မွန်တွင် သင်္ကြန်ကာလအတွင်း ယာဉ်မတော်တဆမှုကြောင့် အများဆုံး သေဆုံး

0
445

မွန်ပြည်နယ်တွင် သင်္ကြန်ကာလအတွင်း ယာဉ်မတော်တဆမှု ၂၂ မှုပွားခဲ့ပြီး ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၁၂ ဦးထိရှိသည်ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ထို့အပြင် သေမှုသေခင်းကြောင့် ၅ ဦး သေဆုံးခဲ့ပြီး၊ ယာဉ်တိုက်မှုကြောင့် ၄၆ ဦး၊ နာကျင်စေမှုကြောင့် ၁၉ ဦးနှင့် ကျန်အခြား မှုကြောင့် ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိသည်။

ယင်းကာလအတွင်း မှုခင်းပေါင်း ၄၉ မှုဖြစ်ပွားခဲ့သည်။

“ဒီနှစ်က မနှစ်ကထက် စည်းကမ်း ပိုရှိပါတယ်၊ စည်းကမ်းဖောက်ဖျက်တာတို့ တဖွဲ့နဲ့တဖွဲ့ ရိုက်တာ နှက်တာတို့ ဒါမျိုးတွေ လျော့ကျသွားတယ်”ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဘိုဘိုဦးက ပြောသည်။

ယမန်နှစ်ကထက် မှုခင်းဖြစ်ပွားမှုများသော်လည်း သေဆုံးသူ လျော့နည်းသွားကြောင်း ၄င်းက ပြောသည်။

၂၀၁၆ ခုနှစ် မွန်ပြည်နယ် သင်္ကြန်ကာလတွင် မှုခင်း ၄၁ မှုဖြစ်ပွားခဲ့ပြီး ၂၄ ဦးသေဆုံးက အယောက် ၅၀ ထိခိုက်ဒဏ်ရာ ရရှိ သည်ဟု ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးရှိ စာရင်းအရ သိရသည်။

“ဒီနှစ်သင်္ကြန်ကတော့ အေးအေးဆေးဆေးပဲလို့ ပြောလို့ရတယ်၊ ခါတိုင်းနှစ်လို ရမ်းကားတာတွေလည်း လျော့နည်းလာတယ်၊ ရန်ဖြစ်တာတွေလည်း မတွေ့ရဘူး၊ အဖြစ်များတာက နှစ်ဆန်း ၁ ရက်နေ့ပေါ့ နောက်ဆုံးနေ့ဆိုတော့ အပြတ် ကစားကြတယ်လေ ဒါပေမယ့် အဲနေ့လည်း ဘာမှဖြစ်တာ မတွေ့ရဘူး”ဟု နှစ်ဆန်း ၁ ရက်နေ့ ရေကစားထွက်သည့် မုဒုံမြို့ခံ လူငယ် မင်းဇာနည်က ပြောသည်။

သင်္ကြန်ကာလအတွင်း ဖြစ်ပွားသည့် မှုခင်း ၄၉ မှုမှာ မုဒိန်းမှု ၁ မှု၊ ခိုးမှု(ရိုးရိုး) ၁ မှု၊ ယာဉ်တိုက်မှု ၂၂ မှု၊ နာကျင်စေမှု ၄ မှု၊ ကျန်အခြားအမှု ၁၃ မှု၊ လက်နက်မှု ၂ မှု၊ ခိုးမှု/ခါးပိုက်နှိုက် မသင်္ကာမှု ၁ မှုနှင့် သေမှုသေခင်း ၅ မှု တို့ ဖြစ်သည်။