် မှန်ကြောင်းလည်းဝန်ကြီးချုပ် ဦးမြတ်ကို အစိုးရလက်ထက်လျှပ်စစ်ဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးဝင်းဆွေက တုံ့ပြန် ပြောဆိုသည်။

” အဂတိလိုက်စားတယ်ဆိုတာ လူ တွေရဲ့သဘောကပုပ်ရင်ပေါ် လိမ့်မယ်။ ဟုတ်ရင် ကျော်လိမ့်တယ်၊ ဒါအဖြေပဲ၊ ကျန်တဲ့အဆင့်မှာတော့ မသိဘူး၊ တို့အဆင့် မှာတော့ မရှိဘူး၊ ဝန်ကြီးချုပ်လည်း မရှိဘူး” ဟု ၎င်းက ပြောသည်။ထားဝယ် ၄ မြို့နယ်ရှိ မီးလင်း ရေးကော်မတီများနှင့် အပတ်စဉ် အစည်း အဝေးများလုပ်ပြီး အကောင်အထည် ဖော်ရသည့်အတွက် ယင်းကဲ့သို့ လာဘ် စားရန် အနေအထားမရှိကြောင်း ၎င်းက ဆိုသည်။

သဘာဝဓာတ်ငွေ့ဖြင့် လျှပ်စစ် ထုတ်ရန် တွက်ချက်ပြီးချိန်တွင် ဒေါ်လာ ဈေး တက်လာသည့်အတွက် တစ်ယူနစ် လျှင် ၃၀၀ ကျပ်အောက် ကျဆင်းစေရန် မလုပ်ဆောင်နိုင်ဘဲ လက်ရှိအစိုးရကို လွှဲပေးခဲ့ရကြောင်းဦးဝင်းဆွေက ပြော သည်။လျှပ်စစ်နှင့်ပတ်သက်၍ ဆောင်း ပါးများ အစဉ်တစ်စိုက် ရေးသားနေသော ဆောင်းပါးရှင် ဒေါက်တာဝင်းထိန်ကမူ တစ်ယူနစ် ဈေးနှုန်း ကျပ်၃၀၀ အောက် လျှော့ချမရခြင်းမှာ အဂတိလိုက်စားမှု ကြောင့် မဖြစ်နိုင်ဟု ပြောသည်။
” (တစ်ယူနစ်) ၃၀၀ ဖြစ်နေရတာ ကတော့ လာဘ်စားမှုကြောင့် မဟုတ်ဘူး၊ နည်းစနစ်ပိုင်းကြောင့်ဖြစ်တာ၊ စီမံခန့်ခွဲ မှုအပိုင်းကြောင့်ဖြစ်တာ” ဒေါက်တာ ဝင်းထိန်က ပြောသည်။

သဘာဝဓာတ်ငွေ့လိုင်း စတင်စဉ် ပင် တစ်ယူနစ် ကျပ် ၂၀၀ ခန့်သာ ကျနိုင် မည်ဟု တွက်ချက်ခဲ့ကြသည်ဟု ဆိုသည်။ သို့သော် ဒီဇယ်မီးစက်ဖြင့် ကူမောင်း ပေးရခြင်းအပြင် အခြားအသုံး စရိတ် များလည်း ရှိနေသည့်အတွက် ထိုစဉ် ကတည်းက ၃၀၀ ကျပ်အောက် ဈေး လျော့မရခြင်း ဖြစ်နိုင်ကြောင်း ဒေါက်တာ ဝင်းထိန်က ထောက်ပြသည်။လက်ရှိတွင် လာမည့် ဇွန်လလယ် ခန့်မှစကာ လျှပ်စစ်တစ်ယူနစ်ကို ငွေကျပ် ၂၁၀ ဝန်းကျင်ဖြင့် ဖြန့်ဖြူး ပေးနိုင်ရန်ကြိုးစားဆောင်ရွက် နေကြောင်း ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်က ကတိပြုထားသည်။

လက်ရှိ ထားဝယ်ခရိုင်တွင် လျှပ်စစ်ထုတ်လုပ်နေသော ကုမ္ပဏီမှာ ဇွန်လတွင် သက်တမ်းကုန်မည်ဖြစ်သည်။ ထိုကြောင့် တင်ဒါအသစ်ခေါ်ပြီး လျှပ်စစ် တစ်ယူနစ် ၁၃၀ ကျပ်ဖြင့် စက် ရုံမှထုတ်ပေးနိုင်မည်ဟုဆိုသည့် Global Grand ကုမ္ပဏီကို တိုင်းဒေသကြီး အစိုးရ အဖွဲ့က တင်ဒါပေးခဲ့သည်။

ထိုထုတ်ဈေးကို ဖြန့်ဖြူးရေး စရိတ် နှင့် ထည့်ပေါင်းလိုက်ပါက ၂၀၀ ကျပ် (သို့) ၂၁၀ ကျပ်နှုန်းဖြင့် ပြည်သူများ သုံးစွဲနိုင်မည်ဟု အစိုးရဆိုထားသည်။
မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ရရှိ နေသော လျှပ်စစ်ဈေးနှုန်း ရရှိရန် ပြည် ထောင်စု အစိုးရအဖွဲ့၏ ပံ့ပိုးမှုလို အပ် ကြောင်း ဒေါက်တာလဲ့လဲ့မော်က ပြောဆို ဖူးသည်။